နှလုံး အခြေအနေဆိုးနေပြီ ဆိုတာကို သိနိုင်မယ့် ရောဂါလက္ခဏာ (၁၀) ခု
နှလုံးရောဂါ တစ်မျိုးမျိုးကြောင့် နှလုံးက အားနည်းလာတဲ့အခါ သူ့ရဲ့ ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ပါဘူး။ ဒီအခါမှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ နှလုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို ပြောပြပေးတော့မှာ ဖြစ်ပါတယ်။ ဒါတွေကို သိခြင်းအားဖြင့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ကိုယ်တိုင်သိရှိနိုင်ပြီး ဒီလိုလက္ခဏာတွေ ခံစားရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆေးကုသမှုခံယူဖို့ အရေးကြီးကြောင်း သိရှိနိုင်ပါတယ်။
၁။ မောမောနေခြင်း
နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ဖြစ်တဲ့အခါမှာ နှလုံးဟာ လိုအပ်သလောက် မညှစ်နိုင်တော့ပါဘူး။ ဒီအခါမှာ နှလုံးဆီကနေ ခန္ဓာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးပမာဏ ရောက်အောင် မပို့နိုင်တော့ပါဘူး။ နှလုံးကနေလာတဲ့ သွေးထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်က လုံလောက်တဲ့ အောက်ဆီဂျင်မရတဲ့အခါ မောလာပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုဟာ ပုံမှန်မဟုတ်ပဲ အဆုတ်ထဲကို သွေးတွေ ပြန်စီးဆင်းတဲ့အတွက်လည်း လူနာက အနားယူနေရင်းတောင် မောနေမှာ ဖြစ်ပါတယ်။
၂။ ဖောယောင်ခြင်း
ခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှူးတွေထဲမှာ အရည်တွေ စုလာခြင်းကြောင့် ခြေထောက်တွေ၊ လက်တွေ ဖောယောင်ခြင်းကို ဖြစ်လာစေပါတယ်။ နှလုံးမကောင်းတဲ့အခါ ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်တဲ့အတွက် အရည်တွေနဲ့ ဆားတွေကို ကောင်းကောင်း မစွန့်ထုတ်နိုင်တဲ့အခါ ဖောယောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၃။ ချောင်းဆိုးခြင်း၊ အသက်ရှူသံ တရွှီရွှီမြည်ခြင်း
နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ဖြစ်တဲ့အခါ ညဘက်တွေမှာ ချောင်းဆိုးတာ ပိုဆိုးတတ်ပါတယ်။ ဒါ့အပြင် လှဲအိပ်တဲ့အခါ မောတာ၊ ချောင်းဆိုးတာ စတဲ့ လက္ခဏာတွေကတော့ အဆုတ်ထဲမှာ ရေတွေစုနေတဲ့လက္ခဏာ ဖြစ်နိုင်တဲ့အတွက် ဆေးရုံကို သွားပြဖို့ လိုအပ်ပါတယ်။
၄။ ပင်ပန်းလွယ်ခြင်း
ပုံမှန်လှုပ်ရှားမှုလေးတွေဖြစ်တဲ့ လှေကားတက်တာ၊ လမ်းများများလျှောက်တာ စတဲ့ လှုပ်ရှားမှုလေးတွေ လုပ်လိုက်ရရင်တောင် ခေါင်းမူးတာမျိုးတွေ၊ အားတွေကုန်သွားသလို ပင်ပန်းသွားတာမျိုးတွေ ခံစားနေရတယ် ဆိုရင်တော့ နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ရဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။
၅။ အစားအသောက်ပျက်ခြင်း
အစာခြေအဖွဲ့အစည်းကို သွေးလုံလောက်အောင် မရတဲ့အတွက် အစာခြေတဲ့လုပ်ငန်းစဉ်ကို ကောင်းစွာ မလုပ်နိုင်တာကြောင့် အစားအသောက်ပျက်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။
၆။ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heartfailure) ဖြစ်တဲ့အခါ နှလုံးဟာ ညှစ်နိုင်စွမ်း ကျဆင်းသွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ လိုတာထက်ပိုပြီး အလုပ်လုပ်နေရတဲ့အတွက် နှလုံးခုန်မြန်တာ၊ ရင်တုန်တာတွေ ခံစားရနိုင်ပါတယ်။
၇။ ရောဂါလက္ခဏာတွေက တဖြေးဖြေးမှ ပေါ်လာနိုင်သလို ရုတ်တရက်လည်း ခံစားရနိုင်ပါတယ်။
၈။ နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ဖြစ်နိုင်ချေများတဲ့ အခြေအနေတွေ ရှိနေခြင်း
အသက် ၆၅ နှစ်နဲ့အထက် ရှိသူတွေ၊ အဝလွန်နေသူတွေ၊ ရင်ဘတ်အောင့်ခြင်းကို ခံစားနေရသူတွေ၊ မွေးရာပါနှလုံးရောဂါရှိသူတွေ စတဲ့သူတွေမှာ နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ဖြစ်နိုင်ချေများတဲ့အတွက် ပိုသတိထားရပါမယ်။
၉။ ဆေးမကုသဘဲထားရင် ပိုဆိုးလာမယ်
အထက်ပါ ရောဂါလက္ခဏာတွေကို ခံစားနေရတဲ့သူဟာ ဆေးရုံဆေးခန်းပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူရပါမယ်။ တကယ်လို့ ကုသမှုမခံယူခဲ့ရင်တော့ နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ဖြစ်ပြီးနောက် ၅ နှစ်ခန့်သာ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။
၁၀။ ဆေးကုသမှု စောစီးစွာ ခံယူခြင်း
နှလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း (heart failure) ဖြစ်တဲ့သူဟာ ဆေးကုသမှုကို စောစီးစွာ ခံယူခဲ့မယ်ဆိုရင်တော့ အလွန်ပဲ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာလည်း အစွမ်းထက်ဆေးဝါးတွေ ပေါ်လာတဲ့အတွက် နှလုံး ကောင်းကောင်း အလုပမ်လုပ်နိုင်ခြင်း (heart failure) ကို သက်သာစေဖို့နဲ့ တခြားသောရောဂါတွေ ထပ်မဖြစ်ဖို့ကိုလည်း ကာကွယ်စေဖို့ ကုသပေးနိုင်ပြီး သက်တမ်းစေ့နေနိုင်ရေးကိုလည်း မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
ဒေါက်တာအောင်
Reference : www.thehealthy.com
















