နို့တိုက်မေမေတွေ ကြုံရတတ်တဲ့ပြဿနာတွေ
>> နို့တင်းခြင်း
ကလေးမွေးပြီး ၂၄-၄၈ နာရီအတွင်းမှာ နို့ရည်တွေ အများကြီး စုနေလို့ ဖြစ်တတ်ပါတယ်။ ဒီအတွက် ကလေး နို့မတိုက်ခင်မှာ နို့ကို ရေနွေးအိတ်လေးနဲ့ ညင်ညင်သာသာလေး ကပ်ပေးပါ။ ဒါမှမဟုတ် နို့ညှစ်တဲ့ပန့်နဲ့ ညှစ်ထုတ်ပေးပါ။ တကယ်လို့ ၂ ရက်နေလို့မှ လက္ခဏာတွေ မသက်သာဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုတယ်နော်။
>> နို့ကြောင်းပိတ်ခြင်း
နို့အုံအတွင်းမှာရှိတဲ့ အချို့နေရာက နို့ရည်ပြွန်လေးတွေပိတ်လို့ ဖြစ်တတ်ပါတယ်။ နို့ကြောင်းပိတ်တဲ့အခါမှာ နို့အုံကြီးက မာခဲလာတတ်သလို၊ နို့ပတ်လည်မှာ အဖုမာမာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကိုလည်း နို့အုံကို ရေနွေးအိတ်လေးနဲ့ ညင်သာစွာ ကပ်ပေးခြင်း၊ ကလေး နို့မတိုက်ခင်မှာ နို့အုံလေးကို ညင်ညင်သာသာလေး နှိပ်နယ်ပေးခြင်း၊ နို့ညှစ်တဲ့ပန့်နဲ့ နို့တွေ ညှစ်ထုတ်ပေးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ ဒီအဖုတွေ၊ မာခဲနေတာတွေကလည်း ၂ ရက်အတွင်း မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြပါနော်။
>> နို့ရောင်ခြင်း
နို့ရည်တွေ ပြည့်လာပြီးတော့ ကျန်နေတဲ့အခါမှာ ဘက်တီးရီးယားပိုး ဝင်ပြီးတော့ ရောင်ရမ်းလာရင် နာကျင်တာ၊ ပူတာ၊ နီလာတာ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။ အမေက ဖျားပြီးတော့ ပင်ပန်းနွမ်းနယ်နေတတ်ပါသေးတယ်။ ဒါကတော့ ဆရာဝန်ကိုပြဖို့ လိုတဲ့အခြေအနေပါ။
>> နို့မှာ ပြည်တည်ခြင်း
နို့ရောင်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပိုးဝင်တဲ့နေရာမှာ ပြည်တွေ ဖြစ်လာပြီးတော့ ပြည်တည်နာ ဖြစ်လာနိုင်ပါတယ်။ ဒါလည်း ဆရာဝန်ပြရမယ့် အခြေအနေတစ်ခုပါ။
>> နို့သီးခေါင်း ကွဲခြင်း၊ အနာဖြစ်ခြင်း
ဒါကတော့ ကလေး နို့တိုက်တဲ့အချိန်မှာ ကလေးကို ချီတဲ့ပုံစံ မမှန်တဲ့အတွက် ကလေးကလည်း နို့စို့တာ မမှန်လို့ဖြစ်တာပါ။ နို့သီးခေါင်းကွဲရင် နို့တိုက်တဲ့အခါမှာ အရမ်းနာပါတယ်။ အနာ ပိုး၀င်တာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















