သင် အသက်ရှူကြပ်နေပြီလား
အသက်ရှူကြပ်ခြင်းဟာ ကိုဗစ်လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အသက်ရှူကြပ်ခြင်းကို စတင်ခံစားရပြီဆိုတာနှင့် ဆောင်ရွက်ရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
● အသက်ရှူကြပ်ခြင်းဆိုတာ သာမန်အသက်ရှူနေကျအတိုင်း လေကို အပြည့်အဝရှူရှိုက်မရခြင်း (သို့) လေကို ၀၀လင်လင်ရှူမရခြင်းလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။
● ပြင်းထန်သောလေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ခဏတာ အသက်ရှူမဝတာမျိုးက ပုံမှန်ဖြစ်ပြီး မြင့်မားသောတောင်ပေါ်ဒေသများတွင် နေသူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ စိတ်သောကများသူများ၊ စိတ်ခံစားချက် ပြင်းထန်သူများ၊ နှာခေါင်းပိတ်နေသူများနှင့် အပူချိန်ပြင်းထန်နေချိန်များမှာလည်း အသက်ရှူကြပ်ခြင်း ဖြစ်ပေါ်လေ့ရှိပါတယ်။
● ထို့ပြင် ပြင်းထန်သောရောဂါများဖြစ်တဲ့ နာတာရှည်အဆုတ်ရောဂါ၊ပန်းနာရင်ကျပ်ကြောင့် အမောဖောက်ခြင်း၊ နှလုံးရောဂါ၊နမိုးနီးယားအဆုတ်ရောင်ရောဂါနှင့် အဝလွန်သူများတွင်လည်း အသက်ရှူကြပ်နိုင်ပါတယ်။
>> အသက်ရှူကြပ်ခြင်းနှင့်အတူ -
(၁) ရင်ဘတ်အောင့်ခြင်း
(၂) သတိလစ်ခြင်း
(၃) မိုက်ခနဲဖြစ်ခြင်း
(၄) ပျို့ခြင်း
(၅) မကြာခဏဆိုသလို မောခြင်း
(၆) နေ့စဉ်လုပ်ငန်းဆောင်တာများ မပြုလုပ်နိုင်ခြင်း
(၇) ရုတ်တရက် အသက်ရှူကြပ်လာပြီးနောက် ပိုမိုပြင်းထန်လာခြင်း
(၈) လှဲလျောင်းလိုက်တိုင်း အသက်ရှူကြပ်ခြင်း
(၉) အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် မောခြင်း စတဲ့ လက္ခဏာများ တွဲဖက်ဖြစ်ပေါ်ပါက ဆေးရုံသို့ သွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။
>> အသက်ရှူကြပ်လာပြီဟု ခံစားရပါက -
(၁) ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။
(၂) နာတာရှည်ရောဂါရှိသူများအနေနှင့် မိမိသောက်ရမယ့်ဆေးများကို ပုံမှန်သောက်ပါ။ ဆရာဝန်နှင့် ရက်ချိန်း ပုံမှန်ပြပါ။
(၃) ပူပြင်းသောနေရာများ၊ ဓာတ်မတည့်ခြင်း ဖြစ်စေသောအရာများ၊ လေထုထဲရှိ အမှုန်အမွှားများနှင့် တတ်နိုင်သမျှ မထိတွေ့အောင် ရှောင်ကြဉ်ပါ။
(၄) အဆုတ်အားကောင်းစေမယ့် အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
(၅) ဆေးလိပ်ဖြတ်ပါ။
(၆) ကိုဗစ်ဖြစ်သည်ဟု သံသယရှိခြင်း၊ ကိုဗစ်ပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းရှိပါက နီးစပ်ရာ Fever Clinic သို့ သွားရောက်ပြသပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)













