နှလုံးကျန်းမာရေးအတွက် လိုက်နာသင့်သော နည်းလမ်းများ
သွေးဖိအားမြင့်မားခြင်း၊ ကိုလက်စထရောများခြင်း၊ နှလုံးရောဂါမျိုးရိုးရှိခြင်းတို့ဟာ နှလုံးတိုက်ခိုက် ခံရနိုင်ချေ၊ လေဖြတ်နိုင်ချေအန္တရာယ်ကို မြင့်မားစေနိုင်တဲ့ အဓိကအကြောင်းရင်းများဖြစ်ပါတယ်။ သင့်အနေနဲ့ နှလုံးကျန်းမာရေးအတွက်လိုအပ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးနိုင်မှသာ ယင်းရောဂါလက္ခဏာများ အန္တရာယ်မှ အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် အဓိကရည်ရွယ်စားသင့်တဲ့ အစားအစာတွေနဲ့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ၊ ကောက်နှံတစ်ခုလုံးပါ၀င်စာစားပါ။
ယင်းအစားအစာတွေမှာပါ၀င်တဲ့ အမျှင်ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။
2. ပဲတောင့်ရှည်၊ အစေ့အဆန်၊ အခွံမာသီးများစားပါ။
ပဲနီကလေး၊ ကုလားပဲ၊ ပဲတောင့်ရှည်၊ အမာသီး၊ အစေ့အဆန်တွေကို တစ်ပတ်မှာ 1-2 ကြိမ်ခန့်ပါ၀င်အောင် စားပေးပါ။
3. ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများကို စားသုံးပါ။
မပြည့်၀ဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ မြေပဲဆီတွေဟာ သွေးကြောအတွင်း သွေးခဲတာမျိုး မဖြစ်စေပါဘူး။ ဒါ့အပြင် အိုမီဂါ 3 ဖက်တီးအက်ဆစ်မြင့်မားစွာပါ၀င်တဲ့ တူနာငါး၊ ဆာမွန်ငါး၊ ဆာဒင်းငါးကို စားပေးခြင်းဖြင့် သွေးဖိအားကို လျော့ကျစေပြီး သွေးကြောအတွင်းသွေးခဲပိတ်ဆို့မှုများကို ကာကွယ်ပေးနိုင်ကာ နှလုံးခုန် နှုန်းမူမမှန်ခြင်းမှလည်း လျှော့ချပေးနိုင်ပါတယ်။
4. အဆီနည်းအသားစားပါ။
အသားတွေထဲမှာဆိုရင် ငါး၊ ကြက်သားစတာတွေကို အဓိကအစားအစာအဖြစ်ပါ၀င်အောင် စားပေးသင့် ပါတယ်။ အချို့အသားတွေမှာ အဆီပါ၀င်မှုများတာကြောင့် အဆီနည်းအသားကို ရွေးချယ်စားသုံးသင့်ပြီး ၀က်ဆားနယ်ခြောက်၊ ၀က်အူချောင်းညှပ်ပေါင်မုန့်၊ ၀က်အူချောင်း၊ ကြက်အူချောင်းစတာတွေကို အကန့်အသတ်နဲ့ စားပေးသင့်ပါတယ်။
5. အစာပုံမှန်စားပါ။
သင့်အနေနဲ့ မနက်စာစားချိန်ကျော်လွန်မိသွားတဲ့အခါ နေ့လယ်စာမှာ နှစ်နပ်စာပေါင်းပြီး ပိုစားမိဖို့ကသေချာနေပါပြီ။ ဒါကြောင့် ကယ်လိုရီလွန်ကဲမှုမဖြစ်စေဖို့၊ သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်ဖို့၊ ဇီ၀တွင်းဖြစ်စဉ်ပုံမှန်ဖြစ်စေဖို့အတွက် အစာကို 5-6 ကြိမ်ခန့်နည်းနည်းချင်းစားပေးသင့်သလို တစ်နေ့မှာ သုံးကြိမ်ခန့်စားသူတွေ အနေနဲ့လည်း အစာစားချိန်ပုံမှန်ရှိသင့်ပါတယ်။
6. ကိုယ်အလေးချိန်လျှော့ချပါ။
ကိုယ်အလေးချိန်များနေသူတွေအတွက် ကိုယ်အလေးချိိန် 5 ပေါင် (သို့) 10 ပေါင်လျော့ချ လိုက်ခြင်းဟာ သွေးဖိအား၊ ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင် တာကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ လေဖြတ်နိုင်ခြေအန္တရာယ်မှ နည်းပါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကို်ယ်အလေးချိန်လျော့ချဖို့ကြိုးစားသင့်ပါတယ်။
7. လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး သွက်လက်တက်ကြွစွာ နေ ထိုင်ခြင်းကြောင့် နှလုံအားကောင်စေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ သွေးတွင်းကောင်းတဲ့ ကိုလက်စထရောများ မြင့်မားစေခြင်း၊ သွေးတွင်းသကြား ဓာတ်ထိန်းချုပ်နိုင်ခြင်းသာမက ကိုယ်အလေးချိန်ကိုလည်း ထိန်းနိုင်ပါတယ်။
8. ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဖြတ်လိုက်ခြင်းကြောင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ 33 ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။
CMS (www.drmyanmar.com)