သွေးမလှူခင် ဘာတွေပြင်ဆင်မလဲ
သွေးလှူခြင်းဆိုတာ ဇီဝိတဒါနဖြစ်တဲ့အလျောက် ကုသိုလ်အများကြီးရတဲ့ လှူဒါန်းမှုတစ်ခုပါပဲ။ သွေးလှူကြောင့် လူ့အသက်များစွာကို ကယ်တင်ရာရောက်ပါတယ်။ ဒါပေမဲ့ သွေးမလှူခင်မှာ အောက်ပါအချက်များကို ကြိုတင်သိရှိထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် သွေးလှူဒါန်းသူကိုလည်း ထိခိုက်မှုမရှိအောင် ကာကွယ်ပြီးသား ဖြစ်စေပါလိမ့်မယ်။
● သွေးမလှူခင် တစ်ညလောက်မှာ အိပ်ရေးကို၀၀အိပ်ပါ။
● သွေးမလှူခင်မှာ အာဟာရပြည့်အောင် စားသောက်ပါ
● အဆီများသော အစာများဖြစ်တဲ့ ဟမ်ဘာဂါ၊ အာလူးကြော်နဲ့ ရေခဲမုန့်များကို ရှောင်ပါ။
● ရေနဲ့ အရည်များကို သောက်နေကျထက် ပိုသောက်ပါ။
● သင်ဟာ သွေးဥမွှား (Platelet) လှူဒါန်းသူဆိုပါက မလှူခင် ၂ ရက်အလိုမှာ သွေးကျဲဆေး (အက်စ်ပရင်) သောက်သုံးခြင်း မပြုလုပ်ဖို့ သတိပြုပါ။
>> သွေးမလှူခင်ကာလမှာ -
● သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ သွေးကတစ်ဆင့် ကူးစက်သောရောဂါများ ရှိ၊ မရှိသိဖို့ ရောဂါရာဇဝင်မေးမှာ ဖြစ်ပါတယ်။
● ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဆေးထိုးနေသူများ၊ လွန်ခဲ့တဲ့ ၁၂ လက လိင်တူဆက်ဆံထားသူများ၊ HIV ရှိသူများ၊ လိင်လုပ်သားများ၊ မူးယစ်ဆေးအကြောထဲသွင်းသူများစတဲ့ သွေးကတစ်ဆင့်ကူးစက်ရောဂါရှိဖို့ အလားအလာများသူတွေကိုတော့ သွေးလှူဖို့ ခွင့်မပြုပါဘူး။
>> သွေးလှူဒါန်းတဲ့အခါ -
သင့်ကို cုတင်ပေါ်တွင် လဲလျောင်းစေပြီး သို့မဟုတ် လက်ကိုင်ပါသော ကုလားထိုင်ပေါ်တွင် ထိုင်စေပြီး သင့်သွေးပေါင်ချိန်ကို တိုင်းတာမှာ ဖြစ်ပါတယ်။ ထို့နောက် လက်မောင်းအပေါ်ဘက်ကို ကျပ်စည်းပြီး သွေးပြန်ကြောများကို ပိုမိုထင်ရှားအောင် ပြုလုပ်ပြီး ပိုးသတ်ထားသောအပ်ဖြင့် သွေးပြန်ကြောတွင်းသို့ အပ်ကိုထိုးသွင်းပါတယ်။ ထိုအပ်ကို သွေးထည့်မယ့်အိတ်နဲ့ ဆက်ထားပြီး လိုအပ်သော သွေးပမာဏကို ရရှိပါက အပ်ကို ဖြုတ်ပြီးနောက် အပ်စိုက်ထားသောနေရာကို အရပ်ပြန်စွတ်ထားသော ဂွမ်းဖြင့် သန့်စင်ကာ ပလာစတာ ကပ်ပေးမှာ ဖြစ်ပါတယ်။
>> သွေးလှူပြီးနောက် -
သင့်ကို ၁၅ မိနစ်ခန့် အနားယူစေကာ အာဟာရပြည့်ဝသော အစားအစာများကို စားစေမှာ ဖြစ်ပါတယ်။
ထို့နောက် -
● နောက် ၁ ရက်၊ ၂ ရက်အတွင်းမှာ ရေနဲ့အရည်များ ပိုမိုသောက်ပါ။
● ပင်ပန်းသော လှုပ်ရှားမှုများနဲ့ အလေးမခြင်းကို သွေးလှူပြီး ငါးနာရီအတွင်း မပြုလုပ်ပါနဲ့။
● ခေါင်းမူးသလိုဖြစ်ပါက ခြေထောက်များကို အပေါ်သို့မြှောက်ထားပြီး လဲလျောင်းပါ။
● သွေးဖောက်ထားသောနေရာကနေ သွေးထွက်ခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်း ဖြစ်ပေါ်ပါက ထို့နေရာကို ရေခဲကပ်ပေးပါ။
● နာကျင်နေပါက အကိုက်အခဲပျောက်ဆေးများ သောက်သုံးပါ။
>> ဘယ်အချိန်မှာ ဆရာဝန်နှင့် တိုင်ပင်မလဲ ?
● သွေးဖောက်ပြီးနောက် အာဟာရပြည့်အောင်စားခြင်း အနားယူခြင်း ပြုလုပ်ပြီးချိန်မှာ ဆက်တိုက် ပျို့ခြင်း၊ ခေါင်းမူးခြင်းဖြစ်နေခြင်း
● အပ်စိုက်ထားသောနေရာကို ပတ်တီးဖြေပြီးနောက် အရည်ကြည်ဖုထခြင်း၊ သွေးထွက်ခြင်း
● လက်မောင်းကနေ လက်ချောင်းများတစ်လျှောက် နာခြင်း၊ တဆစ်ဆစ်ကိုက်ခြင်း
● သွေးလှူပြီးလေးရက်အတွင်း ဖျားနာခြင်း၊လည်ချောင်းနာခြင်း စသော တုပ်ကွေးလက္ခဏာများရှိခြင်း တို့ ဖြစ်ပေါ်ပါက ချက်ချင်း ဆရာဝန်နဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















