သွေးစစ်ရုံဖြင့် ကိုယ့်ကိုကိုယ်သတ်သေနိုင်ခြေရှိ/မရှိ သိရှိနိုင်တော့မည်
သွေးစစ်ဆေးမှုတစ်ခုလုပ်ရုံနဲ့ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေရှိ/မရှိကို ခန့်မှန်းနိုင်တော့မည် ဖြစ်ကြောင်း သုတေသီတို့ကဆိုပါတယ်။အဆိုပါသွေးစစ်နည်းကို Johns Hopkins University School of Medicine မှ လက်ထောက်ပါမောက္ခနှင့် အဖွဲ့မှ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ဟာ စိတ်ဖိစီးမှုကိုခံစားရတဲ့အချိန်မှာ Stress Hormones လို့ခေါ်တဲ့ ကော်တီဇော (Cortisol) ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းထုတ်လုပ်တာကို SKA2 မျိုးဗီဇ Gene က ထိန်းချုပ်ပေးပြီးစိတ်ဖိစီးမှုကိုလျော့ချပေးပါတယ်။ SKA2 မျိုးဗီဇ Gene ဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Prefrontal Cortex မှာသက်ရောက်မှုရှိပြီးထိုအစိတ်အပိုင်းက အဆိုးမြင်ဝါဒကို ဟန့်တားပေးခြင်း၊ စိတ်လိုက်မာန်ပါပြုမူတတ်သည့် အမူအကျင့်များကို ထိန်းချုပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးပါတယ်။ SKA2 မျိုးဗီဇ Gene တွင် မူမမှန်သောပြောင်းလဲမှုများ ဖြစ်လာခြင်း၊ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် SKA2 မျိုးဗီဇ Gene ၏ လုပ်ဆောင်ချက်များ ပျက်ယွင်းလာခြင်း တို့ဖြစ်ပေါ်လာပါက Prefrontal Cortex ပေါ်တွင် သက်ရောက်မှုလျော့နည်းသွားပြီး စိတ်ဖိစီးမှုဟော်မုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပါဘူး။ ထိုအခါမှာ ကိုယ့်ကိုယ်ကို သတ်သေလိုသောအတွေးများလည်း ဖြစ်ပေါ် လာပါတယ်။ ကိုယ့်ကိုယ်ကိုသတ်သေခဲ့သူများ၊ သတ်သေရန် ကြိုးစားသူများနှင့် ကျန်းမာသူတို့ရဲ့ သွေးနမူနာများကို လေ့လာခဲ့ရာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြသူနှင့် သတ်သေရန်ကြိုးစားသူများတွင် SKA2 ပမာဏဟာ သိသိသာသာလျော့နည်းနေတာကို တွေ့ရပါတယ်။ သွေးနမူနာကို စစ်ဆေးခြင်းဖြင့် ကိုယ့်ကိုယ်ကို သတ်သေလိုစိတ် ရှိ/မရှိကိုခန့်မှန်းရာမှာ 80% အထိတိကျမှန်ကန်မှုရှိတာကို တွေ့ရပါတယ်။
ဒီလေ့လာမှုရဲ့ ခေါင်းဆောင်ဖြစ်သူ လက်ထောက်ပါမောက္ခ Kaminsky က ယခုအစောပိုင်း ရလဒ်များအရ သွေးစစ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုသက်သေမှု ရှိ/မရှိခန့်မှန်း နိုင်သော်လည်း ပိုမိုသေချာသော ရလဒ်များ ထွက်ပေါ်လာစေရန်အတွက် အစမ်းသပ်ခံလူများများနှင့် ထပ်မံလေ့လာမှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်း ပြောကြားထားပါတယ်။ စမ်းသပ်ချက်များအပြီးသတ်အောင်မြင်သွားပါက စိတ်ကျန်းမာရေးဆရာ၀န်များအတွက် လွန်စွာအထောက်အကူပြုမှာဖြစ်ပါတယ်။
Htet