/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တုပ်ကွေးရောဂါ-မိမိအိမ်မှာ-ကာကွယ်ပါ

တုပ်ကွေးရောဂါ မိမိအိမ်မှာ ကာကွယ်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိသားစု၀င်တစ်ယောက်မှာ တုပ်ကွေးဖြစ်ပြီဆိုရင် သတိမထားမိခင်မှာပဲ တခြားသူတွေကိုလည်း ကူးစက်ပြီးနေပါပြီ။ တုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးတွေက ရောဂါလက္ခဏာမပေါ်ခင်ကနေပြီး ပေါ်ပြီး တစ်ပတ်လောက်ထိ အခြားသူတွေကို ကူးစက်နိုင်ပါတယ်။ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းအချို့ကို အိမ်မှာ ကျင့်သုံးခြင်းအားဖြင့် တုပ်ကွေးကူးစက်မှုကို ကာကွယ်နိုင်ပြီး မိသားစုတွေကို ကျန်းမာစေနိုင်ပါတယ်။

1.      နှာချေ၊ ချောင်းဆိုးလျှင် ဖုံးအုပ်ထားပါ။

          ပါးစပ်နှင့် နှာခေါင်းမှထွက်သော အစက်ငယ်များမှတစ်ဆင့် တုပ်ကွေးရောဂါပိုးများ ပျံ့နှံ့နိုင်တဲ့အတွက် နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူးနှင့် အုပ်ပြီးဆိုးပါ။ တစ်ရှူးကို အမှိုက်ပုံးထဲကို ချက်ချင်းပစ်ပြီး လက်သေချာဆေးဖို့ မမေ့ပါနှင့်။ တစ်ရှူးမရှိပါက တံတောင်ကွေးဖြင့် အုပ်ပြီး ဆိုးပါ။

2.      မျက်လုံးများ၊ ပါးစပ်၊ နှာခေါင်းတို့ကို ထိတွေ့ကိုင်တွယ်ခြင်း မပြုပါနှင့်။

          တုပ်ကွေးရောဂါပိုးတွေက မာကြောတဲ့မျက်နှာပြင်တွေပေါ်မှာ 2 နာရီကြာထိ အသက်ရှင်နေနိုင်တဲ့အတွက် ကျွန်ုပ်တို့ သတိမထားမိခင်မှာပဲ ဒီရောဂါပိုးတွေကို ကောက်ယူပြီး ဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ တံခါးလက်ကိုင်ဘု (သို့) မီးခလုတ်တွေကို ထိတွေ့ပြီးနောက် မျက်လုံးကို ပွတ်သပ်မိလျှင် (သို့) လက်သည်းကိုက်မိတယ်ဆိုရင် ရောဂါကူးစက်နိုင်ပါတယ်။ လက်နှင့် မျက်နှာကို မထိတွေ့အောင် နေရတာက အထူးသဖြင့် ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ်။ ကလေးတွေနှင့် ကိုယ် ကိုယ်တိုင်ကို မကြာခဏ သတိပေးနေပါ။

3.      လက်ကို မကြာခဏ ဆေးကြောပါ။

          လက်ဆေးတဲ့အခါမှာ အောက်ပါအချက်တွေကို လိုက်နာပါ။

(1)      လက်ကို ရေနွေးနွေးအောက်မှာ ခံထားပါ။

(2)      ဆပ်ပြာတိုက်ပါ။

(3)      အနည်းဆုံး 20 စက္ကန့်လောက်ကြာအောင် ပွတ်တိုက်ပါ။

(4)      သေချာစွာ ဆေးပြီး အခြောက်ခံပါ။

          လက်ဆေးဖို့ အဆင်မပြေလျှင် အရက်ပြန် ပါ၀င်သော လက်သန့်ရှင်းဆေးရည် အသုံးပြုနိုင်ပါတယ်။ လက်သန့်ရှင်းဆေးရည်မှာ အနည်းဆုံး အရက်ပြန် 60% ခန့် ပါ၀င်သင့်ပြီး ဒါက ရေဆေးတာနဲ့တော့ အစားထိုးလို့ မရပါဘူး။

          ကလေးတွေကို -

•        အိမ်သာတက်ပြီးတိုင်း

•        အစာ မစားမီ

•        ကျောင်းမှ အိမ်သို့ ပြန်ရောက်လျှင် (သို့) ကစားရာမှ ပြန်လာတိုင်း လက်ဆေးဖို့ သတိပေးပါ။

          လက်ဆေးဖို့ မမေ့ဖို့အတွက် သတိပေးတဲ့စာရွက်တွေကို ဘေစင်တွေမှာ ကပ်ထားခြင်းက လေးတွေနဲ့ မေ့တတ်သူတွေအတွက် အထောက်အကူ ရစေပါတယ်။

4.      နေမကောင်းတဲ့ မိသားစု၀င်နဲ့ ထိတွေ့မှုကို ကန့်သတ်ထားပါ။

          မိသားစုထဲက တစ်ယောက်ယောက် တုပ်ကွေးဖြစ်ပါက ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် အောက်အချက်တွေကို လိုက်နာပါ။

•        နေမကောင်းတဲ့သူကို အိမ်မှာပဲ အနားယူခိုင်းပါ။

•        နေမကောင်းတဲ့သူနဲ့ အခြားမိသားစု၀င်တွေ ထိတွေ့မှုကို တတ်နိုင်သမျှ ကန့်သတ်ထားပါ။ ကူးစက်နိုင်ချိန်က လက္ခဏာပြပြီး တစ်ပတ်လောက်အထိ ကူးစက်နိုင်ပါတယ်။

•        ဖြစ်နိုင်ရင် အိပ်ရာနေရာတွေပါ ပြောင်းလဲပါ။

5.      နေမကောင်းတဲ့သူနဲ့ အောက်ပါအရာတွေကို မျှေ၀သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။

•        လျှော်စရာအ၀တ်များ

•        တဘက်

•        ပန်းကန်

•        အရုပ်

•        အခြား အသုံးအဆောင်ပစ္စည်းများ

6.      အိမ်သန့်ရှင်းရေးလုပ်ပါ။

          တုပ်ကွေးရောဂါပိုးတွေ ကြိုက်တဲ့၊ အနေများတဲ့ နေရာတွေကတော့ -

•        မီးဖိုချောင်မှ ရေမြှုပ်များ၊ ပန်းကန်ဆေးအ၀တ်

•        စဉ်းတီတုံး

•        စားပွဲများ

•        ကြမ်းပြင်

•        ဘေစင်

•        ရေအိမ်

          ဒီနေရာတွေကို သန့်ရှင်းရေး ပုံမှန်လုပ်ပါ။ အိမ်ရှိလူ တစ်ယောက်ယောက် တုပ်ကွေးဖြစ်ပါက သူတို့ပစ္စည်းတွေကို အထူးဂရုစိုက်ပြီး ဆေးကြော လျှော်ဖွပ်သန့်စင်ပါ။

7.      ကျန်းမာရေးနဲ့ ညီညွတ်သော အမူအကျင့်များကို ကျင့်သုံးပါ။

          အောက်ပါအချက်တွေက ကိုယ်ခံအား ကောင်းစေပြီး တုပ်ကွေးရာသီမှာ မိသားစု၀င်တွေကို ကျန်းမာစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

•        အိပ်ရေး၀၀အိပ်ပါ။

•        ဟင်းသီးဟင်းရွက်၊ သစ်သီးများများနှင့်အတူ ကောင်းကောင်းစားပါ။

•        အရည်များများ သောက်ပါ။

•        လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

•        စိတ်ဖိစီးမှုများကို ကောင်းကောင်းစီမံခန့်ခွဲပါ။

>>    သိမှတ်စရာများ

•        တုပ်ကွေး မပျံ့စေဖို့ အရေးကြီးဆုံး တစ်ခုတည်းသောအရာက ကာကွယ်ဆေး ထိုးထားခြင်းပဲ ဖြစ်ပါတယ်။

•        တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အိမ်ကို မကြာခဏ သန့်ရှင်းရေး ပြုလုပ်ခြင်းကလည်း တုပ်ကွေးရောဂါပိုးတွေ ကင်းေ၀းစေပါတယ်။

•        မိသားစု၀င် တစ်ယောက်ယောက် တုပ်ကွေးဖြစ်ရင် နေမကောင်းတဲ့သူကို အိမ်မှာပဲ ထားပါ။ အိမ်ကို သန့်ရှင်းစွာ ထားပါ။ နေမကောင်းတဲ့သူနဲ့ တတ်နိုင်သမျှ ထိတွေ့မှုကို ကန့်သတ်ထားပါ။

8.      ကာကွယ်ဆေး ထိုးထားပါ။

          တုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော အရေးကြီးတဲ့နည်းလမ်းကတော့ ကာကွယ်ဆေး ထိုးထားခြင်းပဲ ဖြစ်ပါတယ်။ ယခုအခါမှာ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး အဓိက အမျိုးအစား (4) မျိုး ရှိပါတယ်။

>>    တုပ်ကွေးကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုးတွေ ရှိပါသလား?

          အချို့သောသူတွေမှာ တုပ်ကွေးကာကွယ်ဆေး ထိုးပြီးနောက် ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆေးထိုးသောနေရာတွင် နာကျင်ခြင်း စတဲ့ လက္ခဏာ အပျော့စားလေးတွေ ခံစားရနိုင်ပါတယ်။ ဒီရောဂါလက္ခဏာတွေက အပျော့စားပဲဖြစ်ပြီးတော့ တစ်ရက်၊ နှစ်ရက် ကြာရင် ပြန်ပျောက်သွားလေ့ ရှိပါတယ်။ ပြဒါး (သို့) ကြက်ဥနှင့် ဓာတ်မတည့်လျှင် (သို့) အရင်က ကာကွယ်ဆေးထိုးခြင်းကြောင့် မကောင်းတဲ့တုံ့ပြန်မှု ရှိခဲ့ဖူးရင် ကာကွယ်ဆေး မထိုးခင်မှာ ဆရာ၀န်ကို ပြောပြပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)





















































Dr. Mya Myo Myo Swe (www.drmyanmar.com)