ဘယ်အချိန်မှာ သွေးကျဆေးသောက်ဖို့ လိုပြီလဲ
နေမကောင်းလို့ ဆေးခန်းသွားတယ်။ သွေးပေါင်ချိန် ၁၃၀/၉၀ တဲ့ ဒါဆို သွေးကျဆေး သောက်ရတော့မှာလား။
ယနေ့ခေတ်လူအများစုဟာ ဘ၀တစ်သက်တာမှာ အနည်းဆုံးတစ်ခါတော့ သွေးတိုးခြင်းကို ခံစားဖူးကြပါတယ်။ သွေးပေါင် တက်တယ်ဆိုတိုင်း သွေးကျဆေးသောက်ဖို့ လိုပြီလား။ ယခုဆောင်းပါးတွင် သွေးတိုးခြင််းမတိုင်ခင် ကနဦး သွေးတိုးကာလတွင် ရှောင်ရန်၊ ဆောင်ရန်များနှင့် ဆေးကုသမှုခံယူဖို့ လိုအပ်သောအဆင့်သို့ မရောက်ရှိအောင် နေထိုင်စားသောက်ပုံကို ပြောင်းလဲခြင်းဖြင့် ဘယ်လိုထိန်းသိမ်းနိုင်မလဲဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
>> သွေးတိုးရောဂါဆိုတာ ဘာလဲ?
သွေးပေါင်ချိန် ၁၄၀/၉၀ mmHg နှင့်အထက် ရှိနေခြင်းကို ဆိုလိုခြင်းဖြစ်ပြီး သွေးတိုးခြင်းဟာ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးကြောများ ယိုယွင်းခြင်းနှင့် အမြင်အာရုံ ချို့တဲ့ခြင်းတို့ကိုပါ လက်ကမ်းကြိုနေသလိုဖြစ်တာမို့ အလွန်ကြောက်စရာကောင်းလှပါတယ်။
● အမေရိကန်လူမျိုး ၃ ယောက်တွင် ၁ ယောက်က သွေးပေါင် ၁၂၀/၈၀ အထက်တွင်ရှိပြီး ကနဦးသွေးတိုးခြင်းကို ခံစားနေကြရပါတယ်။ သို့သော် သွေးတိုးရောဂါ ဖြစ်ပွားနေပြီလို့တော့ မဆိုနိုင်သေးပါဘူး။ " ကနဦးသွေးတိုးခြင်း " ခံစားနေရသူတွေကို နှလုံးရောဂါ၊ ဆီးချိုနှင့် နာတာရှည်ကျောက်ကပ်ရောဂါ စသော အခြားရောဂါလက္ခဏာများ မရှိသေးပါက ဆေးဝါးကုသမှုပေးဖို့ မလိုအပ်ပါဘူး။ ဆေးဝါးအသုံးမပြုဘဲ နေထိုင်စားသောက်ပုံကို ပြောင်းလဲခြင်းဖြင့် ကနဦးသွေးတိုးခြင်းကို ကုသနိုင်ပါတယ်။
>> နေထိုင်စားသောက်ပုံကို ပြောင်းလဲခြင်း (Lifestyle Changes)
သွေးတိုးရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုပုံစံကို လိုက်နာခြင်းဖြင့် သွေးတိုးရောဂါအပြင် အခြားသော ရောဂါများကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါလိမ့်မယ်။
● ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ အငန် လျှော့စားဖို့ ဖြစ်ပါတယ်။ တစ်နေ့ကို ဆား ၂ ဂရမ်ထက် ပိုမစားဖို့ သတိပြုပါ။ ဟင်းချက်ရာမှာ အငန် လျှော့သင့်တဲ့အပြင် ဆားပါ၀င်မှု များသော အစားအစာများ၊ စည်သွတ်ဘူးများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသော အစာများကို လျှော့သင့်ပါတယ်။
● ဒုတိယအချက်အနေဖြင့် DASH (Dietary Approaches to Stop Hypertension) လို့ခေါ်တဲ့ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်သော ချမှတ်ထားသော စားသောက်မှုပုံစံကို လိုက်နာသင့်ပါတယ်။ ထိိုစားသောက်မှုပုံစံကို လွန်ခဲသောဆယ်စုနှစ် ၂ ခုလောက်ကတည်းက ချမှတ်ထားတာဖြစ်ပြီး လူပေါင်းထောင်နှင့်ချီကို သွေးတိုးကျဆေး အသုံးပြုစရာမလိုပဲ သွေးပေါင်ကျစေဖို့ အထောက်အကူပြုခဲ့ပြီး ဖြစ်ပါတယ်။
ထို diet မှာ ညွန်ကြားထားတာကတော့ အသီးအရွက်နှင့် အသီးအနှံများကို ပိုမိုစားပေးရပါမယ်။ အဆီအဆိမ့်နှင့် ဟင်းချက်ရာတွင် ဆီ အသုံးများခြင်းကို လျှော့ချရပါမယ်။ အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကို နေ့စဉ်စားသုံးရမှာ ဖြစ်ပါတယ်။
● ကိုယ်အလေးချိန် လျှော့ချပါ။ ကိုယ်အလေးချိန်ကျအောင် ကြိုးစားခြင်းဖြင့် သွေးပေါင်ချိန်ကို လျော့ကျစေဖို့ များစွာကူညီပေးပါလိမ့်မယ်။ ကိုယ်အလေးချိန်ကျစေသော အေရိုးဘစ် လေ့ကျင့်ခန်းများကို နေ့စဉ်ကစားခြင်းဖြင့် သွေးပေါင်ကိုပါကျစေတာ တွေ့ရပါလိမ့်မယ်။ အားကစားများ မပြုလုပ်နိုင်ရင်တောင် နေ့စဉ် ၁၅ မိနစ်ကနေ ၃၀ မိနစ်ခန့် လမ်းလျှောက်ပေးပါ။
● အရက်နှင့် ဘီယာ လွန်ကဲစွာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
ထို့ပြင် ဆေးလိပ်သောက်ခြင်းကလည်း သွေးပေါင်ကို ပိုမိုမြင့်တက်စေတာမို့ သတိပြုသင့်တယ်နော်။ ဆေးလိပ်သောက်ခြင်းကို ဖြတ်နိုင်ပါက သွေးတိုးခြင်းကို သိသိသာသာ လျော့ကျစေတာ တွေ့ရပါလိမ့်မယ်။ ဆေးလိပ်မှာတော့ အရက်လိုမျိုး သောက်သုံးသင့်တဲ့ ပမာဏရယ်လို့ မရှိတာမို့ တစ်လိပ် မသောက်လေ သင့်အတွက် တစ်လိပ်စာ အကျိုးများလေ ဖြစ်ပါလိမ့်မယ်။
>> သွေးတိုးကျဆေးကို ဘယ်ချိန်မှာ သောက်သင့်လဲ?
● သင့်သွေးပေါင်ချိန်ဟာ သွေးတိုးရောဂါအတွက် ချမှတ်ထားသော သွေးပေါင်ချိန်ဘောင်အတွင်း ၀င်ရောက်လာပြီဆိုပါက သွေးတိုးကျဆေး တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး သောက်သုံးဖို့ ဆရာ၀န်က ညွန်ကြားမည် ဖြစ်ပါတယ်။
● မကြာသေးမီက လေ့လာချက်တစ်ခုအရ အသက် ၆၀ နှင့်အထက် လူကြီးများကို သွေးပေါင်ချိန် ၁၅၀/၉၀mmHg ကျော်လွန်မှသာလျှင် သွေးတိုးကျဆေး သောက်သုံးဖို့ လိုအပ်ကြောင်း သွေးတိုးရောဂါပညာရှင်များ အဆိုပြုကြပါတယ်။ အချို့သော သွေးတိုးရောဂါသည်များ အနေဖြင့် သူတို့ ပုံမှန်သောက်နေကျ သွေးတိုးကျဆေးများကို ဆက်မသောက်ပဲ ၁၅၀/၉၀ ကျော်မှသာ ဆက်သောက်ရမှာလားဆိုတာ ေ၀ခွဲမရ ဖြစ်လာနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ သွေးတိုးရောဂါရှိသူများ အနေဖြင့် ဆေးပုံမှန်သောက်သုံးခြင်းဖြင့် သွေးပေါင် ထပ်မတက်စေဖို့ ကာကွယ်နိုင်မှာဖြစ်လို့ ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွေးတိုးခြင်းဟာ အသက်အန္တရယ်ကိို ထိခိုက်စေနိုင်တဲ့ရောဂါများအနက် တစ်ခုဖြစ်တာကို အားလုံးသိရှိကြမှာပါ။ ဒါကြောင့် သွေးတိုးခြင်းရောဂါမဖြစ်ပေါ်စေဖို့ အစားအသောက်၊ အနေအထိုင်၊ ဆင်ခြင်သင့်သလို သွေးတိုးရောဂါ ရှိနေပါကလည်း လက်ရှိအခြေအနေထက် ပိုမဆိုးစေအောင် ဆေးပုံမှန်သောက်ခြင်း ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















