/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေတိမ်ကို-အသိနောက်မကျစေဖို့

ရေတိမ်ကို အသိနောက်မကျစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကျွန်မမှာ ရေတိမ်ရောဂါ ရှိတယ်လို့ ပြောတဲ့အချိန်မှာ အရမ်းတော့ အ့ံအားမသင့်ပါဘူးလေ။ ကျွန်မရဲ့အမေဘက်က အဘွားမှာလည်း ရေတိမ်ရှိပြီးတော့ ကျွန်မ မှတ်မိသလောက် မျက်စဉ်း အမြဲခပ်နေရတာပါပဲ။ ရေတိမ်က မျိုးရိုးလိုက်တတ်တယ်ဆိုလို့ ကျွန်မမှာလည်း ဒီရောဂါဖြစ်နိုင်ချေ များပါတယ်။ အဘွားကိုကြည့်ပြီး သိခဲ့တဲ့ နောက်တစ်ချက်ကတော့ ရေတိမ်ကို မကုဘဲထားရင် မျက်စိကန်းမယ် ဆိုတာပါ။

          ကျွန်မ မျက်မှန်တပ်ရတာ ကြာပါပြီ။ လွန်ခဲတဲ့ ၉ နှစ်လောက်က ကျွန်မမှာ အမြင်အာရုံပြဿနာတွေ စပြီး ခံစားခဲ့ရပါတယ်။

          ရေတိမ်ဆိုတာကို လေ့လာကြည့်ရသလောက် ဒါက ဘေးဘက်အမြင်တွေကို ထိစေပြီးတော့ ကျွန်မမှာဆိုရင် ဒီရောဂါက မျက်လုံးထဲမှာ ဖိအားတွေ အမြဲများနေလို့ ဖြစ်ရတာပါ။ ကျွန်မကို လအတော်ကြာအောင် စောင့်ကြည့်ပြီးတော့ စမ်းသပ်မှုတွေလုပ်ပြီးမှ ရေတိမ်အတွက် မျက်စဉ်းပေးပါတယ်။ ပထမဆုံးအနေနဲ့ မျက်လုံးကြွက်သားတွေကို အနားပေးပြီးတာ့ မျက်လုံးထဲကအရည်တွေကို စီးဆင်းမှုကောင်းစေကာ မျက်လုံးအတွင်းဖိအားကို လျော့ကျစေတဲ့ Xalatan လို့ခေါ်တဲ့ မျက်စဉ်းကို ခပ်ရပါတယ်။

          ရေတိမ်ရှိတဲ့ တခြားလူအများစုလိုပဲ ကျွန်မမှာလည်း လက္ခဏာတွေ မပြပါဘူး။ ပထမပိုင်းမှာဆိုရင် အမြင်အာရုံ ပြောင်းလဲလာတာမျိုးလည်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က မျက်စဉ်းခပ်ဖို့ အကြိမ် တော်တော်များများ မေ့ပြီးနောက်မှာ အမြင်အာရုံတွေ ယိုယွင်းလာလို့ အသက်ရှူတောင်မှားပြီး လန့်သွားရပါသေးတယ်။ မျက်စိဆရာဝန်နဲ့ အရေးပေါ်ပြတဲ့အချိန်မှာ မျက်လုံးနှစ်ဖက်လုံးမှာ ဖိအားက 40s ရှိပါသတဲ့။ ပုံမှန်ကတော့ 10-20 တဲ့။

          ကျွန်မရဲ့ မျက်လုံးတွင်းဖိအားက အရမ်းမြင့်နေတော့ ဆရာဝန်က ဆေးပြောင်းပေးလိုက်ပါတယ်။ ဒီဆေးတွေ သုံးပြီးနောက်တော့ အခုထိ ပြဿနာမပေါ်သေးပါဘူး။

          ရေတိမ်ရှိတဲ့သူတွေမှာ အမြင်အာရုံ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပေမယ့်လည်း လုံးဝ မျက်လုံးကွယ်သွားတာမျိုးကတော့ ရှားပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော်အရွယ်တွေနဲ့ ဖြစ်နိုင်ချေများတဲ့သူတွေမှာ ရေတိမ်ကို ပုံမှန်စစ်ဆေးမှုခံယူဖို့ လိုပါတယ်။ ပြီးတော့ အကြံပေးချင်တာက စစ်ဆေးပြီးတော့ ရလာတဲ့အဖြေတွေကို သေချာစဉ်းစားပြီးတော့ ကုသပါ။ ဆိုလိုတာက ကိုယ် မသိတာ၊ မရှင်းတာရှိရင် မေးပါ။ ကျေနပ်တဲ့အထိ မေးပါ။ ကိုယ့်ရဲ့ကျန်းမာရေးအကြောင်းကို သေချာနားလည်နေဖို့ အရေးကြီးပါတယ်။ နောက်တစ်ယောက်ရဲ့ ထင်မြင်ချက်တွေကိုလည်း မေးနိုင်ပါတယ်။

          ကျွန်မရဲ့ အမြင်အာရုံဆုံးရှုံးရတဲ့ အစပိုင်း အကြောင်းအရင်းတွေထဲမှာ ရေတိမ်မပါပေမယ့်လည်း ကျန်နေတဲ့ အမြင်အာရုံကို ထိန်းသိမ်းဖို့တော့ အရမ်းကို ဆန္ဒပြင်းပြပါတယ်။ ကျွန်မမှာ ဖြစ်နေတဲ့ မျက်စိပြဿနာတွေအတွက် မျက်လုံးအထူးကု အတော်များများနဲ့ ကုသမှုခံယူနေပါတယ်။ ဒီမျက်စိပြဿနာက ဖြည်းဖြည်းချင်း ဖြစ်နေပြီးတော့ ကိုယ် ကောင်းကောင်း မမြင်ရတော့ဘူးလို့ သိလို်က်တဲ့အချိန်မှာ နောက်ကျနေပါပြီ။ ဒါကြောင့် မဖြစ်ခင်မှာ ဆရာဝန်နဲ့ ပုံမှန်ပြပြီး စစ်ဆေးမှု ခံယူပါ။ ပြီးရင် ဆရာဝန် ညွှန်ကြားချက်ကို အတိအကျ လိုက်နာပါလို့ အကြံပေးချင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)