ဖော့ခွက်တွေကို သုံးတဲ့အခါ ...
>> ဖော့ခွက်တွေနဲ့ ရေတွေ၊ ဖျော်ရည်တွေ သောက်တဲ့အခါ ခန္ဓာကိုယ်ထဲ ဘာတွေဝင်သွားသလဲ?
လတ်တလော လေ့လာစမ်းသပ်မှုတစ်ခုက လူ့အဆီတစ်သျှူးပြင်တွေကို စုဆောင်းလေ့လာကြည့်ရာ အဆီတစ်သျှူး အကုန်လုံးမှာ ဖော့ခွက်တွေရဲ့ စတိုင်ရင်းဓာတ် အကြွင်းအကျန်တွေ တွေ့ရပါတယ်။
ဒီစတိုင်ရင်းဓာတ်ဟာ ဦးနှောက်တစ်သျှူးတွေကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။
>> စတိုင်ရင်းတွေ စုပုံလာရင် ဘာတွေဖြစ်နိုင်သလဲ?
ဖော့ခွက်တွေမှာပါတဲ စတိုင်ရင်းဓာတ်ဟာ အစာတွေနဲ့ ကပ်ပါလာတတ်ပါတယ်။ အပူ၊ အအေး၊ မုန့်တွေကအစ အရက်၊ အက်ဆစ်ဓာတ်ပါတဲ့ စားစရာတွေပါမကျန် ဖြစ်နိုင်ပါတယ်။
စတိုင်ရင်းဓာတ်ဟာ ကင်ဆာဖြစ်စေနိုင်စွမ်းရှိပြီး ဦးနှောက်ကိုလည်း ထိခိုက်နိုင်ပါတယ်။ အခြားဆိုးကျိုးတွေအနေနဲ့ -
● မျက်လုံးနဲ့ နှာခေါင်းကို ယားယံစေပြီး အချွဲတွေ ထွက်စေနိုင်ခြင်း
● ပင်ပန်းနွမ်းနယ်စေပြီး စိတ်အာရုံ စူးစိုက်နိုင်စွမ်းကို ကျစေနိုင်ခြင်း
● အဆုတ်လုပ်ငန်း ပုံမမှန်ဖြစ်စေပြီး ကင်ဆာ ပြောင်းစေနိုင်ခြင်း
● ဟော်မုန်းဓာတ်တွေ အပြောင်းအလဲဖြစ်စေပြီး သိုင်းရွိုက်နဲ့ အခြားဟော်မုန်းပြဿနာတွေ ဖြစ်စေနိုင်ခြင်း စတာတွေပါ ဖြစ်စေနိုင်ပါတယ်။
>> ကျန်းမာရေး ထိခိုက်စေနိုင်တဲ့အပြင် အခြားဘာတွေဖြစ်နိုင်သေးသလဲ?
စတိုင်ရင်းဟာ ပတ်ဝန်းကျင်အပေါ်လည်း ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဖော့ဘူးတွေဟာ လုံးဝပျက်စီးဖို့အတွက် နှစ်ပေါင်း 500 လောက် ကြာပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း စားသောက်နေတဲ့ ဘူးခွံတွေဟာ နှစ်သန်းပေါင်း တစ်ဝက်လောက်အထိ မပျက်မစီးဘဲ ရှိနေမှာ ဖြစ်ပါတယ်။
ပိုလီစတိုင်ရင်း အမှိုက်သရိုက်တွေဟာ ရေဆိုးမြောင်းတွေကနေ ပင်လယ်သမုဒ္ဒရာတွေထဲကို ဝင်ရောက်သွားတဲ့အခါ အဏ္ဏဝါသတ္တဝါတွေကို သေကြေပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုလီစတိုင်ရင်း ဖော့ဘူးတွေ ထုတ်လုပ်ရာကနေ လေထုညစ်ညမ်းမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
>> ဒီလိုကြောက်စရာကောင်းလှတဲ့ ဆိုးကျိုးတွေမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ?
ဒီနေ့ခေတ်ကမ်ဘာကြီးမှာ အဆိပ်အတောက်တွေကို မှီခိုနေထိုင်မှုတွေ များလာတာကြောင့် ဒီပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို မခံစားရအောင် တောထဲ ဒါမှမဟုတ် အခြားကမ်ဘာတစ်ခုကို ရွှေ့ပြောင်းနေထိုင်မှသာ ရပါတော့မယ်။ မနက်ခင်းမှာသောက်တဲ့ ကော်ဖီခွက်ကစလို့ အချိုရည်၊ ဝိုင်အလယ် ညစာအဆုံး အသက်အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲ ထည့်သွင်းနေသလို ဖြစ်နေပါတယ်။
ဒါပေမဲ့ စတိုင်ရင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှနည်းအောင် ဒီနည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်နိုင်ပါတယ်။
● ပိုလီစတိုင်ရင်း ဖော့ခွက်တွေရဲ့ အိတ်တွေပေါ်မှာပါတဲ့ ပတ်လည်မြှားလေး 3 ခုကြားထဲမှာ နံပါတ် 6 လို့ ရေးထားတာ ပါ၊ မပါ ကြည့်ပြီး ရှောင်ပါ။
● အစားအစာတွေကို မိုင်ခရိုဝေ့နဲ့ နွှေးတဲ့အခါ ပိုလီစတိုင်ရင်းဘူးတွေနဲ့ မထည့်ပါနဲ့။
● ပိုလီစတိုင်ရင်းကို မီးမရှို့ပါနဲ့။
သစ်ရွက် အမှိုက်ခြောက်တွေနဲ့ အခြားအမှိုက်တွေကို မီးရှို့ဖျက်စိးလေ့ရှိပေမယ့် ပိုလီစတိုင်ရင်း ဖော့ဘူးတွေကိုတော့ မီးမရှို့သင့်ပါဘူး။ မီးရှို့ခြင်းဖြင့် ကာဘွန်မိုနောက်ဆိုဒ်ဓာတ်တွေ လေထုထဲ ပျံ့လွင့်သွားပြီး ဘေးအန္တရာယ် ဖြစ်စေပါတယ်။
နေ့စဉ်နေ့တိုင်း လူသားတွေဟာ မသိလိုက် မသိဘာသာနဲ့ အဆိပ်အတောက်တွေ စားသုံးနေကြပါတယ်။ ဒီလို အဆိပ်အတောက်တွေ ဝင်ရောက်သုံးစွဲနေရခြင်းကို လုံးဝမကာကွယ်နိုင်ပေမယ့် လျှော့ချနိုင်ပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ကော်ဖီသောက်ဖို့ ကြံတဲအခါ ဖော့ခွက်ကို လမ်းမလှမ်းမိခင် သေချာစဉ်စားပါလို့ တိုက်တွန်းချင်ပါတယ်။
Dr. Emerald (www.drmyanmar.com)















