ဒူးနာနေရင် ဒါတွေကို လုပ်ကြည့်ပါ
လောလောလတ်လတ် ထိခိုက်မိလို့ ဒူးနာတာပဲဖြစ်ဖြစ်၊ အဆစ်အမြစ်ရောင်လို့ နာတာရှည် ဒူးနာနေရင်ပဲဖြစ်ဖြစ် ဒူးနာ သက်သာစေဖို့ ဒါတွေ လုပ်ကြည့်ပါ။
1. လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးကျန်းမာစေတဲ့ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်း လေ့ကျင့်ခန်းနဲ့ အကြောလျှော့ လေ့ကျင့်ခန်းတွေက ဒူးခေါင်းကြွက်သားတွေကို သန်မာစေပြီး ကွေးဆန့်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ တိုက်ချိကစားခြင်းက တောင့်တင်းမှုတွေကို သက်သာစေပြီး ဟန်ချက်ညီစေပါတယ်။
2. အနားယူခြင်း၊ ရေခဲဝတ် ကပ်ပေးခြင်း၊ ခြေထောက် မြှင့်ထားခြင်းတွေက ဒူးနာ သက်သာစေပါတယ်။ ဒါကြောင့် ဒူးခေါင်းကို ငြိမ်ငြိမ်ထားပြီး အရောင်သက်သာစေဖို့အတွက် ရေခဲဝတ် ကပ်ပေးခြင်း၊ ကြုံ့ဆန့်နိုင်စွမ်းရှိတဲ့ ပတ်တီးစည်းပေးထားခြင်းနဲ့ ဒူးခေါင်းကို မြှောက်ထားခြင်းတွေ လုပ်ပေးပါ။
3. အပ်စိုက်ကုသနိုင်ပါတယ်။ တရုတ်ရိုးရာ အပ်စိုက်ကုသခြင်းက နာကျင်မှု တော်တော်များများကို သက်သာစေပြီး ဒူးနာတာကိုလည်း သက်သာစေနိုင်ပါတယ်။
4. အပူအအေး လိုသလို အသုံးချပါ။ ဒူးခေါင်း ထိခိုက်ဒဏ်ရာရပြီး ပထမ 48-72 နာရီအတွင်းမှာဆိုရင် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်း သက်သာစေဖို့ ရေခဲဝတ် ကပ်ပေးပါ။ တစ်ခါကပ်ရင် 15-20 မိနစ်ခန့် တစ်နေ့ကို 3-4 ကြိမ် ကပ်ပေးပါ။ အရေပြားကို မထိခိုက်စေဖို့ ရေခဲဘူးကို ပဝါနဲ့ ပတ်ပြီးမှ ကပ်ပေးပါ။ နောက်ပိုင်းမှာတော့ ရေနွေးအိတ် ကပ်ပေးပါ။ တစ်နေ့ကို 3-4 ကြိမ် တစ်ခါကပ်ရင် 15-20 မိနစ်ခန့် ကပ်ပေးပါ။
5. ဆရာဝန်ရဲ့ အကြံဉာဏ် ရယူပါ။ အခုမှ ဒူးနာတာဆိုရင် ဘာကြောင့်နာတယ်ဆိုတာ သိဖို့ ဆရာဝန် ပြသပြီး ကုသမှု ခံယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















