တုပ်ကွေးရောဂါ မြန်မြန်သက်သာစေဖို့ ...
မိုးရာသီဆိုတာက တုပ်ကွေးရာသီဖြစ်ပြီးတော့ တုပ်ကွေးတွေကလည်း နေရာအနှံ့ပဲ ဖြစ်နေကြပါပြီ။ တုပ်ကွေးဆိုတာကလည်း အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးပြီးတော့ ကူးစက်နှုန်းကလည်း မြန်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆို လက္ခဏာတွေက တစ်ပတ်လောက်ကြာပြီးတော့ စဖြစ်ကာစ ၂ ရက် ၃ ရက်မှာတော့ အဆိုးဆုံးပါပဲ။ တုပ်ကွေးဖြစ်ပြီး ပြန်ကောင်းလာပြန်တော့လည်း ပင်ပန်းနွမ်းနယ်၊ အားနည်း၊ ချောင်းတွေဆိုးပြီး ကျန်ခဲ့တတ်ပါတယ်။
တုပ်ကွေးဖြစ်ပြီဆိုရင် မြန်မြန်ပြန်ကောင်းဖို့အတွက် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။
1. အိမ်မှာပဲ အနားယူပါ။
တုပ်ကွေးဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်ကနေ ပြန်တိုက်ထုတ်နိုင်ဖို့အတွက် အချိန်နဲ့ အင်အားလိုပါတယ်။ ဒီတော့ အလုပ်တွေ ခဏနားပြီး အိမ်မှာပဲအနားယူပါ။
အဝတ်လျှော်တာ၊ ဈေးဝယ်တာတွေလည်း မလုပ်ပါနဲ့ဦး။ နေကောင်းတဲ့အထိ ပြည့်ပြည့်ဝဝ အနားယူပါ။ အိမ်မှာနေတော့ တခြားသူတွေကို တုပ်ကွေး ကူးတာကိုလည်း ကာကွယ်နိုင်ပါတယ်။ တုပ်ကွေးက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာတော့ အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်တဲ့အတွက်ကြောင့် သူတို့နဲ့ ဝေးဝေးနေဖို့ အရေးကြီးပါတယ်။
2. အရည်များများ သောက်ပါ။
တုပ်ကွေးရဲ့လက္ခဏာတစ်ခုက ကိုယ်ပူကြီးပြီးတော့ ချေွးတွေထွက်တာပါ။ ပြီးတော့ အန်တာ၊ ဝမ်းလျှောတာတွေကနေပြီးတော့ ရေဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီလိုတွေကနေ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် အရည်များများ သောက်ပေးဖို့ အရေးကြီးပါတယ်။
ရေက အကောင်းဆုံး ဆိုပေမယ့်လည်း ဆေးဖက်ဝင်လက်ဖက်ရည်တွေ၊ လက်ဖက်ရည်နဲ့ ပျားရည်အရော စတာတွေ သောက်ပေးလို့ ရပါတယ်။ အရက်နဲ့ ကဖင်းတော့ ရှောင်ဖို့လိုပါတယ်။
3. အိပ်နိုင်သမျှ အိပ်ပါ။
တုပ်ကွေးကို တိုက်ဖျက်နေရတဲ့အချိန်မှာ အိပ်စက်ခြင်းက ခန္ဓာကိုယ်အတွက် အကောင်းဆုံးဆေးပါပဲ။ ဆိုဖာလေးပေါ်မှာလှဲပြီး TV ကြည့်နေတာကလည်း မဆိုးပေမယ့် ဇာတ်ကားကောင်းလို့ တစ်ညလုံး ထိုင်ကြည့်နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။
ပုံမှန်အိပ်ချိန်ထက် ပိုပြီးစောစောအိပ်ရာဝင်ပါ။ မြန်မြန်နေပြန်ကောင်းစေဖို့အတွက် နေ့လယ်ဘက်တွေမှာလည်း အိပ်စက်အနားယူပါ။ အနားယူတာ၊ အိပ်စက်တာတွေက တုပ်ကွေးရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။
4. အသက်ရှူရတာကို သက်သောင့်သက်သာ ဖြစ်ပါစေ။
ချောင်းဆိုး၊ နှာပိတ်နေရင် အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတော့ အသက်ရှူရလွယ်ပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ။
● ခေါင်းထောင်လာစေဖို့နဲ့ နှာခေါင်းရဲ့ အခေါင်းပေါက်တွေမှာ ပိနေတဲ့ဖိအားတွေကို သက်သာစေဖို့ ခေါင်းအောက်မှာ ခေါင်းအုံးထပ်ပြီး ခံအိပ်ပါ။
● အခန်းထဲမှာ humidifier/ vaporizer ဖွင့်အိပ်ပါ။
● အိပ်ရာမဝင်ခင်မှာ ရေနွေးနွေးလေးနဲ့ ချိုးအိပ်ပါ။
5. ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးပါ။
ရေခဲမုန့်တွေ၊ အာလူးကြော်တွေ စားချင်စိတ် ဖြစ်တတ်ပေမယ့်လည်း ခန္ဓာကိုယ်အတွက်တော့ အာဟာရဓာတ် ပိုပြီးကောင်းကောင်း လိုပါတယ်။
လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေပြီးတော့ အရေးကြီးတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေရပြီးတော့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ နေမကောင်းတဲ့အချိန်မှာ အစာစားချင်စိတ် မရှိပေမယ့်လည်း အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကြိုးစားပြီး ပုံမှန်လေးစားပေးဖို့ အရေးကြီးပါတယ်။
6. လေထုစိုစွတ်မှုရှိဖို့လည်း လိုပါတယ်။
ခြောက်သွေ့တဲ့လေထုကြောင့် ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။ ဒီတော့ humidifier/ vaporizer တွေ ဖွင့်အိပ်ပါ။
7. ဆေးသောက်ပါ။
ကိုယ်ခံစားနေရတဲ့လက္ခဏာတွေ သက်သာစေဖို့အတွက် ဆေးသောက်ပေးပါ။ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေး၊ နှာစေးတာအတွက် နှာစေးပျောက်ဆေးဆိုပြီး သပ်သပ်စီ သောက်လို့ရသလို တုပ်ကွေးလက္ခဏာတွေအတွက် ပေါင်းထုတ်ထားတဲ့ဆေးတွေလည်း ရှိပါတယ်။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။
● အကိုက်အခဲပျောက်ဆေးတွေက ကိုယ်ပူ၊ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲတာတွေကို ပျောက်စေပါတယ်။ (eg. ibuprofen, acetaminophen)
● နှာစေး၊ နှာပိတ်ပျောက်ဆေးက နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။
● ချောင်းဆိုးပျောက်ဆေး - dextromethorphan စတဲ့ ဆေးတွေက ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။
● ချွဲပျော်ဆေးက ချွဲတွေကို ပျော်စေပြီးတော့ အပြင်ကို ချွဲထွက်စေပါတယ်။
ဆေးအညွှန်းကို သေချာဖတ်ပြီးတော့ ညွှန်ကြားတဲ့အတိုင်းသောက်ဖို့တော့ အရေးကြီးပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာတော့ တုပ်ကွေးအတွက် aspirin ဆေးကို ဘယ်တော့မှ မတိုက်သင့်ပါဘူး။ Reye’s syndrome လို့ခေါ်တဲ့ ပြင်းထန်တဲ့အခြေအနေကို ဖြစ်နိုင်ချေများလိုပါ။
8. ချောင်းဆိုးသက်သာစေဖို့အတွက် ပျားရည်သောက်ပေးပါ။
ပျားရည်က လည်ချောင်းနာ၊ ချောင်းဆိုးတာတွေကို သက်သာစေတဲ့ သဘာဝဆေးနည်းတစ်မျိုးပါ။ ပျားရည်ကို ရေနွေးလေးနဲ့ရောပြီးတော့ သောက်ခြင်းက တုပ်ကွေးလက္ခဏာတွေကို သက်သာစေနိုင်သလို ရေဓာတ်ကိုလည်း ပြည့်ဝနေစေနိုင်ပါတယ်။ လေ့လာမှုတွေအရ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းပိုးဝင်တဲ့ အသက် ၂-၁၈ နှစ်အရွယ် ကလေးတွေအတွက် ပျားရည်က တခြားအသုံးများတဲ့ ချောင်းဆိုးပျောက်ဆေးတွေထက်စာရင် ညဘက်တွေ ချောင်းဆိုးတာကို ပိုသက်သာစေတာကို တွေ့ရှိရပါတယ်။ မှတ်ထားရမယ့် အချက်တစ်ချက်ကတော့ အသက် ၁ နှစ်အောက်ကလေးငယ်တွေကို ပျားရည် လုံးဝမတိုက်သင့်ပါဘူး။
9. ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ပါ။
ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်လို့ရပါတယ်၊ ဒီဆေးတွေက တုပ်ကွေးကြောင့် နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ချေများတဲ့သူတွေမှာပဲ သောက်သင့်တာပါ။ ဒီဆေးတွေက ဗိုင်းရပ်စ်ပိုးတွေ ကြီးထွားပွားများတာကို ကာကွယ်ပြီးတော့ ရောဂါလက္ခဏာစပြီးပြီး ၄၈ နာရီအတွင်းဆို အကောင်းဆုံးပါပဲ။
● အသက် ၅ နှစ်အောက်ကလေးငယ်တွေ
● အသက် ၁၈ နှစ်အောက် aspirin- or salicylate ပါတဲ့ ဆေးသောက်နေရသူတွေ
● အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ
● ကိုယ်ဝန်ဆောင်မိခင်တွေ (သို့) ကလေးမွေးထားတာ ၂ပတ်ပဲရှိသေးတဲ့သူတွေ
● နာတာရှည်ရောဂါရှိသူတွေ (သို့) ကိုယ်ခံအားကျစေတဲ့ဆေး သောက်နေရသူတွေ
● ဘိုးဘွားရိပ်သာမှာ နေရသူတွေ
● အဝလွန်သူတွေ (BMI အနည်းဆုံး ၄၀ ရှိသူများ) စတဲ့သူတွေမှာ တုပ်ကွေးဖြစ်ရင် ဆရာဝန်ပြပြီး ဗိုင်းရပ်စ်ပိုးသတ်ဆေးပေးဖို့ ပြောပါ။
10. တုပ်ကွေးကာကွယ်ဆေး ထိုးပါ။
နှစ်စဉ်အဖြစ်များတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေအတွက် တုပ်ကွေးကာကွယ်ဆေးတွေ ထွက်ပါတယ်။ တစ်ခါတလေတော့လည်း မှားတတ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးတိုင်းကိုတော့ မကာကွယ်နိုင်ပါဘူး။
11. အကောင်းမြင်စိတ် မွေးပါ။
ကိုယ့်ရဲ့ခံစားချက်တွေ စိတ်နေစိတ်ထားတွေက ခန္ဓာကိုယ်အပေါ်မှာပါလာပြီး သက်ရောက်မှုရှိတတ်တာကို မကြာခဏ မေ့နေတတ်ပါတယ်။ ဒီတော့ နေမကောင်းတဲ့အချိန်မှာ စိတ်ကောင်းကောင်းထားပြီး အကောင်းမြင်စိတ် မွေးတာကလည်း မြန်မြန်ပြန်ကောင်းလာဖို့ကို အထောက်အကူ ပြုနိုင်ပါတယ်။
အကျဉ်းချုပ်အနေနဲ့ ပြောချင်တာကတော့ တုပ်ကွေးဖြစ်ပြီဆိုရင် အနားယူပါ။ အိပ်စက်ပါ။ အရည်များများ သောက်ပါ။
တုပ်ကွေးလက္ခဏာ အများစုကတော့ တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ပြန်ကောင်းတာ များပါတယ်။ တုပ်ကွေးဖြစ်ပြီး ပြန်ကောင်းစပြုလာပြီးမှ မြန်မြန်ကြီး ပြန်ဆိုးသွားရင် (သို့) ၂ ပတ်ကြာပြီးတဲ့အထိ မပျောက်ရင်တော့ ဆေးခန်းသွားပြသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















