ဘာလီကျွန်းက ကပ်ပါလာသော ဧည့်ဆိုး
" အရေးပေါ် သွေးသွင်းရမယ်တဲ့။ တစ်ခါမှ မကြုံဘူးတဲ့ ကြောက်စရာအကောင်းဆုံးရောဂါပါပဲ ..."
မီဒီယာသမားတစ်ယောက် လုပ်ရတာလည်း ဘဝကို ခင်တွယ်စရာ တစ်စက်မှမရှိအောင်ပါပဲ။ တစ်ချိန်လုံး ကင်မရာ၊ တီဗီနဲ့ ကွန်ပျုတာရှေ့မှာ အချိန်ကုန်ရင်း ကျွန်မဘ၀ သက်သက်ကြီး အမှောင်ကျနေသလို ခံစားလာရတယ်။ စိတ်ရှုပ်လွန်းလို့ အပြောင်းအလဲလေးတစ်ခုတော့ တကယ်လိုနေပြီဆိုတာ မီးစိမ်းပြနေခဲ့ပြီ။ ဒီတိုင်းနေလို့တော့ မဖြစ်တော့ပါဘူး။
နိစ္စဓူဝတွေက ကောင်းကောင်းကင်းလွတ်ဖို့ တစ်ချိန်လောက်တော့ လွတ်မြောက်ချိန်လေး ရှာကြည့်ချင်မိပါရဲ့။
သီချင်းလေး တအေးအေးနဲ့ အင်တာနက် ဖွင့်လိုက်တော့ ဘာလီကျွန်းရဲ့ ခရီးစဉ်တွေက အံ့သြစရာကောင်းလောက်အောင် ဈေးချိုနေတယ်လေ။ ဒါနဲ့ ချက်ချင်းပဲ လေယာဉ်လက်မှတ်ဖြတ်ပြီး ပျော်စရာ သိပ်ကောင်းတဲ့ ဘာလီကျွန်းခရီးစဉ်ကို စတင်လိုက်ပါတော့တယ်။
စင်ကာပူက ရည်းစားလေးကိုပါ လှမ်းချိတ်လိုက်သေးတယ်။ သိတယ်မလား။ ခရီးထွက်တယ်ဆိုတာ အဖော်လေးတော့ ပါမှလေ။
သူနဲ့ကိုယ်တို့ သာသာယာယာပဲ၊ ဘာလီကျွန်းရဲ့ အလှအပတွေကို ခံစားရင်း ကျွန်းပေါ်က ဘဝသစ်လေးတစ်ခုမှာ အမေ့မေ့ အလျော့လျော ့ပျော်နေခဲ့ကြတယ်။
ပြန်ချိန်တန်လို့ ပြန်လာခဲ့ရပေမယ့် တကယ်တော့ မပြီးဆုံးချင်သေးတဲ့ အမှတ်တရတွေထဲမှာ အဲဒီက အကြောင်းတွေကို ထိပ်ဆုံးက တင်ရလိမ့်မယ်ထင်တယ်။
ပြန်ရောက်တဲ့မနက်ထိ လူက ကျန်းကျန်းမာမာပဲ။ ဇာတ်လမ်းက တနင်္ဂနွေနေ့ကျမှ စတာ။
နိုးလာတော့ အဆစ်တွေ အရမ်းကိုက်နေတယ်။ အရေပြားတွေလည်း နာကျင်နေတယ်။ တုပ်ကွေးလို့ပဲ မှတ်ယူပြီး ပါရာစီတမောလေး သောက်ပြီး နားနေဖြစ်တယ်။
နားပေမယ့် အဆင်မပြေပါဘူး။ ကြာသပတေးနေ့ကျတော့ လူက လမ်းကို မလျှောက်နိုင်တော့ဘူး။ တစ်ကိုယ်လုံးပျော့ပြီး အားတွေ အကုန်ဆုတ်ယုတ်သွားသလိုပဲ။ ကျွန်မအစ်ကိုက ကျွန်မကို မဟန်ဘူးဆိုပြီး ဆေးရုံ ချက်ချင်းပို့ပေးတယ်။
ဆေးရုံရောက်တော့ ဇီကာဗိုင်းရပ်စ် ကူးတယ်ထင်ပြီး သီးသန့်ခန်းထဲ ချက်ချင်းပို့ခံရတယ်။ အရှေ့တို်င်းက ပြန်လာတယ်ဆိုတော့ သေချာတယ်၊ ဆရာ၀န်တွေကလည်း ဒီဗိုင်းရပ်စ် ကူးခံရပြီပဲ တွက်ကြတာပေါ့။
ကလောင်ဆို ဝင်လာတဲ့ မက်ဆေ့ချ်တစ်စောင်က အခြေအနေ အရပ်ရပ်ကို ပြောင်းသွားစေပါတော့တယ်။ စင်ကာပူက ချစ်သူဆီကလေ။
" ချစ်ရေ ... နေကောင်းလား ... မောင်တော့ သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံရောက်နေပြီ " တဲ့။
ကျွန်မ ချက်ချင်းပဲ ဆရာဝန်တွေကို လှမ်းခေါ်တယ်။ သိပ်မကြာတဲ့ အချိန်လေးအတွင်းမှာပဲ ကိုယ့်မှာေ သွးလွန်တုပ်ကွေး ဖြစ်နေပြီဆိုတဲ့အကြောင်း အတည်ပြုခဲ့ကြပြီလေ။
စိတ်ဆင်းရဲစရာ အကောင်းဆုံးတွေကို ပြန်ပြောပြရရင် ခေါင်းကိုက်တာကတော့ အလူးအလဲပဲ။ မျက်လုံးတွေ ကိုက်တယ်။ အသားတွေ နာတယ်။ အဆစ်တွေ ကိုက်တယ်။ တစ်ကိုယ်လုံးမှာ အပိန့်တွေ ထလာသေးတယ်။ သွေးတွင်းက သွေးခဲစေတဲ့ဓာတ်က အောက်ဆုံးထိ ထိုးကျသွားပြီး အရေးပေါ် သွေးသွင်းရမယ်တဲ့။
ကဲ ... ကျွန်မအဖြစ်ကို တွေးသာကြည့်ကြပါတော့။ သာသာယာယာ ခရီးလေးကို စမြုံ့ပြန်လို့မှ မဆုံးသေးဘူး။ အရှေ့တိုင်းက ကူးလာတဲ့ သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံမှာ အပြင်းအထန် ဝေဒနာခံခဲ့ရပြီ။
ဘယ်သူမပြု မိမိမှုဆိုသလိုပဲ ခရီးထွက်ကြမယ့် မိတ်ဆွေတွေအတွက် ဟောဒီမှာ အဲဒီသွေးလွန်တုပ်ကွေးဆိုတဲ့ရောဂါ ကာကွယ်ဖို့ အကြံကောင်းတွေ ပေးပါရစေ။
● ခြင်ဆန်ခါ တပ်ထားတဲ့ အဲယားကွန်းပါတဲ့ နေရာကို ရွေးချယ်တည်းခိုပါ။ ညရော၊ နေ့ရော အေးဆေး သက်သာ နားမယ်ဆို ခြင်ထောင်လေးပါ,ပါစေ။
● ပါးပါးလျားလျား၊ ပွပွချောင်ချောင်လေးတွေ ဝတ်ပါ။ ဥပမာ - ဂါဝန်လိုပွပွလေးတွေဆို လမ်းလျှောက်တိုင်း တလွင့်လွင့်နဲ့ဆိုတော့ ခြင်တွေ မကပ်ဘူး။
● အရေပြားဖြန်းတဲ့ ခြင်ဆေးတွေ၊ လူးဆေးတွေ ခြင်မကပ်နိုင်တဲ့ အထူးထုတ် ချည်ထည်လေးတွေ ဆောင်သွားစေချင်တယ်။
● နောက်ပြီး ကိုယ်က ရက်ရှည်နေမယ့်သူဆိုရင် အကျႌရေစိုတွေ၊ ရေ အကြွင်းအကျန်တွေကို တစ်ခါတည်း လှယ်ပစ် သွန်စေချင််တယ်။ ဘယ်က ရောက်လာမှန်းမသိတဲ့ သွေးလွန်တုပ်ကွေးခြင်က ကိုယ့်ရဲ့ခရီးစဉ်လေးကို ပျက်စီးစေမယ်လေ။
ကျွန်မအနေနဲ့ကတော့ တစ်ခါဆိုတစ်ခါ မှတ်လောက်သားလောက်ပါပဲ။ ကလေးတွေတင် သွေးလွန်တုပ်ကွေး ဖြစ်တာမှမဟုတ်ပဲ။ ကျွန်မတို့လို အရွယ်ကောင်းတွေလည်း ဖြစ်နိုင်တယ်ဆိုတာ အသိတရား ရခဲ့ရတယ်။ ဖြစ်ပြီဆိုရင်တော့ လုံးဝသေလုမျောပါး ခံစားရတော့တာပါပဲ။ ခေါင်းကိုက်တာဆိုတာ ဘာနဲ့မှကိုမတူအောင် ပြင်းထန်ပြီး တစ်ကိုယ်လုံး အားတွေ ဆုတ်သွားပြီး မတ်တတ်ကနေ လဲမလိုထိ ခံစားခဲ့ရတာ ကိုယ်တွေ့ပါပဲ။
နောက်တစ်ခါ ဘယ်သွားသွား ခြင်ထောင်လေးတွေ ဆောင်သွားမယ်။ ခြင်ဆေး ဖြန်းဆေး၊ လိမ်းဆေး အပါဝယ်မယ်။ ဒီလို ဆေးရုံတက်ရတဲ့ သွေးလွန်တုပ်ကွေး ခံစားရတဲ့ဒုက္ခမျိုး နောက်ထပ် မခံနိုင်တော့လို့ပါ။ ကိုယ့်ကိုယ်ကို ကံကောင်းလို့ အသက်ရှင်တယ်လို့ပဲ မှတ်ယူပါတယ်။ ကျွန်မ တစ်သက်တာအတွက် သင်ခန်းစာပါပဲ။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)















