/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်-အဆုတ်ပွ၊-အဆုတ်ရောင်ရောဂါ-ကုသရာတွင်

နာတာရှည် အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါ ကုသရာတွင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အဆုတ်ထဲရှိ လေအိတ်ငယ်များနဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းပြီး ပျက်စီးလာတဲ့အခါ နာတာရှည် အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပြီး အသက် 45 နှစ်ကျော်မှာ ဖြစ်လေ့ရှိပါတယ်။

          ရောဂါ ရှိ၊ မရှိ သိစေနိုင်ဖို့ အသက်ရှူကိရိယာတစ်မျိုးနဲ့ အားကုန် ရှူသွင်းရှူထုတ်ပြီး အသက်ရှူနိုင်စွမ်းကို စစ်ဆေးစမ်းသပ်ရပါမယ်။

 

>>    ကုသနည်းများကတော့

 

●      ရှူဆေးနဲ့ ဆေးမှုန့်ရှူစက်များ

          ရောဂါအတွက် ပေးတဲ့ရှူဆေးနဲ့ ဆေးမှုန့်ရှူစက်များကို အသုံးပြုနည်း သေချာလေ့လာပြီး စနစ်တကျ အသုံးပြုသင့်ပါတယ်။ ဒီဆေးများကို ရှူပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ကျယ်စေနိုင်ပြီး အသက်ရှူရ လွယ်ကူလာကာ ရောဂါပိုမဆိုးအောင် ထိန်းပေးနိုင်တဲ့အပြင် ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။

 

●      ယာယီသက်သာရှူဆေး

          ရှူဆေး အများအပြားရှိတဲ့အထဲမှ အသုံးများဆုံးဖြစ်တဲ့ albuterol လို့ခေါ်တဲ့ အသက်ရှူချောင် ရှူဆေးဟာ ရောဂါရှိသူတွေမှာ အရေးပေါ် ရင်ချောင်ဆေးအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ ဒီ albuterol ရှူဆေးဟာ ဂေါက်ရှူဆေးအနေနဲ့ လာတတ်တဲ့အပြင် ဆေးမှုန်ရှူဆေးအနေနဲ့လည်း လာတတ်ပါသေးတယ်။

 

●      ပုံမှန်ရှူဆေး

          Salmeterol (serevent) နဲ့ Advair စတဲ့ ရှူဆေးတွေဟာ ရင်ချောင်ဆေး salmeterol နဲ့ စတီးရွိုက် fluticasone နှစ်မျိုး ပေါင်းထားတာပဲ ဖြစ်ပါတယ်။ ဒီရှူဆေးတွေဟာလည်း ပုံမှန်ရှူဆေးအနေနဲ့ 12 နာရီခြားတစ်ခါ ရှူပေးရပါမယ်။

 

●      အသက်ရှူလမ်းကြောင်း ရှင်းလင်းပေးခြင်း

          Tiotropium (Spiriva) လို့ခေါ်တဲ့ ရင်ချောင်ဆေးတွေဟာ အသက်ရှူလမ်းကြောင်းမှာ ချွဲတွေကို ရှင်းလင်းပေးပြီး အသက်ရှူ ချောင်စေနိုင်ပါတယ်။

 

●      အောက်ဆီဂျင်

          ရောဂါပြင်းထန်သူတွေမှာ အောက်ဆီဂျင်ကို အိုးနဲ့ဖြစ်စေ၊ စက်နဲ့ဖြစ်စေ ရှူပေးရပါတယ်။ အောက်ဆီဂျင်ကို ဘယ်လိုရှူပေးရမယ် ဆိုတာဟာ အဆုတ်ရောဂါ အနုအရင့်နဲ့ အသက်ရှူရ ခက်ခဲမှုတို့အပေါ် မူတည်နေပါတယ်။

 

●      အသက်ရှူပုံ

          အသက်ရှူပုံ ပြောင်းလဲခြင်းဖြင့် အသက်ရှူရခက်ခြင်းကို သက်သာစေနိုင်ပါတယ်။ 4 စက္ကန့်ခန့် နှာခေါင်းမှတစ်ဆင့် ရှူပြီး 6 စက္ကန့်မှ 8 စက္ကန့်ခန့်  နှုတ်ခမ်းကို စုကာ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်း ကပ်သွားခြင်းကို ကာကွယ်ပေးနိုင်ပြီး အသက်ရှူခြင်းကို လွယ်ကူစေနိုင်ပါတယ်။

 

●      သင့်တင့်မျှတစွာ စားသုံးခြင်း

          ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်းဖြင့် အဆုတ်ရောဂါကို ကုသနိုင်ပါတယ်။ အဆုတ်ပွရောဂါ ရှိသူတွေဟာ ပိန်ပြီး အာဟာရ ချို့တဲ့နေတတ်ပါတယ်။ ဒါပေမဲ့ အဆုတ်လမ်းကြောင်းငယ် ရောင်သူတွေမှာ အဝလွန်နေတတ်ပါတယ်။ အဝလွန်ခြင်းကြောင့် အဆုတ်ပေါ် ပိုပြီးဒဏ်ဖြစ်စေနိုင်ပါတယ်။

          ဒါကြောင့် အဆုတ်ရောင်၊ အဆုတ်ပွရောဂါ နှစ်မျိုးလုံးမှာ ကျန်းမာရေးနဲ့ သင့်လျော်တဲ့အစားအစာများ စားသုံးပေးသင့်ပါတယ်။

 

●      တုပ်ကွေးကာကွယ်ဆေး

          အဆုတ်ပွ၊ အဆုတ်ရောင် ရောဂါရှိသူတွေမှာ တုပ်ကွေးဝင်တဲ့အခါ အအေးမိ အဆုတ်ရောင်ပြီး ရောဂါ ပိုမိုဆိုးရွားသွားနိုင်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါတယ်။

          ဒါ့အပြင် တုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းဖြင့် ရောဂါဖောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

●        အအေးမိ အဆုတ်ရောင်ရောဂါ

          အဆုတ်ပွ၊ အဆုတ်ရောင် ရောဂါသမားတွေဟာ အအေးမိ အဆုတ်ရောင် မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်များက ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းတတ်ကြပါတယ်။ တစ်ကြိမ်ထိုးရုံဖြင့် လုံလောက်တတ်လေ့ ရှိပေမယ့် အသက် 65 နှစ်ကျော်မှ ထိုးသူတွေမှာ နောက်တစ်ကြိမ်ထိုးဖို့ လိုအပ်တတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)