/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မနက်-နိုးလာချိန်မှာ-ခြေထောက်တွေ-လှုပ်လို့မရတော့တဲ့-ထူးဆန်းတဲ့ရောဂါ

မနက် နိုးလာချိန်မှာ ခြေထောက်တွေ လှုပ်လို့မရတော့တဲ့ ထူးဆန်းတဲ့ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနေ့ကမှအကောင်း မနက်နိုးလာချိန်ကစလို့ ခြေထောက်တွေ လေးလံလာပြီး လှုပ်မရတော့တဲ့အထိ ဖြစ်စေတဲ့ ထူးဆန်းတဲ့ရောဂါကို ခံစားခဲ့ရသူ လူငယ်လေးတစ်ယောက်ရဲ့ ကိုယ်တွေ့အတွေ့အကြုံပါ။

          ပွဲစီစဉ်သူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတဲ့ ဝဝဖိုင့်ဖိုင့် အသက် ၂၅ နှစ်အရွယ် လူချောလေးဒန်နီရယ်က သူ့မှာ ထူးဆန်းတဲ့ရောဂါ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဘူးပါဘူးတဲ့။

          တစ်နေကုန် လုပ်ငန်းဆောင်တာတွေအပြီး အိပ်ရာဝင်ခါနီးအချိန်မှာ ရုတ်တရက် ခြေထောက်တွေ လေးနေသလို ခံစားလိုက်ရပါတယ်။ အလုပ်ရှုပ်တဲ့ပွဲရာသီလည်းဖြစ် ကုမ္ပဏီမှာလည်း လူနည်းနေ ရက်တွေဆက် ဂျူတီတွေကများနဲ့ စိတ်ဖိစီးနေတဲ့ လူငယ်လေးကတော့ သူ ပင်ပန်းလို့နေမှာပါလို့ တွေးရင်း စိတ်အေးအေးနဲ့ပဲ လှဲချအိပ်ပျော်သွားခဲ့တာပါ။

          မနက်မိုးလင်းတဲ့အခါ သူ့ခြေထောက်တွေဟာ ခုတင်ပေါ်ကချဖို့တောင် အတော် အားယူနေရပါတယ်။ သူ စိတ်တွေ လေးနေပြီး ညကပဲ ဖိအိပ်နေမိလို့်လား ခြေထောက်တွေ လမ်းလျှောက်တာ သိပ်များလို့လားလို့ တွေးနေမိတုန်းပါပဲ။

          အကျီလဲပြီး အလုပ်ကိုလာဖို့ ကားတံခါးဖွင့်နေချိန်မှာတောင် သူ့ရဲ့ခြေထောက်တွေဟာ ဆက်တိုက်လေးကန်နေတာကို ခံစားနေရတာပါပဲ။

          အသိတစ်ချက် ဝင်လာပြီး သူ့ရဲ့ကားကို ဆေးရုံဆီကို ဦးတည်မောင်းနှင်ခဲ့ပါတော့တယ်။ ဘရိတ်နဲ့လီဗာ နင်းထားတဲ့ ခြေထောက်တွေကလည်း ထင်မထားလောက်အောင် လေးကန်လို့။ သူဟာ ကားကို သတိနဲ့မောင်းရင်း ဆေးရုံရှေ့ကို ကားရောက်ခဲ့ပါပြီ။

          အရေးပေါ်ခန်းကနေ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်နဲ့ ပြသဖို့ ဒန်နီရယ်ဟာ လုံးဝမလျှောက်နိုင်တော့တဲ့ အခြေအနေရောက်နေပြီး တွန်းလှည်းထိုင်ခုံနဲ့ ခေါ်ခဲ့ရပါတယ်။

          ဦးနှောက်ဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ရိုက်ကူးပြီး အထိတ်တလန့် ဖြစ်နေတဲ့ ဒန်နီရယ်ကို ဆရာဝန်တွေက တိကျတဲ့အဖြေတစ်ခု ပေးခဲ့ကြပါတယ်။

          အဝလွန်တာရယ် မျိူးရိုးရယ်ကြောင့် သူ့ရဲ့ကျောရိုးဟာ ကျဉ်းလာပြီး  အာရုံကြောမကြီး ညှပ်သွားပါတယ်။ ဒီတော့ အာရုံကြောမကြီး ညပ်နေတဲ့၊ ကျဉ်းနေတဲ့ အစိတ်အပိုင်းကနေ ထောက်ပ့ံပေးနေတဲ့ အာရုံကြောငယ်လေးတွေ၊ ခြေထောက်လှုပ်ရှားတဲ့ အာရုံကြောတွေ အကုန်ထိခိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အရေးပေါ်ခွဲခန်းဝင်ပြီး ကျဉ်းနေတဲ့ မြောင်းလေးမှာ ပိနေတဲ့အာရုံကြောကို ဖြေထုတ်ခဲ့ကြပါတယ်။

          ဒန်နီရယ်ဟာ အခုချိန်မှာ လုံးဝနေကောင်းနေပြီး ခြေထောက်နှစ်ဖက် ပြန်လည်လှုပ်ရှားနိုင်ဖို့ အကြောအဆစ် ပညာရှင်တွေနဲ့ ကြိုးစားလေ့ကျင့်နေရပါတယ်။ အာရုံကြောတွေဟာ ပြန်လည်အကောင်းပကတိဖြစ်ဖို့ အလွန်အချိန်ကြာတတ်ပေမယ့် လုံးဝပြန်ကောင်းနိုင်မယ့် လမ်းပြန်လျှောက်နိုင်မယ့် အခြေအနေရှိတယ်လို့ ဆရာဝန်တွေကတော့ အားပေးထားပါတယ်။

          လူငယ်ပီပီဒန်နီရယ်က အားတော့မလျှော့ပေမယ့် စိတ်ဓာတ်တော့ ကျချင်ချင်ပါပဲ။ ဒါပေမဲ့ ရောဂါကို သိရှိပြီး ချက်ချင်း ကုသနိုင်လိုက်တာရယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ဆောင်တာတွေရယ်ကြောင့် ပြန်လည်နေကောင်း ကျန်းမာပြီး လမ်းပြန်လျှောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)