/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပူစီနံလက်ဖက်ရည်က-လည်ချောင်းနာခြင်းအတွက်-သင့်တော်ပါသလား

ပူစီနံလက်ဖက်ရည်က လည်ချောင်းနာခြင်းအတွက် သင့်တော်ပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            လည်ချောင်းနာခြင်းဟာ အသက်အရွယ်မရွေးမှာ ဖြစ်ပွားလေ့ရှိတဲ့အပြင် အစာရေမျို ရောင်ရမ်းခြင်းရဲ့ ကနဦးလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ လည်ချောင်းနာခြင်းဟာ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်သော်လည်း ဘက်တီးရီးယားပိုးများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းကို ပဋိဇီ၀ဆေးများဖြင့် ကုသနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါက အိမ်၌ပင် ကုသနိုင်ပါတယ်။ ပူစီနံလက်ဖက်ရည်ကဲ့သို့ ဆေးမြီးတိုတွေဟာ လည်ချောင်းနာခြင်းကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်တယ် ဆိုပေမယ့် ဆရာ၀န်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

 

♦ လည်ချောင်းနာခြင်း၏ ရောဂါလက္ခဏာများ

            ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပေါ် မူတည်၍ လည်ချောင်းနာခြင်း ပြင်းထန်မှုအမျိုးမျိုး ရှိပါတယ်။ တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ အာသီးရောင်ခြင်း၊ အစာမျိုရ ခက်ခဲခြင်း၊ လည်ချောင်းရှခြင်း၊ စကားပြောတဲ့အချိန် (သို့) အစာမျိုချတဲ့အချိန်မှာ နာကျင်မှု ပိုမိုပြင်းထန်ခြင်း၊ လည်ချောင်းခြောက်ခြင်း၊ လည်ချောင်းထဲတွင် အဖြူကွက်များဖြစ်ခြင်း၊ လည်ပင်းတစ်၀ိုက်မှ ပြန်ရည်ကျိတ်များ ရောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အအေးမိ ဖျားနာခြင်းကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းများတွင်မူ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုယ်အပူချိန်တက်ခြင်း၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ခံစားရနိုင်ပါတယ်။

 

♦ ပူစီနံ၏ အသုံး၀င်ပုံများ

            ပူစီနံသည် ဆေးဖက်၀င်အပင်တစ်မျိုးဖြစ်ပြီး ပီကေ၊ သွားတိုက်ဆေး စတဲ့ လူသုံးကုန်ပစ္စည်းများတွင် အနံ့အရသာပစ္စည်းအနေနဲ့ ထည့်သွင်းအသုံးပြုကြပါတယ်။ ထို့ပြင် အစာအိမ်လမ်းကြောင်းဆိုင်ရာ ေ၀ဒနာများ၊ စိတ်ပူပန်မှုများ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုများအတွက်လည်း ဆေးကောင်းတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ပူစီနံရဲ့ အဓိကပါ၀င်ပစ္စည်းဖြစ်တဲ့ ပရုတ်ဟာ ချွဲပျော်စေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

 

♦ သတိပြုသင့်တဲ့အချက်များ

            ပူစီနံကို ကလေးငယ်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ ထို့ပြင် အက်ဆစ်တွေ အစာအိမ်မှအထက်သို့ ဆန်တက်တဲ့ ရောဂါေ၀ဒနာခံစားနေရသူတွေဟာလည်း ပူစီနံကို မသုံးစွဲသင့်ပါဘူး။ ပူစီနံဟာ အချို့သောဆေးဝါးများ (အစာအိမ်ရောဂါပျောက်ဆေး၊ ဆီးချိုထိန်းဆေး၊ သွေးတိုးကျဆေး) ရဲ့ အစွမ်းသတ္တိကို လျော့ကျစေတဲ့အပြင် သည်းခြေအိတ်ရောဂါ (သို့) သည်းခြေအိတ် ကျောက်တည်တာမျိုး ခံစားနေရချိန်တွင် ပူစီနံဆီကို အသုံးပြုပါက ရောဂါေ၀ဒနာကို ပိုဆိုးစေတတ်ပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးများနဲ့ နို့တိုက်မိခင်တွေကိုလည်း ပူစီနံ အသုံးမပြုရန် လမ်းညွှန်ထားပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)