သွေးတိုးရောဂါ ကာကွယ်ရာ
သွေးတိုးရောဂါ ကာကွယ်နိုင်ဖို့ စားသောက်ပုံ နည်းစနစ်များကို လိုက်နာစားသောက်ခြင်းဖြင့် သွေးပေါင်ချိန်ကို ကျစေပြီး နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
>> ချက်ပြုတ်ရာမှာ ဆားလျှော့ပါ။
ဆားအစား အောက်ပါ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ချက်ကြည့်ပါ။
• ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွစတဲ့ ဟင်းသီးဟင်းရွက်များ
• သံပရာရည်၊ ရှောက်ရည်နဲ့ အသီးခွံများ
• Rosemary ရွက်၊ နံနံပင်နဲ့ ပူစီနံရွက်စတဲ့ ဟင်းခတ်ရွက်များ
• ငရုတ်ကောင်း၊ Cinnamon၊ ချင်း နဲ့ ဇာတိပ္ဖိုလ်သီး စတဲ့ ဟင်းခတ်မှုန့်များ
>> မစားမီ ပါဝင်ပစ္စည်းအညွှန်းကို အရင်ဖတ်ပါ။
အသင့်စား အစားအစာတွေကို မစားသုံးမီ ပါဝင်ပစ္စည်းအညွှန်းကို ဖတ်ကြည့်ပါ။ 140 မီလီဂရမ်ဆိုရင် ဆိုဒီယမ်ဆား ပါဝင်မှု နည်းတယ်လို့ ဆိုနိုင်ပြီး 35 မီလီဂရမ်သာ ပါဝင်ပါက တော်တော်နည်းပါတယ်။
>> သရေစာ စားတဲ့အခါ ဆိုဒီယမ်ဆား ပါဝင်မှုနည်းတာကိုသာ စားပါ။
ဆားမပါတဲ့ အစားအစာ၊ ဆိုဒီယမ်နည်းတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
>> ထမင်းပန်းကန်မှာ အရောင် စုံစုံလင်လင် လှလှပပ စားပါ။
ထမင်းစားတိုင်း ဟင်းသီးဟင်းရွက်တွေ ပါ,ပါစေ။ ပန်းကန်ရဲ့တစ်ဝက်ဟာ ဟင်းသီးဟင်းရွက်တွေ ဖြစ်နေရပါမယ်။ တစ်နေ့ကို ဟင်းသီးဟင်းရွက် သစ်သီးဝလံ 5 ကြိမ် စားပေးပါ။ ဒီလိုစားပေးခြင်းဖြင့် ပိုတက်ဆီယမ်ဓာတ်ကို များစေပြီး ဆိုဒီယမ်ဓာတ်ကို နည်းစေတဲ့အပြင် အဆီမပါတဲ့အတွက် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။
>> အဆီနည်းနို့ စားသုံးပါ။
အဆီဓာတ် လျော့ထားတဲ့ 1% အဆီပါ သို့မဟုတ် အဆီထုတ်နို့၊ အဆီထုတ်ဒိန်ချဉ်၊ 2% အဆီပါချိစ် စတာတွေကိုသာ စားသုံးပေးပါ။ အကယ်၍ အဆီဓာတ်များတဲ့နို့ သောက်နေတယ်ဆိုရင် တစ်ထစ်လျှော့ပြီး 2% အဆီပါနို့ကို ပြောင်းသောက်ပါ။ 2% အဆီပါနို့ သောက်နေသူတွေမှာလည်း 1% အဆီပါနို့ကို သောက်ပေးပါ။ ဒီလိုလျှော့ရင်းနဲ့ အဆီမပါတဲ့နို့ကို သောက်ဖြစ်သွားပါလိမ့်မယ်။
ကော်ဖီ မှာသောက်တဲ့အခါမှာလည်း အဆီလျှော့ သို့မဟုတ် အဆီထုတ်နို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။ ဒီလိုနည်းအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ပါတယ်။
အဆီလျှော့နို့ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ပြည့်ဝဆီတွေကို လျော့နည်းစေပြီး ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်စတဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် နို့ဟာ ဆိုဒီယမ်ဓာတ်လည်း နည်းပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















