ရှားရှားပါးပါး ဆေးလောကဖြစ်ရပ်တွေကပေးတဲ့ သင်ခန်းစာများ
● ဖုန်းသုံးရင်း ရုတ်တရက် မမြင်တော့တာ မျက်စိထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။ တစ်ညလေး အမှောင်ထဲမှာ ဖုန်းကြည့်ပြီးနောက် မနက်စောစောမှာ ရုတ်တရက် အမြင်အာရုံ ချွတ်ယွင်းတတ်ပါတယ်။ အမှောင်ထဲမှာ ဖုန်းမသုံးပါနဲ့။ မီးမှိန်မှိန်လေး ဖွင့်ထားပါ။ ဖုန်းစခရင်အလင်းကို အဆုံးထိ လျှော့ချထားပါ။
● မီးလောင်ရင် ထိခိုက်မိသလို အအေးလောင်တာဆိုတာလည်း ရှိပါတယ်။ နှင်း ဆောင်းတွင်း အအေးထဲမှာ အကြာကြီး အလုပ်လုပ်ရသူတွေဟာ နှင်းကိုက်တယ်လို့ခေါ်တဲ့ လက်ချောင်းလေးတွေ သွေးမလျှောက်တဲ့ရောဂါ ဖြစ်ကုန်ကြပါတယ်။
● ခွဲစိတ်မှုတိုင်းက အန္တရာယ် အသွယ်သွယ်နဲ့ပါ။ အမေရိကန်မှာ လည်ပင်းအကျိတ်ခွဲရင်း ပါးစပ်၊ မျက်နှာ၊ မေးစေ့နဲ့ နှာခေါင်းတွေ မတော်တဆ ထိခိုက်သွားတဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
● ခရုချက်ကြိုက်သူများ သတိထားဖို့က ခရုမှာပါတဲ့ ကပ်ပါးတစ်မျိုးဟာ သည်းခြေပြွန်ကိုပိတ်ဆို့ပြီး အသားအရောင်ကို အစိမ်းရောင်ပြောင်းသွားစေကာ အကြာကြီး နေထိုင်မကောင်းဖြစ်စေပါတယ်။
● စာမဖတ်နိုင်တဲ့စာရေးဆရာ ဟောဝပ်အင်ဂယ်ဟာ သူ့ဘဝတစ်လျှောက်လုံးကို စုံထောက်ဝတ္တုတွေရေးပြီး ကုန်ဆုံးခဲ့ပါတယ်။ လေဖြတ်ပြီး စာဖတ်လို့မရတဲ့ ဦးနှောက်ချွတ်ယွင်းမှု ဖြစ်တည်လာပေမယ့် ဘဝကို အရှုံးမပေးသူပါ။
● အသက် ၇၀ ကျော်ရင်တောင် ဆေးပညာအကူအညီနဲ့ ကလေး ရနိုင်တယ်နော်။ သားအိမ်ပြင်ပမျိုးအောင်ခြင်းလို့ခေါ်တဲ့ ဖန်ပြွန်သနေ္ဓသားဖြစ်စဉ်နဲ့ ဖန်တီးတာပါ။ သာဓကတွေ ရှိပါတယ်။
● မိုးမျှော်ငရုတ်သီးစားလွန်ရင် အသက်ဆုံးရှုံးတတ်တယ်နော်။ အစပ် သိပ်ကြိုက်တဲ့အကျင့်ကြောင့် တရစပ် အော့အန်ကာ အစာရေမျိုပြွန် ပေါက်သွားတဲ့ အဖြစ်ရှိဖူးပါတယ်။
● သနေ္ဓတားဖို့် အာလူးသီးကို မိန်းမကိုယ်ထဲမှာ ထည့်သွင်းထားတာပါတဲ့။ ဗိုက်နာအော့အန်နေလို့ ဆေးရုံရောက်လာတဲ့ မိန်းမရဲ့ မိန်းမကိုယ်ထဲက အာလူးသီးတွေက အညှောင့်တွေတောင် ထွက်နေပါသတဲ့။
● ဦးနှောက်အကျိတ်တွေထဲမှာလည်း သွားတွေ ပါတတ်တယ်နော်။ ခန္ဓာကိုယ်ဘယ်နေရာပဲဖြစ်ဖြစ်၊ မူမမှန် မျိုးဥကျိတ်တွေဖြစ်လာရင် သွား၊ ဆံပင် စတာတွေ ပါဝင်တဲ့ ဆဲလ်အလုံး ဖြစ်တည်လာပါတယ်။
● ၂၅ နှစ်အရွယ် ဂျာမန်လူမျိုးတစ်ယောက်ဟာ နှင်းလျှောစကိတ်စီးရင်း မတော်တဆ ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။ အောက်ဆီဂျင် ပြတ်လတ်ပြီး သူဟာ ခေတ္တသတိလစ်နေခဲ့တာပါ။ နေကောင်းပြီးနောက်ပိုင်း ဂဏန်းတွက်ချက်တဲ့ ဂိမ်းဆော့တာနဲ့ တက်ပါတယ်။ ဆော့တာ ရပ်လိုက်မှ သက်သာတာပါ။ အဲဒီဂဏန်းတွေကို သုံးဘက်မြင် ဖြေရှင်းတဲ့ ဦးနှောက်အစိတ်အပိုင်း ထိခိုက်သွားလို့ ဖြစ်ပါသတဲ့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















