/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နားပြည်ယိုတဲ့အခါ-ဆောင်ရန်-ရှောင်ရန်

နားပြည်ယိုတဲ့အခါ ဆောင်ရန် ရှောင်ရန်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နားထဲ ရေဝင်ရင် ပိုးဝင်ရင် နောက်ဆက်တွဲအနေနဲ့ နားပြည်ယိုတာ၊ နားရောင်တာတွေ ဆင့်ကဲဖြစ်ပွားလာတတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ နားစည်အပြင်ပိုင်း ရောင်တာလို့ ပြောရမှာပါ။

 

>>    ဘာရောဂါလက္ခဏာတွေ ဖြစ်မလဲ?

●        နားထဲမှာ ယားလာမယ်။

●        နားအတွင်းပိုင်းကို လက်နဲ့ ထိုးထည့်ပြီး ထိကြည့်တာနဲ့ အရမ်းနာမယ်။

●        အပြင်နားရွက်ကို ကိုင်တာ၊ ဆွဲတာမျိုး  လုပ်မိရင်လည်း နာမှာပါ။ နားကိုက်တာကတော့  နည်းနည်းပါးပါးကနေ မခံမရပ်နိုင်တဲ့အထိ ပြင်းပြင်းထန်ထန်လည်း ကိုက်နိုင်ပါတယ်။

●        သိပ်ဆိုးရင် ခေါင်းကို ဟိုဘက်ဒီဘက်လှည့်ရင်ကို နာနေမှာပါပဲ။

●        နားထဲကနေ အရည်ထွက်မယ်၊ အနံဆိုးတဲ့  ပြည်လိုမျိုး ဝါဝါပုပ်ပုပ်အရည်တွေလည်း ထွက်နိုင်တယ်။ 

 

>>    ပထမအနေနဲ့ ...

●        ရောင်မယ်။

●        ရောင်တဲ့နေရာကနေ အရည်စိမ့်ထွက်လာတာမျိုး။ 

●        တစ်ဆင့်တက်ပြီး နားကောင်းကောင်း မကြားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

>>    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?

          အထက်ပါ ရောဂါလက္ခဏာတွေက နားထဲ ပိုးဝင်လို့၊ ရောင်လို့ ဖြစ်တာမို့ ဆရာဝန်နဲ့ သေချာပြသ ဆွေးနွေးရမှာပါ။ လိုအပ်ရင် ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက်ဆေး ကောင်းကောင်းတွေ လိုပါတယ်။  နားကိုက်တာတွေက မခံနိုင်အောင် သိပ်ပြင်းထန်လို့ ဖြစ်ပါတယ်။ ပိုးဝင်တာကို ကုသဖို့ လိုသလို အကိုက်အခဲ သက်သာဖို့လည်း အရောင်ကျဆေး သောက်ရပါမယ်။

 

>>    ရှောင်ရန်လေးတွေ မှတ်ကြဖို့ ...

●        နားထဲကို အရက်ပြန်၊ ဂွမ်း ထိုးမထည့်ပါနဲ့။

●        နားသန့်ဆေးတွေ၊ အုန်းဆီတွေ မထည့်ပါနဲ့။

●        ကလစ်တွေ၊ နားကြပ်တံတွေနဲ့ ကလော်တာ မလုပ်ပါနဲ့။

●        နားကို အပြင်ပိုင်းကို နူးညံ့တဲ့အဝတ်လေးနဲ့ အသာအယာ သန့်ပေးတာကလွဲလို့ အတွင်းကို ထိုးသွင်းတာတွေ မလုပ်ပါနဲ့။

●        နားကြပ်တွေ၊ Earphone တွေကနေ တတ်နိုင်သလောက် ဝေးဝေးနေပါ။

●        နားကိုက်တာကနေတစ်ဆင့် ခေါင်းတရိပ်ရိပ်နဲ့ မူးလာတာ၊ နားအူတာ၊ နားကြားရတာ မရှင်းလင်းဘဲ တစီစီအသံတွေ ဖြစ်လာတတ်ပါတယ်။

 

          နားပြည်ယိုတဲ့အခါ တတ်ကျွမ်းသူဆရာဝန်နဲ့ အတွင်းပိုင်းက ပြည်တွေကို သန့်ရှင်းပြီး ဆေးထည့်ပေးဖို့ လိုတတ်ပါတယ်။ နားအတွင်းပိုင်း သန့်ရှင်းတာကို  ကိုယ့်ဘာသာ မလုပ်ပါနဲ့။ နား၊ နှာခေါင်း ဆရာဝန်ကို သွားရောက်ပြသပါနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)