နှလုံး မကျန်းမာဘူးဆိုတာ ပြောပြနေတဲ့အချက်တွေ
နှလုံး မကျန်းမာဘူး၊ နှလုံး အားနည်းတယ်လို့ အလွယ်တကူ ပြောနေကြမယ့်အစား ဒီလက္ခဏာလေးတွေ ဖတ်ကြည့်ပြီး အမှန်တကယ် နှလုံးအားနည်းနေတာ၊ ညှစ်အား နည်းတာဆိုတာ ဘာလဲလို့ ကြည့်ကြရအောင်။
● မကြာခဏ မောမောနေခြင်း
နှလုံးအားနည်းတဲ့အခါ လှုပ်ရှားတိုင်း မောလာသလို လှေကားတက် လမ်းလျှောက်တာ များရင်တောင် မောလာတတ်ပါတယ်။ နှလုံး ပိုပိုအားနည်းလာတာနဲ့အမျှ အလုပ်လုပ်အား ကျဆင်းသွားလို့ ပိုမိုမောလာတတ်ပါတယ်။
● ခေါင်းတရိပ်ရိပ်နဲ့ မူးတတ်ခြင်း
ဦးနှောက်ထဲ သွေးအရောက်နည်းတာကို ရည်ညွှန်းပါတယ်။ နာမကျန်းဖြစ်နေတဲ့ နှလုံးလေးဟာ ကောင်းစွာ မညှစ်နိုင်တော့ သွေးရောက်နည်းသွားပြီး မူးဝေတာ၊ လဲပြိုတာတွေ ဖြစ်လာပါတယ်။
● သိသိသာသာ ပိန်ကျသွားခြင်း
နှလုံးညှစ်အား ကျလာတဲ့အခါ လူက အလိုလို အားယုတ်သွားပြီး ပိန်ကျလာတတ်ပါတယ်။ အရင်က သိပ်ဝနေရင်တောင် အားယုတ်ပြီး ပိန်လာမယ့်သဘောပေါ့။
● ခြေတွေ ရောင်လာခြင်း
ခြေဖမိုးတွေ အမ်းလာမယ်၊ ခြေထောက်တွေ ရောင်လာမယ်၊ သင့်တင့်တဲ့ရေဓာတ်ကို မစွန့်ပစ်နိုင်တဲ့အတွက် ဆဲလ်တွေ ဖောင်းပွလာတာ ဖြစ်ပါတယ်။
● အစာမကြေ ရင်ပြည့်နေခြင်း
ရင်ဘတ်ထဲမှာ နေလို့မကောင်းခြင်းတွေကလည်း သက်ဆိုင်ရာ နှလုံးအခန်းတွေ ကြီးထွားနေတာကို ပြပါတယ်။ အရင်လို စားသောက် မကောင်းတော့ဘဲ အလိုလို ရင်ထဲမှာ လေးလံနေတတ်ပါတယ်။
● အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းလည်း ဖြစ်တတ်ပါတယ်။ တရေးနိုးလာပြီး ချွေးစေးတွေ ပြန်လာပါတယ်။ အသက်ရှူမဝဖြစ်ပြီး အိပ်ရာက လန့်နိုးတတ်ပါတယ်။
● လိင်သာယာမှုဘဝ မရရှိတော့ဘူး ဖြစ်စေပါတယ်။ အရင်လို လွတ်လပ်စွာ လိင်ဆက်ဆံတာ မလုပ်နိုင်တော့ဘူး၊ နုံးနေတာ စိတ်မပါတာ အားမရှိတာတွေ ကြုံရနိုင်ပါတယ်။
ဒီတော့ ဒီအချက်လေးတွေကို ကြည့်ပြီး နှလုံးအားနည်းနေလား၊ ညှစ်အား နည်းနေလား၊ ကိုယ့်နှလုံးသားလေး တကယ်ကျန်းမာရဲ့လားဆိုတာ ဆန်းစစ်ကြည့်ကြရအောင်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















