မနက်ခင်းစောစော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
ကျွန်မတို့ဟာ ကျန်းမာရေးအတွက်ဖြစ်စေ body beauty အတွက်ဖြစ်စေ လေ့ကျင့်ခန်းပြုလုပ်ကြတဲ့အခါမှာ ကိုယ်နှင့် အများဆုံးအဆင်ပြေမယ့်အချိန်ကို ရွေးပြီး ပြုလုပ်ကြလေ့ရှိပါတယ်။ တချို့ကလည်း ညဘက်ပြုလုပ်ကြတာ နှစ်သက်သလို တချို့ကလည်း မနက်ခင်း ညနေဘက်စသဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မနက်ခင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) အနှောက်အယှက်နည်းပါးခြင်း
မနက်စောစောဖြစ်တဲ့အတွက် အလုပ်က စာတွေ၊ ဖုန်းတွေဟာ သင့်ဖုန်းဆီသို့ မဝင်လာသေးပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းကို ကောင်းကောင်း အချိန်ယူ ပြုလုပ်နိုင်ပါတယ်။
(၂) အပူဒဏ်ရှောင်နိုင်ခြင်း
နွေရာသီလိုကာလမျိုးဆို မနက် ၁၀ နာရီလောက်ကတည်းက နေပူရှိန်ပြင်းနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မနက်စောစော လေ့ကျင့်ခန်းလုပ်မယ်ဆိုပါက ချွေးထွက်နည်းနိုင်မှာ ဖြစ်ပါတယ်။
(၃) နိုးကြားတက်ကြွစေခြင်း
မနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်တွင်းရှိဟော်မုန်းတွေကို မျှတမှန်ကန်စေပါတယ်။ နိုးကြားတက်ကြွစေတဲ့ ကော်တီဇောဟိုမုန်းတွေဟာ မနက်ပိုင်းမှာ ပိုမြင့်မားတာဖြစ်တဲ့အတွက် ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေကုန် တက်ကြွနေစေမှာပါ။
(၄) စွမ်းအင်တိုးပွားစေခြင်း
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ စွမ်းအင်ကို မြင့်တက်စေပြီး ပင်ပန်းမှုတွေ ပြေပျောက်စေနိုင်ပါတယ်။ မနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေကုန် အားအင်ပြည့်နေစေမှာပါ။
(၅) စိတ်ခံစားမှုကောင်းစေခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေမယ့် ဆေးတစ်ခွက်ဆိုတာ သိကြမယ်ထင်ပါတယ်။ မနက်စောစော လေ့ကျင့်ခန်း ထလုပ်တာဟာ နေ့တစ်နေ့ကို ကောင်းသောစတင်ခြင်းတစ်ခုဖြစ်ပြီး တစ်နေကုန် စိတ်ကြည်လင်ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။
(၆) သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးခြင်း
အမျိုးအစား (၁) ဆီးချိုသမားတွေဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိနိုင်ပါတယ်။ မနက်ခင်းမှာများများထွက်တဲ့ ကော်တီဇော်ဟိုမုန်းတွေဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။
(၇) သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
ကိုယ်လက်လှုပ်ရှားခြင်းဟာ သွေးတိုးရောဂါကို ထိန်းချူပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ သွေးတိုးရောဂါရှိသူများအနေနှင့် မနက်စောစော လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သွေးပေါင်ကို ထိန်းညှိနိုင်ကြောင်း လေ့လာချက်များအရ သိရှိရပါတယ်။
(၈) အိပ်ရေး၀၀ အိပ်ပျော်စေခြင်း
မနက်ခင်း လေ့ကျင့်ခန်းပြုလုပ်သူများဟာ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြသလို အိပ်ပျော်ဖို့ အချိန်ကြာကြာယူစရာမလိုဘဲ ခေါင်းချတာနှင့် အိပ်ပျော်လေ့ရှိကြပါတယ်။
မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရနိုင်တာမို့ ပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























