ရေပူရေအေးကြိုက်ရာရွေး
ရာသီဥတုနဲ့ လူ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီး ရေအေးနှင့်ချိုးခြင်း၊ ရေပူနှင့်ချိုးခြင်း စသည်ဖြင့် ကွဲပြားကြပါတယ်။ အပူပိုင်းဒေသကလူတွေက ရေအေးဖြင့်ချိုးရန်အာသီသရှိသလို အအေးပိုင်းဒေသရှိ လူတွေအတွက်ကတော့ ရေနွေးဖြင့်ရေချိုးမှသာ အဆင်ပြေတာဖြစ်ပါတယ်။ ရေပူရေအေး ဘာကွာခြားမှု ရှိပါသလဲ။ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိပါတယ်။ ကျမ်းတချို့မှာတော့ ဦးခေါင်းပိုင်းအတွက် ရေအေးကို အသုံးပြုသင့်ပြီး ရေပူကမျက်လုံးကိုထိခိုက်စေတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းအတွက်သာ အသုံးပြုသင့်တယ် လို့ဖော်ပြထားပါတယ်။
ရေအေး၏ အကျိုးအာနိသင်များ
1. ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်
ရေအေးဖြင့်ရေချိုးခြင်းဟာ အအေးမိ၊ တုပ်ကွေးရောဂါများကိုကာကွယ်ဖို့အတွက် အားဆေးတစ်လက် ဖြစ်ပါတယ်။ ရေအေးဖြင့်ရေချိုးခြင်းက ပြန်ရည်ကြောစနစ်နှင့် ခုခံအားစနစ်ကိုမြင့် တင်ပေးခြင်းဖြင့် ရောဂါပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ သွေးဖြူဥတွေကို တိုးပွားစေတယ်လို့ လေ့လာမှုတွေ မှာ ဖော်ပြထားပါတယ်။
2. ကိုယ်အလေးချိန်ကိုကျဆင်းစေတယ်
အညိုရောင်ရှိတဲ့ အဆီ (Brown Fat) တွေက ၀ိတ်ကျဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ အညိုရောင်အဆီတွေက ဂလူးတိုစ့်သကြားဓာတ်တွေလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှစွမ်းအင်တွေ များများလောင်ကျွမ်းခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။ ရေအေးနှင့်ရေချိုးခြင်းက အညိုရောင်အဆီကိုတိုးပွားစေတယ်လို့သိရပါတယ်။
3. စိတ်ကျန်းမာရေးကိုသက်သာစေနိုင်တယ်
ရေအေးဖြင့်ရေချိုးခြင်းက ကိုယ်ကျန်းမာစေရုံသာမက စိတ်ချမ်းသာစေပါတယ်။ Virginia Commonwealth university ရှိ Radiation Oncology ဌာနမှ လေ့လာချက်အရ ရေအေးမှာ ဦးနှောက်အတွင်းရှိ Blue Spot ကိုလှုံဆော်ပေးနိုင်တယ်လို့သိရပါတယ်။ Blue Spot ဆိုတာ စိတ်ကျေ၀ဒနာတွေကိုသက်သာအောင်ကူညီပေးနိုင်တဲ့ နော်အက်ဒရီနယ်လင်း (Noradrenaline) ထွက်ရှိတဲ့ အဓိကနေရာဖြစ်ပါတယ်။
4. ပြန်ရည်ကြောများစီးဆင်းမှုကိုကောင်းမွန်စေတယ်
ပြန်ရည်ကြောအဖွဲ့အစည်းက ခန္ဓာကိုယ်အတွင်း၌ ဆဲလ်များမှစွန့်ပစ်ပစ္စည်းများကို ပြန်ရည်ဖြင့် သယ်ဆောင်ပေးခြင်း၊ ရောဂါပိုးမွှားများကိုတိုက်ထုတ်ရာတွင် ကူညီခြင်းတို့ကိုလုပ်ဆောင်ပေးပါ တယ်။ ပြန်ရည်များတနေရာမှ တနေရာသို့စီးဆင်းနိုင်အောင် ကြွက်သားများက ကျုံနိုင်အားကပြွန်ရည်များတနေရာမှ တနေရာသို့စီးဆင်းနိုင်ရန်အတွက် ကြွက်သားများက လုပ်ဆောင်ပေးပါတယ်။ ရေအေးဖြင့်ရေချိုခြင်း က ကြွက်သားများကိုကျုံ့စေခြင်းဖြင့် ပြန်ရည်များတနေရာမှ တနေရာသို့ ရောက်ရှိအောင်ကူညီပေးပါတယ်။
5. အဆုတ်ကျန်းမာရေးကိုကောင်းမွန်စေတယ်
ရေအေးဖြင့်ရေချိုးချိန်တွင် အသက်ပြင်းပြင်းရှုရှိုက်ခြင်းက လေ့ကျင့်ခန်းလုပ်သကဲ့သို့ပင် အဆုတ်အားကိုကောင်းစေပါတယ်။
6. အသားအရေနှင့် ဆံပင်ကိုကောင်းမွန်စေတယ်
ရေအေးကမွှေးညှင်းပေါက်နှင့် ဖယောင်းလွှာကိုကျဉ်းစေတဲ့အတွက် ဆံသားကိုပိုမိုတောက်ပြောင်စေပြီး ပိုမိုကျန်းမာတဲ့အသားအရေကိုဆောင်ကြဉ်းပေးနိုင်ပါတယ်။ အရေပြားကိုအဆိပ်အတောက်ကင်းစေတာကြောင့် ငယ်ရွယ်နုနယ်တဲ့အသားအရေကိုပိုင်ဆိုင်စေပါတယ်။
7. လန်းဆန်းတက်ြကွစေပြီးစိတ်ဖိအားကိုလျော့ကျစေပါတယ်
စိတ်တွေရှုပ်ပြီး ညီးစီစီဖြစ်နေချိန်တွင် ရေအေးဖြင့်ရေချိုးခြင်းက အာရုံကြောတွေကို လှုံ့ဆော်ပေးတာကြောင့် လူကိုလန်းဆန်းစေပါတယ်။
8. ကာမရာဂစိတ်ကိုတိုးပွားစေတယ်
ရေအေးဖြင့်ရေချိုးခြင်းက တက်စထိုစတီရုန်း (testosterone) ဟော်မုန်းထွက်ရှိမှုကိုလှုံ့ဆော်ပေးပြီး ကာမရာဂစိတ်ကိုတိုးပွားစေတယ်လို့ လေ့လာမှုတွေမှာဖော်ပြထားပါတယ်။
ရေပူဖြင့်ရေချိုးခြင်းအကျိုးများ
1. အအေးမိေ၀ဒနာကိုသက်သာစေတယ်
ရေနွေးဖြင့်ရေချိုးခြင်းကြောင့် ရေနွေးငွေ့ကနှပ်၊ ချွဲ၊ သလိပ်တို့ကိုပျော့ပြောင်းစေကာ အပြင်သို့ ထွက်လာအောင်ကူညီပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းတလျှောက် ရှင်းလင်းအောင်ကူညီပေးနိုင်ပါတယ်။
2. စိတ်အပန်းကိုပြေစေတယ်
စိတ်ရှုပ်မှု၊ ဖိစီးမှုတွေကြုံလာချိန်မှာ ရေနွေးဖြင့်ရေချိုးခြင်းက မှီခိုစရာပခုံးတစ်ခုအဖြစ် ရှိနေပေးပါလိမ့်မယ်။ ရေနွေးနွေးလေးဖြင့်သာချိုးလိုက်ပါ။ နှလုံးခုန်နှုန်းကိုပြေလျော့စေပြီး စိတ်ကို တည်ငြိမ်စေတာကြောင့် ကောင်းစွာအိပ်ပျော်စေပါတယ်။
3. ြကွက်သားတောင့်တင်းမှုတွေကိုပြေလျော့စေတယ်
ကြွက်သားများနာကျင်ခြင်းကိုသက်သာစေပါတယ်။ ရေနွေးဖြင့်ရေချိုးခြင်း က တောင့်တင်းနေသောကြွက်သားများကိုသာမက အသေးစားထိခိုက်ဒဏ်ရာရခြင်း၊ အရိုးအဆစ်များနာကျင်ခြင်းတို့ကိုပါ သက်သာစေပါတယ်။
4. အရေပြားကိုစင်ကြယ်စေတယ်
ရေနွေးဖြင့်ရေချိုးခြင်းက မွှေးညှင်းပေါက်တွေကိုကျယ်စေတာကြောင့် အရေပြားအတွင်းပိုင်းအထိပါ သန့်စင်ပေးနိုင်ပါတယ်။ ရေရဲ့အပူချိန်ကြောင့် ရောဂါပိုးမွှားတွေကိုလည်း သေစေနိုင်နိုင်တယ်လို့သိရပါတယ်။
5. သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
ရေနွေးဖြင့် စိပ်ချိုးခြင်းကသွေးကြောများ အတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်စေ ပါတယ်။ ရေက ခန္ဓာကိုယ်ပေါ်တွင် ဖိအားတစ်ခုကိုဖန်တီးပေးထားခြင်းဖြင့် နှလုံးရဲ့စွမ်းဆောင်ရည် ကိုမြင့်တက်စေပါတယ်။ ဒါကြောင့် ရေထဲတွင်စိမ်ထားချိန်တွင် နှလုံးခုန်နှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးရောဂါရှိသူတွေကတော့ ဆရာ၀န်နှင့်တိုင်ပင်သင့်ပါတယ်။
6. သွေးတွင်းရှိသကြားဓာတ်ကိုလျော့ကျစေပါတယ်
ရေနွေးကန်ထဲတွင် မိနစ် 20 ခန့် စိမ်ထားပါက သွေးတွင်းရှိသကြားဓာတ်ကို 13% ထိလျော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေမှာဖော်ပြထားပါတယ်။
ရေဘယ်လိုချိုးသင့်သလဲ
အလောတကြီးမချိုးပါနှင့်။ သုတေသီတွေရဲ့အဆိုအရ ရေအေးနှင့်ချိုးမယ်ဆိုရင် ဦးခေါင်းပိုင်းမှစပြီး လောင်းပါ။ ရေနွေးနှင့်ချိုးမယ် ဆိုရင်တော့ ခြေထောက်မှစပြီးချိုးပါ။ အသဲရောဂါရှိသူ၊ အစာမကြေသူတွေကရေအေးနှင့်ချိုးသင့်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါရှိသူ၊ အရိုးအဆစ်ရောင်ရမ်းနာရှိသူတွေက ရေနွေးနှင့်ချိုးသင့်တယ်လို့ သုတေသီတွေကအကြံပြုထားပါတယ်။
Dr. Htet Htet Aung















