သွေးပေါင် ကျတတ်သူများ ဆောင်ရန်၊ ရှောင်ရန်
သွေးပေါင်ကျတတ်သူ လူအများစုမှာ ဆေးသောက်ဖို့ မလိုအပ်ပါဘူး။ သဘာဝနည်းလမ်းများ၊ နေထိုင်မှုပုံစံ ပြောင်းလဲပေးခြင်းတို့ဖြင့် သွေးပေါင်ကို တတ်စေနိုင်ပါတယ်။
1. ဆားများများ စားပါ။
ဆား လျှော့စားတိုင်း ကောင်းတာ မဟုတ်ပါဘူး။ သွေးပေါင် ကျတတ်သူတွေမှာ ဆားကို အနည်းငယ် ပိုစားလိုက်ခြင်းဖြင့် သွေးပေါင်ကို တက်စေနိုင်ပါတယ်။
2. အရက်ကို ရှောင်ကြဉ်ပါ။
အရက်ဟာ သွေးပေါင်ကို ပိုကျစေနိုင်တဲ့အတွက် သွေးပေါင် ကျတတ်သူတွေဟာ အရက် အလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
3. ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးတချို့ဟာ သွေးပေါင် ကျစေနိုင်တဲ့အတွက် ဆေးတစ်မျိုးမျိုး သောက်ပြီး သွေးပေါင် ကျတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်လည်ဆွေးနွေးသင့်ပါတယ်။
4. ခြေထောက် ချိတ်ထိုင်ပါ။
သွေးတိုး ရှိသူတွေမှာ ခြေထောက် ချိတ်ထိုင်ခြင်းဟာ သွေးတိုးကို ပိုဆိုးစေပေမယ့် သွေးပေါင် ကျတတ်သူတွေမှာတော့ အကျိုးထူးစေနိုင်ပါတယ်။
5. ရေသောက်ပါ။
ရေ များများသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သွေးတွင်းအရည်ဓာတ်ကို များစေနိုင်တဲ့အပြင် အရည်ဓာတ် ခန်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
6. နည်းနည်းနဲ့ မကြာခဏ စားပေးပါ။
အစာ အများကြီး စားပြီးချိန် သွေးပေါင် ကျတတ်သူတွေမှာ တစ်နေကုန် နည်းနည်းနဲ့ မကြာခဏ စားပေးခြင်းဖြင့် သွေးပေါင်ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
7. ကြပ်စည်းခြေအိတ် ဝတ်ပေးပါ။
ကြပ်စည်းခြေအိတ် ဝတ်ပေးခြင်းဖြင့် ခြေထောက်မှာ စုပုံနေတဲ့သွေးတွေကို ခန္ဓာကိုယ်ရဲ့ အခြားနေရာများကို ခွဲဝေ ပို့ပေးနိုင်တဲ့အတွက် သွေးပေါင် တက်စေနိုင်တဲ့အပြင် ခြေထောက် သွေးကြောထုံးခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။
8. ရုတ်တရက် အထိုင်အထ မလုပ်ပါနဲ့။
ရုတ်တရက် အလျင်အမြန် အထိုင်အထ ပြုလုပ်တဲ့အခါ နှလုံးက ပုံမှန်အနေအထား ပြောင်းခြင်းအတွက် သွေးကို လိုက်မီအောင် မထုတ်ပေးနိုင်တဲ့အတွက် မူးခနဲ မိုက်ခနဲ ဖြစ်ပြီး မူးလဲကျတာမျိုး ဖြစ်နိုင်ပါတယ်။
9. လက္ခဏာတွေကို သတိထားပါ။
သွေးပေါင်ကျခြင်းဟာ သွေးပေါင်ကျတဲ့ လက္ခဏာရပ်တွေ ဖြစ်ပေါ်လာတဲ့အခါမှသာ ပြဿနာ ဖြစ်လာပြီး ဒီအတိုင်းဆို ပုံမှန်လူကောင်းတွေ အတိုင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်အခါမျိုးမှာ သွေးပေါင်ကျနေပြီ ဆိုတာကို ဂရုပြု စောင့်ကြည့်ထားသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















