/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သားသားမီးမီးတို့အတွက်-နှစ်သစ်ကူး-ကိုယ်ရည်ကိုယ်သွေး

သားသားမီးမီးတို့အတွက် နှစ်သစ်ကူး ကိုယ်ရည်ကိုယ်သွေး လက်ဆောင်မွန်လေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သားသားမီးမီးတို့ကို ချစ်လည်းချစ်၊ အအောင်မြင်ဆုံးလည်း ဖြစ်စေချင်၊ ထက်ထက်မြက်မြက်လေးလည်း မြင်ချင်သူ မေမေတို့ဖေဖေတို့အနေနဲ့ ကိုယ်ပေးနိုင်တဲ့ လက်ဆောင်ဆိုတာ ကိုယ်လေ့ကျင့်မွေးမြူပေးလိုက်တဲ့ ကိုယ်ရည်ကိုယ်သွေး လက်ဆောင်ပါ။ ၂၀၁၉  နှစ်သစ်ကူးကစလို့ လူသစ်စိတ်သစ်နဲ့ နှစ်သစ်မှာ သေချာလေ့ကျင့်ပေးကြရအောင်နော်။

●        ဒီအရုပ်ယူမယ် ... ဟိုဟာယူမယ် ဝေခွဲရခက်နေတတ်တဲ့ သားသားတို့ကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်တတ်ဖို့ တွန်းအားပေးပါ။ ကိုယ့်ရွေးချယ်မှုကိုလည်း နှစ်သက်ပါစေ။ နောက်ကနေ ပံ့ပိုးပေးရင်း သူကြိုက်တာလေးတွေ မြန်မြန်ရွေးတတ်တဲ့ အကျင့်လုပ်ပေးပါ။

●        သနားကြင်နာတတ်ခြင်းက မွေးမြူပေးလို့ ရပါတယ်။ ကလေးတွေဆိုတာ နူးညံ့တဲ့အတွင်းစိတ်ထားနဲ့ မွေးဖွားလာကြသူတွေပါ။ မိမိထက် နိမ့်ပါးသူတွေ ကိုယ်အဂါၤမသန်စွမ်းသူတွေကို သူတို့ရှေ့မှာ ကူညီပြပါ။ တလေးတစား ဆက်ဆံပြပါ။ သူတို့တွေက မြန်မြန်ဆန်ဆန်ပဲ သင် ကြင်နာတတ်သမျှကို သေချာပေါက် အတုခိုးပါလိမ့်မယ်။

●        ပျင်းရိပျင်းတွဲ နေတတ်တဲ့မေမေ၊ လေးကန်ထိုင်းမှိုင်းတဲ့ ဖေဖေကနေတော့ သွက်လက်ချက်ချာတဲ့ သားသားမီးမီးဖြစ်လာဖို့ တော်တော်ဝေးပါတယ်နော်။ မိဘနှစ်ပါးရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ ကလေးငယ်အပေါ်မှာ အများကြီး လွှမ်းမိုးမှုရှိပါတယ်။ သွက်လက်ချက်ချာ အားမာန်ပြည့်နေစေဖို့ ရှေ့ကနေ စံနမူနာပြပါ။

●        သည်းခံခြင်းက ပျိုးထောင်ပေးလို့ရတဲ့ ကိုယ်ရည်ကိုယ်သွေးပါ။ စိတ်ရှည်တဲ့မေမေ သည်းခံတတ်တဲ့ ဖေဖေဆီကနေ အပြုအမူကောင်းလေးတွေ အများကြီး နမူနာပြလို့ရပါတယ်။ အမြဲပွစိပွစိနဲ့ ဆူပူဆောင်ကြောင့်နေတဲ့ မိခင် တဗျစ်တောက်တောက် ရေရွတ်တတ်တဲ့ ဖခင်ဆိုရင်တော့ စိတ်ရှည်သည်းခံတတ်တဲ့ သားသားမီးမီး ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ သူလေးကို စိတ်ရှည်ပါ။ ဘာမဆို အေးအေးချမ်းချမ်း ပြောပြပေးခြင်းဖြင့် သူ့စိတ်ထဲမှာ နွေးထွေးလုံခြုံမှုကို ခံစားလာရပြီး အဲဒီပုံစံ ကိုယ်ရည်ကိုယ်သွေးကို တစ်ထပ်တည်း တည်ဆောက်လာပါလိမ့်မယ်။

●        သေသပ်လှပစွာ နေတတ်တာကလည်း အရေးပါတဲ့ ကိုယ်ရည်ကိုယ်သွေးလေးပါတဲ့။ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်အောင် နေတတ်တာ၊ ကျန်းမာလှပ စမတ်ကျစေဖို့ ဘယ်လိုလေး ထိန်းသိမ်းပြုပြင်သင့်တယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ကြားပေးရမှာနော်။ ကြယ်သီးကို အပြည့်တပ်မယ်။ ကျောင်းကပြန်လာရင် ကျောင်းဝတ်စုံနဲ့ ပေပေတေတေ မဆော့ဘူး။ အကျီမှန်သမျှကို မီးပူတိုက်ပြီး ကျော့ကျော့မော့မော့ သေသပ်သပ် ဝတ်တတ်မယ်။ ထမင်းစားရင် အကျႌလက်လေးကို အသာအယာ ခေါက်တင်တတ်တာမျိုးတွေက သေချာလေ့ကျင့် သင်ကြားပေးရမှာပါ။ မိမိခုတင်၊ မွေ့ရာ၊ စောင်ကို မိမိဘာသာ သိမ်းဆည်းတာ၊ သေသေသပ်သပ် ပြန့်ပြန့်ပြုးပြူး အိပ်တတ်တာ သန့်သန့်လေး နေတတ်တာတွေဆိုတာ သားသားမီးမီး သွားလေရာမှာ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားတာကို အဓိကထင်ဟပ်စေမယ့် အရေးပါတဲ့ ပြယုဂ်လေးတွေ ဖြစ်ပါတယ်။

●        ကိစ္စတွေမှာ သူ့ကို ဆုံးဖြတ်ပါစေ။ ဥပမာ - ကိုယ်ဈေးဝယ်ရင်တောင် သူ့ကို အကြံတောင်းကြည့်ပါ။ သူ ပြောသမျှလေးကို တလေးတစား လိုက်နာလုပ်ဆောင်ကြည့်ခြင်းဖြင့် သားသားမီးမီးတို့ရဲ့ မိမိကိုယ်မိမိ ယုံကြည်မှု အဆင့်ကို ထိထိရောက်ရောက် မြှင့်ပေးနိုင်ပါတယ်။ သားလုပ်တာ ကောင်းတယ်။ သမီးပြောသလို လုပ်လိုက်တယ်။ ဒီလိုလေး လုပ်လိုက်တော့ မေမေ့အကြိုက်ပေါ့။ ကျေးဇူးတင်ပါတယ်နော်။ စကားလုံးလေးတွေ ဝေဝေဆာဆာသုံးပြီး သူတို့ရဲ့အပြုအမူလေးတွေကို ချီးကျူးပါ။ သဘောတူပေးပါ။ ကိုယ့်ကိုယ့်ကို ယုံကြည်မှုရဲ့ တစ်ဝက်ခန့်မှာ ကလေးဘဝကတည်းက ပျိုးထောင်လေ့ကျင့်ပေးရတာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝတဲ့ သားသားမီးမီးတွေဟာ ဘယ်နယ်ပယ်ရောက်ရောက် တည်ကြည်တဲ့၊ တော်တဲ့၊ ထက်တဲ့ကလေးလေးတွေ ဖြစ်လာကြမှာပါ။ ဒါကြောင့် ချီးကျုးပေးတာ အကြံတောင်းတာ သူတို့ပြောသလိုလေး လုပ်ကြည့်တာက အလွန်ထိရောက်တဲ့ ယုံကြည်မှုပျိုးထောင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

●        ချစ်စရာ့အရွယ်လေးတွေမှာ စည်းကမ်းသတ်မှတ်ဖို့ သိပ်အရေးကြီးပါတယ်။ ပစ္စည်းကို ယူတဲ့နေရာ ပြန်ထားမယ်။ အချိန်လေးစားမယ်။ ကိုယ်စားတဲ့ပန်းကန် ကိုယ်ဆေးစေမယ်။ ညနက်တဲ့အထိ မဆော့စေဘူး။ ဆော့ကစားထားတဲ့ အရုပ်လေးတွေ ကိုယ့်ဘာသာပြန်ထားမယ်။ စာအုပ်လေးတွေ ညီညီညာညာ စီစေမယ်။  စည်းကမ်းဆိုတာ ဘောင်လေးတစ်မျိုးပါ။ ဖရိုဖရဲ မဖြစ်စေဖို့ ထိုက်သင့်သလောက် ဘောင်ခတ်ရပါမယ်။ လှပသေသပ်တဲ့ ဘောင်လေးကွတ်လိုက်မှ ပြီးပြည့်စုံသွားတဲ့ ပန်းချီကားလေးတစ်ချပ် ရုပ်လုံးပေါ်လာမယ် မဟုတ်လား။ စည်းကမ်းပြည့်ဝ နှလုံးလှတဲ့ သားသားမီးမီးတွေက ပြည့်စုံကုံလုံတဲ့ လူလိမ္မာလေးတွေအဖြစ် ကြီးပြင်းလာကြမှာပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)