လမ်းလျှောက်လိုက်တိုင်း ခြေထောက်တွေ ကိုက်နေပါသလား ... ခြေထောက် သွေးမလျှောက်တဲ့ရောဂါ ဖြစ်နိုင်ပါတယ်
တစ်ကိုယ်လုံးအတွက် အာဟာရဓာတ်က သွေးကနေတစ်ဆင့် ဖြန့်ဖြူးတာပါ။
ဖြန့်ဖြူးရေးပိုက်တွေဖြစ်တဲ့ သွေးကြောတွေ မကောင်းတဲ့အခါ သက်ဆိုင်ရာအစိတ်အပိုင်းက အာဟာရ လုံလုံလောကိလောက်မရတော့ ပြဿနာရှိလာပြီပေါ့။
နှစ်ရှည်လများ ဆေးလိပ်သောက်လာသူတွေမှာ ခြေထောက်ကိုသွားတဲ့ သွေးလွှတ်ကြောတွေ စပြီး မူမမှန်ဖြစ်လာပါတယ်။
ရောက်သင့်ရောက်ထိုက်တဲ့ သွေးအာဟာရ မရောက်တော့ ကြွက်သားနဲ့ဆဲလ်တွေ စတင်ပိန်လှီပြီး ကျုံ့လာပါတယ်။
>> သွေးငတ်နေတဲ့ အသားအရေဟာ
● ပြောင်တင်းနေမယ်။
● အမွေးအမျှင်တွေ မရှိတော့ဘူး။
● ထိလိုက်ရင် အေးစက်စက်ဖြစ်မယ်။
● ထုံမယ်၊ ကျဉ်မယ်။
>> လှုပ်ရှားမှုလုပ်တဲ့အခါ ...
1. လမ်းလျှောက်လာမယ်။ ဆယ်လှမ်းလောက်ဆို ခြေသလုံးတွေ စတင်ကိုက်ခဲနာကျင်လာပြီ။
2. လမ်းလျှောက်တာ သွေး ပိုလိုတယ်လေ။ ဆေးလိပ်ဒဏ်ကြောင့် သွေးလွှတ်ကြောတွေ ကျဉ်းလာလို့ အရင်လို သွေးမလုံလောက်ဘူး။
3. ဒီတော့ နာလာတယ်။ နားလိုက်မယ် ချက်ချင်းသက်သာလာတယ်၊ ပြန်လျှောက်မယ် ဆယ်လှမ်းလောက်ဆို စနာပြီ။ ကြွက်တက်သလို နာလာတာ။
တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ တချို့ကျ အိမ်ဝင်းထဲလျှောက်ရင်း၊ တချို့ကျ ပြင်ပမှာလျှောက်ရင်း ဆယ်လှမ်း၊ ဆယ့်ငါးလှမ်း နည်းနည်းဝေးဝေး စတာဖြင့် စနာလာတဲ့ အကွာအဝေး ကွာနိုင်တယ်။
သွေးကြောတွေ ကျဉ်းလာတာ၊ မာလာတာက အထဲမှာ အဆီခဲပိတ်တာ နံရံတွေမှာ အဆီစုလာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သိပ်ဆိုးရင် ခြေထောက်ပါ ဖြတ်ပစ်ရတဲ့အထိ ဖြစ်နိုင်တယ်။ သွေးမလျှောက်တဲ့ခြေထောက်ဟာ ပုပ်ဖို့ပဲ ရှိတယ်။
ဆေးလိပ် နှစ်ရှည်သောက်လာသူတွေမှာ ခြေထောက် သွေးမလျှောက်ရောဂါဖြစ်တာ အများဆုံး တွေ့ရပါတယ်။
>> ဒီရောဂါမဖြစ်ချင်ရင် ရိုးရှင်းတာလေးတွေ လိုက်နာကြည့်ပါနော်
● ဆေးလိပ်ဖြတ်ပါ။
● သွေးတိုး ထိန်းချုပ်ကုသပါ။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
● အသီးအရွက် စားပါ။
● အဆီအအိမ့် ရှောင်ပါ။
ဖြစ်ရင် ကုလို့ရလား … တိကျသေချာတဲ့ကုထုံး လုံးဝမရှိသေးပါဘူး။ သက်သာအောင်၊ အနာလျှော့အောင်ပဲ ကြိုးစားကြည့်လို့ရတာပါ။ ကာကွယ်ခြင်းကသာ အရေးအပါဆုံးလို့ ဆိုရမယ့်ရောဂါ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















