/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖန်ပြွန်သနေ္ဓ

ဖန်ပြွန်သနေ္ဓ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယနေ့ခေတ်ကာလမှာ လူနေမှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ ကလေးမရသူတွေ ပိုမိုများပြားလို့ လာပါတယ်။ ပညာရှင်တွေအဆိုအရ ကလေးမရနိုင်တဲ့ ဇနီးခင်ပွန်း 6 တွဲမှာ 1 တွဲနှုန်းနဲ့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေး မွေးစားတဲ့နည်းလမ်းတွေ၊ ဖန်ပြွန်သနေ္ဓ နည်းလမ်းတွေကို ကြိုးစားလာကြာပါတယ်။

          ဖန်ပြွန်သနေ္ဓ တည်နည်းလမ်းဟာ ငွေကုန် လူပန်း ဖြစ်စေနိုင်တာကြောင့် မလုပ်ခင်မှာ သေချာဂရုစိုက် လေ့လာဖို့ လိုအပ်ပါတယ်။

 

1.      လုပ်နည်းကိုင်နည်းကို လေ့လာပါ။

          ဖန်ပြွန်သနေ္ဓ တည်ခြင်းကို မပြုလုပ်မီ ပြုလုပ်မှုပုံစံ အဆင့်ဆင့်ကို ကြိုတင်လေ့လာထားမှသာ နောက်ဆက်တွဲ ဖြစ်လာတတ်တဲ့ စိတ်နဲ့ကိုယ်ခန္ဓာ အပြောင်းအလဲတွေကို သေချာသိနိုင်မှာ ဖြစ်ပါတယ်။ ဆေးခန်း တစ်ခုနဲ့တစ်ခုမှာ အောင်မြင်နိုင်စွမ်း နှုန်းထားတွေ မတူတတ်တာကြောင့် ကလေးရနိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို ကြိုတင်မေးမြန်းထားသင့်ပါတယ်။ ကုန်ကျစရိတ်တွေကိုလည်း တတ်နိုင်မနိုင် ချင့်ချိန်နိုင်အောင် ကြိုတင်စုံစမ်းထားသင့်ပါတယ်။

 

2.      ကျန်းမာနေဖို့ အရေးကြီးပါတယ်။

          ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပေးပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာနေမှသာ သနေ္ဓကို အောင်မြင်စွာ တည်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ အရက်ကို 4 ယူနစ်ထက် ပိုသောက်နေသူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ကိုယ်ဝန်တည်နိုင်ခြေ 60 ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလွန်အမင်း အဝလွန်နေသူတွေမှာလည်း အောင်မြင်စွာ သနေ္ဓတည်နိုင်ဖို့အတွက် ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်ပါတယ်။

 

3.      အချိန်ကိုက် ယူနိုင်ဖို့လည်း လိုအပ်ပါတယ်။

          ဖန်ပြွန်သနေ္ဓ တည်ခြင်းဟာ စိတ်ပင်ပန်းရတဲ့အတွက် စိတ်ဖိစီးမှု များနေတဲ့အချိန်တွေ၊ အလုပ်အကိုင် အဆင်မပြေတဲ့အချိန်တွေမှာ မယူသင့်ပါဘူး။ အကယ်၍ အထက်လူကြီးနဲ့ ပြောရဆိုရ အဆင်ပြေရင် အလုပ်မှာ စိတ်ဖိစီးမှုနည်းအောင်နဲ့ ဆေးရုံ၊ ဆေးခန်းတွေ မကြာခဏ သွားရတဲ့အခါမျိုးမှာ အဆင်ပြေအောင် ကြိုတင်ညှိနှိုင်း လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။

 

4.      အားပေး နှစ်သိမ့်ပေမယ့်သူတွေလည်း လိုအပ်ပါတယ်။

          ဖန်ပြွန်သနေ္ဓတည်ဖို့ ကြိုးစားတဲ့အခါ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ တွန်းအားပေး၊ နှစ်သိမ့်ပေးဖို့ မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေ လိုအပ်လှပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားရင်း စိတ်ပင်ပန်းရသလို သနေ္ဓတည် အားဆေးတွေဟာလည်း စိတ်ခံစားမှုကို ကမောက်ကမ ဖြစ်စေနိုင်တာကြောင့် အားပေးတတ်တဲ့လူတွေ ဝန်းရံနေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အင်တာနက် လူမှုကွန်ရက်တွေမှာ မိခင်လောင်းတွေကို စိတ်ခွန်အားပေးတဲ့အဖွဲ့တွေ ရှိတာကြောင့် ဆက်သွယ်နိုင်ပါတယ်။

 

5.      အကောင်းမြင်ပါ။ ဒါပေမဲ့ အမှန်တရားကိုလည်း မျက်ကွယ်မပြုပါနဲ့။

          အသက် 35 နှစ်အောက် အမျိုးသမီးတွေမှာ သဘာဝနည်းအရသော် လည်းကောင်း၊ ဖန်ပြွန်သနေ္ဓ စတဲ့ ပြင်ပနည်းလမ်းတွေနဲ့သော် လည်းကောင်း၊ သနေ္ဓတည် အောင်မြင်နှုန်း များပေမယ့် အသက် 35 နှစ်ကျော်သူတွေမှာတော့ အနည်းငယ် ခက်ခဲလာပါတယ်။ ဒါကြောင့် ဖန်ပြွန်သနေ္ဓတည်ဖို့ ကြိုးစားတဲ့အခါ အကောင်းမြင်စိတ် ထား,ထားသင့်ပေမယ့် သားသမီးရတနာ ရဖို့အတွက် အသက်၊ ကိုယ်အလေးချိန်၊ လူနေမှုပုံစံနဲ့ ကျန်းမာရေးတို့ အပေါ်မှာလည်း မူတည်နေတယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ကလေး ယူချင်သူတွေဟာ အသက် 30 ကျော်တာနဲ့ ခင်ပွန်းရော ဇနီးပါ မျိုးဆက်ပွား ကျန်းမာရေး ကောင်း၊ မကောင်းကို စစ်ဆေးကြည့်ရှုသင့်ပါတယ်။

Dr. Emerald (www.drmyanmar.com)