နေရောင်ကာခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ
နေလောင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် sunburn protection factor (SPF) ပမာဏ အမျိုးမျိုးရှိပါတယ်။ ယေဘုယျပြောရရင် SPF ပမာဏမြင့်လေလေ နေရောင်ကြောင့် အရေပြားပျက်စီးမှုနည်းလေလေ ဖြစ်ပါတယ်။
SPF10 ဆိုရင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို ၉၀% ကာကွယ်ပေးနိုင်သလို SPF20 ဆိုရင်တော့ ၉၅% ကာကွယ်ပေးနိုင်ပါတယ်။
ခေတ်ပေါ်နေရောင်ကာခရင်မ်တွေဟာ ခရမ်းလွန်ရောင်ခြည်အေရော ခရမ်းလွန်ရောင်ခြည်ဘီကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အေဟာ နေလောင်တာကို မဖြစ်စေနိုင်ပေမယ့် အရေပြားအိုမင်းရင့်ရော်မှုနဲ့ အရေပြားကင်ဆာကိုတော့ ဖြစ်စေနိုင်ပါတယ်။ နေရောင်ကာလိမ်းဆေး အတော်များများဟာ ခရမ်းလွန်ရောင်ခြည်အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာမှုတွေအရတော့ နေရောင်ထဲမထွက်ခင် ၁၅-၃၀ မိနစ်လောက် ကြိုလိမ်းပေးပြီး နေရောင်နဲ့ ထိတွေ့မိပြီးနောက် ၁၅-၃၀ မိနစ်လောက်မှာတစ်ခါ ပြန်လိမ်းပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)













