နှပ်ညှစ်တာအားပြင်းလို့ မျက်ရိုးကျိုးသွားသတဲ့
လတ်တလော တက်လာတဲ့ ဆေးပညာသတင်းတစ်ပုဒ်မှာ အမျိုးသမီးတစ်ယောက်ဟာ နှပ်ညှစ်လိုက်တာ နှပ်ထွက်ရုံတင်မကဘဲ ဘယ်ဘက်မျက်လုံး ခွက်ရိုးကြီးပါ ကျိုးသွားသတဲ့။
တကယ်သတင်းအမှန်ပါပဲ။ ဒီဖြစ်ရပ်ဖြစ်တာ အသက် ၃၆ နှစ်အရွယ် အမျိုသမီးတစ်ယောက်ပါ။ အားပြင်ပြင်းနဲ့ နှပ်ညှစ်လိုက်ပြီး သိပ်မကြာခင်မှာပဲ မျက်လုံးနှစ်လုံးလုံး ယာယီအမြင်အာရုံ ချို့ယွင်းသွားတယ်။ နောက် ၂ နာရီအကြာမှာ ဘယ်ဘက်နှာခေါင်းက ရုတ်တရက် သွေးတွေပါ ကျလာပြီး ဘယ်ဘက်မျက်လုံးတစ်ဝိုက် ဖောင်းကားလာတယ်။ ဒီလို မှုန်ဝါးဝါး၊ ဘယ်ဘက်ခေါင်းနဲ့ လည်ပင်းက နာနေတာ နာရီပိုင်းကြာတော့မှ အရေးပေါ်ဌာနကို ရောက်လာတယ်။
CT ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ ဘယ်ဘက်မျက်လုံး ခွက်ရိုးကြီး ကျိုးနေတာကို တွေ့ရတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် မျက်လုံးနားတစ်ဝိုက် ဝိုင်းရံနေတဲ့ အရိုးတစ်ရိုးဖြစ်တဲ့ lamina papyracea ကျိုးသွားတာပါ။
>> မျက်လုံးခွက်ရိုး ကျိုးတတ်သလား?
မျက်လုံးခွက်ရိုးကိျုးတာ သိပ်တော့ မရှားလှဘူး။ အထူးသဖြင့် မျက်လုံးကို လက်သီးနဲ့ ထိုးတာ၊ ဘောလုံးနဲ့ ခိုက်မိတာမျိုးတွေကြောင့် ရတတ်တယ်။
မျက်လုံးခွက်ရဲ့ အောက်ခြေအရိုးလေးဟာ ပါးလွှာပြီးတော့ တိုက်ရိုက်ထိခိုက်မိတဲ့အခါမျိုးမှာ ကျိုးတတ်တယ်။ ဒါပေမဲ့ နှာညှစ်လိုက်ရုံနဲ့ ဖြစ်တာကတော့ အံ့သြစရာပါပဲ။
ဒီအမျိုးသမီး ကျိုးတဲ့အရိုးဟာ ပိုထူပြီး ကျိုးဖို့ပိုခက်တဲ့ အရိုးမျိုး ဖြစ်ပါတယ်။
လူတွေ နှပ်ညှစ်တဲ့အခါ နှာခေါင်းထဲ ဖိအားဖြစ်တတ်ကြတယ်။ ဒါပေမဲ့ အရိုးကျိုးလောက်အောင်တော့ မများတတ်ဘူး။
ဒီအမျိုးသမီးကို ကုတဲ့ဆရာဝန်ကတော့ ဒီလိုအရိုးကျိုးတာမျိုး နောက်ဘယ်တော့မှ တွေ့ရတော့မယ် မထင်ဘူးလို့ ဆိုပါတယ်။
>> ဒါဆိုရင် ဒီအမျိုးသမီးမှာ ဘာကြောင့်ကျိုးသွားတာလဲ?
ဒီလိုဖြစ်ခဲတဲ့ဖြစ်စဉ်ဖြစ်ရတာ အကြောင်းတော့ ရှိရမှာပေါ့။ တစ်ခုရှိတာက ဒီအမျိုးသမီးဟာ အအေးမိပြီး နှာညှစ်ညှစ်နေရတယ်။ သူ ညှစ်တဲ့ပုံစံကြောင့် ဖြစ်နိုင်တယ်။ သူ နှပ်ညှစ်တဲ့အခါ နှာခေါင်းတစ်ဖက်ကို ပိတ်ပြီး ဖွင့်ထားတဲ့ နှာခေါင်းပေါက်ကို အားရပါးရ ညှစ်ချပစ်တယ်။ ဒါကြောင့် အားပိုများတာ ဖြစ်နိုင်တယ်။
ဒါ့အပြင် ဒီအမျိုးသမီးဟာ တစ်ရက်ကို ဆေးလိပ် အလိပ် ၂၀ လောက် သောက်တယ်။ ဆေးလိပ်သောက်ခြင်းဟာ မျက်လုံးခွက်ရိုးဘေးမှာရှိတဲ့ မျက်နှာအတွင်းဂလိုင်ပေါက်တွေထဲက ဖိအားကို များစေတယ်။ ဒါကြောင့် ပိုပြီးတော့ ကျိုးလွယ်တာ ဖြစ်ပါလိမ့်မယ်။
ပြီးတော့ သူ့အရိုးတွေကိုယ်နှိုက်ကလည်း အရိုးကျိုးလွယ်လို့ ဖိအားများတဲ့အခါ ကျိုးသွားတာ ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရရင် သူ နှပ်ညှစ်လိုက်တဲ့အခါ ဖြစ်သွားတဲ့ဖိအားဟာ မျက်လုံးကို ထိုးလိုက်တဲ့အားနဲ့ ညီမျှသွားတာမို့လို့ပါ။ ဒီလိုကျိုးသွားတဲ့အခါ လေတွေ တိုးလျှိုပေါက် ဝင်လာပြီး အရေပြားအောက်တွေ၊ တစ်သျှူး အောက်တွေကို လေတွေ ရောက်လာတတ်တယ်။ စိတ်တေ့ာ မပူပါနဲ့။ သူ့အလိုလို ပြန်ပျောက်သွားလိမ့်မယ်နော်။
ဒီအမျိုးသမီးဟာ အရိုးကျိုးသွားတာကြောင့် ဆေးရုံမှာ တစ်ည နေလိုက်ရတယ်။ အကိုက်အခဲပျောက်ဆေးတွေနဲ့ ပိုးသတ်ဆေးတွေလည်း သောက်ရသေးတယ်။
နောက်တစ်ခေါက် ရက်ချိန်းပြန်ပြတဲ့အခါ နေတော်တော် ပြန်ကောင်းနေပါပြီ။ အမြင်အာရုံလည်း မဆုံးရှုံးသလို၊ အရိုးကျိုးတာကို ခွဲစိတ်ပြီး ပြန်ပြင်ဖို့လည်း မလိုပါဘူး။
မကြာခဏတော့ ခေါင်းဘယ်ဘက်ခြမ်းက နာနေတုန်းပါပဲ။ တဖြည်းဖြည်း ပျောက်လာပါလိမ့်မယ်။ စိုးရိမ်စရာ မလိုပါဘူး။ ပြီးတော့ သတင်းကောင်းက သူ ဆေးလိပ်လည်း ဖြတ်လိုက်ပါပြီ။ နောက်ပိုင်းကျရင် နှပ်ညှစ်တဲ့အခါ ဖြည်းဖြည်း ညှစ်လိမ့်မယ်လို့လည်း ထင်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















