မှတ်ဉာဏ်ကောင်းမွန်စေဖို့အတွက် စားသုံးသင့်သောအစားအစာများနှင့် ရှောင်ကြဉ်ရမည့်အစားအစာများ
လေ့လာမှုအသစ်တစ်ခုအရ အစားအစာကိုကောင်းမွန်စွာစားသုံးသူတွေဟာ အယ်ဇိုင်းမားရောဂါ (မှတ်ဉာဏ်ချို့ယွင်းသောရောဂါဖြစ်နိုင်ချေ) ကို သုံးပုံတစ်ပုံလျော့ကျစေတယ်လို့ သိရပါတယ်။ ဦးနှောက်စွမ်းဆောင်မှုကို ကောင်းမွန်စေတဲ့စားသုံးသင့်တဲ့ အစားအစာ 9 မျိုးနဲ့ မှတ်ဉာဏ်ကိုထိခိုက်စေတဲ့အတွက် အကန့်အသတ်နဲ့သာစားသုံးသင့်တဲ့ အစားအစာ 4 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
ဦးနှောက်ကို အားပေးတဲ့အစားအစာတွေကတော့
1. ငါး
ဦးနှောက်လုပ်ငန်းတွေကို ကောင်းမွန်စေတဲ့ omega-3 fatty acid ပါဝင်ပါတယ်။
2. အိမ်မွေးကြက်
ကြက်ဥအနှစ်မှာပါဝင်သော choline၊ ဗီတာမင် B တို့က ဦးနှောက်လုပ်ငန်းတွေကို အားပေးပါတယ်။ ကြက်သားက အာဟာရဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသားဓာတ်လည်းပေါကြွယ်ဝပါတယ်။
3. သံလွင်ဆီ
သတိမေ့ခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ အသုပ်တွေမှာ အခြားအစာပလာတွေထည့်မယ့်အစား အရည်အသွေးကောင်းတဲ့ သံလွင်ဆီနဲ့သုပ်ပြီး သံပရာရည်လေးညှစ်ထည့်လိုက်ရင် အာဟာရပြည့်ဝပြီး အရသာရှိတဲ့အသုပ်ဖြစ်လာမှာပါ။
4. ဝိုင်
တစ်နေ့ကို ဝိုင် 5 အောင်စ သောက်သုံးခြင်းဖြင့် သတိမေ့ခြင်းကိုလျော့ကျစေပါတယ်။ အရက်အနည်းငယ်ပါဝင်မှုက အင်ဆူလင်တုန့်ပြန်မှုကိုကောင်းစေပြီး ဆီးချို၊ သွေးတိုးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။
5. အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်ပါတယ်။
6. အခြားဟင်းသီးဟင်းရွက်များ
အရောင်တစ်မျိုးစီမှာ အာဟာရဓာတ်တစ်မျိုးစီပါဝင်ပြီးတော့ ဒီအာဟာရဓာတ်တွေက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ အရောင်တွေပါဝင်တဲ့ အဓိကအရင်းအမြစ်တွေဖြစ်ပြီး အသက်ကြီးလာသော်လည်း ဦးနှောက်ကိုကျန်းမာစေဖို့အတွက် ဗီတာမင်အမျိုးမျိုးပါဝင်ပါတယ်။
7. အခွံမာသီးများ
အခွံမာသီးတွေက ကောင်းမွန်တဲ့အဆီတွေရဲ့ အဓိကအရင်းအမြစ်တွေပဲဖြစ်ပါတယ်။ ဒီအဆီတွေက ဦးနှောက်ရဲ့စွမ်းဆောင်မှုတွေကို ကောင်းမွန်စေဖို့အတွက် အရေးကြီးပါတယ်။
8. ဘယ်ရီသီးများ
ဘယ်ရီသီးတွေမှာ အရသာနဲ့ပြည့်စုံပေမယ့် သွေးတွင်းသကြားဓာတ်ကိုမတက်စေပါဘူး။ သစ်သီးတွေဟာ ကျန်းမာရေးအတွက်အလွန်ကောင်းပြီး ဘယ်ရီသီးတွေမှာတော့ အင်တီအောက်ဆီးဒင့်နဲ့ ဦးနှောက်ကိုအားပေးတဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။
9. ပဲအမျိုးမျိုး
ပဲတွေမှာ အသားဓာတ်နဲ့ အမျှင်ဓာတ်တွေပေါကြွယ်ဝတဲ့အတွက် အရသာရှိပြီး ဈေးမကြီးတဲ့ ဒီပဲတွေကို များများစားပေးဖို့လိုအပ်ပါတယ်။
အောက်ပါအစားအစာများ စားသုံးခြင်းကို ကန့်သတ်ပါ။
1. အနီရောင်ရှိသောအသားများ (အမဲသား၊ ဝက်သား)
လေ့လာမှုတစ်ခုအရ အနီရောင်အသားတွေက ရောင်ရမ်းခြင်းကိုအားပေးပြီး မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ပိုဖြစ်စေပါတယ်။
2. ဒိန်ခဲ
ဒိန်ခဲစားသုံးမယ့်ဆိုရင်တော့ အရည်အသွေးကောင်းမွန်တာကိုရွေးချယ်ပြီး အနည်းငယ်ပဲစားသုံးသင့်ပါတယ်။
3. ပေါင်မုန့်နှင့် ချိုသောအစားအစာများ
ဆိုင်မှာလုပ်တဲ့မုန့်အများစုမှာ အဆီဓာတ်တွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေရုံသာမက သတိမေ့ခြင်းကိုလည်းအားပေးပါတယ်။
4. အသင့်စားအမြန်စာများနှင့် ဆီအများကြီးနဲ့ ကြော်ထားတဲ့အစားအစာများ
ဒီအစားအသောက်တွေမှာလည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေနဲ့ ဆီတွေအများကြီးပါဝင်ပါတယ်။
Dr. Mya Myo Myo Swe






























