အစာအသောက်စားဖို့ အကောင်းဆုံးအချိန်များ
ကျန်းမာရေးအတွက် ဘယ်အစားအစာတွေ စားသင့်တယ်ဆိုတာက အရေးကြီးမှန်း သိကြပေမယ့် ဘယ်အချိန် စားရမယ်ဆိုတာကလည်း အစာခြေစနစ် ကောင်းမွန်စေဖို့ များစွာ အထောက်အကူ ပြုပါတယ်။ အချိန်ဇယားနဲ့ စားတယ်ဆိုတာ အနည်းငယ် အစွန်းရောက်တယ် ထင်ရပေမယ့် တကယ်တော့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပါပဲ။
ထမင်းစားချိန်၊ သွားရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်ထားခြင်းဟာ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေသော်လည်း အစာမှန်မှန် မစားပါကမူ အစာအိမ်အတွက် ၀န်ပိစေတဲ့အတွက် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အဓိကသော့ချက်မှာ အစာကို 3-4 နာရီခြားတစ်ခါ စားပေးခြင်းဖြင့် အစာအိမ်အတွင်းရှိ အစာတွေကို သေချာစွာ ချေဖျက်ဖို့ အချိန်လုံလောက်စွာ ရနိုင်ပါတယ်။ နံနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ သွားရေစာစားချိန်တွေကို တိတိကျကျ သတ်မှတ်ထားတဲ့အတွက် ခန္ဓာကိုယ်က အစာစားတော့မယ့်အချိန်ကို သေချာသိနေကာ အလွန်အကျွံ စားသုံးခြင်းကို ဟန့်တားနိုင်တဲ့အပြင် အစာခြေခြင်းဖြစ်စဉ်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
အစာစားဖို့ အကောင်းဆုံးအချိန်တွေကတော့ -
>> နံနက်စာ
တစ်နေကုန် စားသမျှ အစာတွေထဲမှာ အရေးကြီးဆုံးဖြစ်ပြီး အိပ်ရာနိုးပြီး တစ်နာရီအတွင်း စားသုံးသင့်ပါတယ်။ အကောင်းဆုံးကတော့ နံနက် 7 နာရီမှ 8 နာရီအတွင်းပဲ ဖြစ်ပါတယ်။
6-8 နာရီခန့် အိပ်စက်ပြီးနောက် အစာအိမ်ထဲမှာ ဘာမျှမရှိတော့တဲ့အပြင် ခန္ဓာကိုယ်ဟာလည်း စွမ်းအင်အတွက် ကယ်လိုရီတွေ လိုအပ်နေပါတယ်။ ဂရုစိုက်ရမှာကတော့ ၎င်းကယ်လိုရီတွေထဲမှာ ပရိုတင်းဓာတ် မြင့်မားစွာ ပါ၀င်၍ သကြားနဲ့ ကစီဓာတ်ပါ၀င်မှုနှုန်း နည်းပါးဖို့ပဲ ဖြစ်ပါတယ်။ ပေါင်မုန့်အချို့ တစ်ခုစားခြင်းဟာ သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးနိုင်ပေမယ့်လည်း နေ့လယ်စာစားချိန်မတိုင်မီ ဗိုက်ဆာနိုင်ပါတယ်။ ဒါကြောင့် ကွေကာနဲ့ အသီးအနှံတစ်မျိုးမျိုးဖြစ်စေ၊ ကြက်ဥမွှေကြော်နဲ့ ဟင်းနုနွယ်ဖြစ်စေ၊ ပေါင်မုန့်မီးကင်၊ မြေပဲ၊ ထောပတ်ယိုသုတ်ဖြစ်စေတို့ကို ရွေးချယ်စားသောက်ခြင်းဖြင့် အစာခြေစနစ်အတွက် သင့်တော်တဲ့ အစပျိုးမှုတစ်ခုကို ပြုလုပ်သင့်ပါတယ်။
Kremil-S 1
>> နေ့လည်စာ
နံနက်စာ စားသုံးပြီး 4-5 နာရီအကြာမှာ နေ့လည်စာ စားသုံးသင့်ပါတယ်။ အများအားဖြင့် 11-12 နာရီ၀န်းကျင်ခန့်တွင် ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ နေ့လည်စာမစားဘဲ မနေသင့်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေ့လယ်စာမှာ အဆီမပါတဲ့အသား (ဥပမာ - ကြက်သား၊ ငါး)၊ ကစီဓာတ် ပါ၀င်တဲ့ အစားအစာများ (ဆန်လုံးညို၊ ဂျုံခေါက်ဆွဲ၊ ပေါင်မုန့်)၊ အမျှင်ဓာတ် ပါ၀င်တဲ့ အစားအစာများနဲ့ ကောင်းတဲ့အဆီအချို့တို့ ပါ၀င်သင့်ပါတယ်။
>> ညစာ
နေ့တစ်နေ့ရဲ့ နောက်ဆုံးအစားအစာကို ညနေ 6 နာရီခန့်နဲ့ အိပ်ရာမ၀င်မီ 3 နာရီအလိုလောက်မှာ စားသုံးသင့်ပါတယ်။ အိပ်ရာ၀င်ချိန်နဲ့ အလွန်နီးကပ်ပြီးမှ စားသောက်ပါက သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင် ဟော်မုန်းပမာဏကို မြင့်တက်စေကာ အိပ်မပျော်ခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ညစာကို အများကြီးမစားဘဲ အဆာပြေရုံသာ စားသင့်ပါတယ်။ ညစာအတွက် သင့်တော်တဲ့ အစားအစာတွေကတော့ နေ့လယ်စာကဲ့သို့ပင် ပရိုတင်းဓာတ်၊ ကစီဓာတ်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ပဲ ဖြစ်ပါတယ်။
Kremil-S 2
>> သွားရေစာများ
နံနက်စာ စားပြီး 3 နာရီ၊ နေ့လယ်စာစားပြီး 3 နာရီလောက်မှာ ကယ်လိုရီ ပါ၀င်မှုနည်းတဲ့ သွားရေစာတွေကို စားနိုင်ပါတယ်။ ပန်းသီးစိတ်များ၊ ငှက်ပျောသီးတစ်လုံး၊ မြေပဲလက်တစ်ဆုပ်၊ သစ်သီးဖျော်ရည်တစ်ခွက် ဒါမှမဟုတ် အဆီနည်းတဲ့ ဒိန်ချဉ်တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ အဓိကရည်ရွယ်ချက်မှာ ဗိုက်ပြည့်အောင်စားဖို့ မဟုတ်ဘဲ နောက်တစ်ကြိမ် အ၀စာမစားမီ နေလို့အဆင်ပြေစေဖို့ပဲ ဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း ထမင်းနဲ့ သွားရေစာတွေကို အချိန်သတ်မှတ်ပြီး စားသုံးခြင်းဖြင့် အစာခြေရာမှာ များစွာအထောက်အကူ ပြုပါတယ်။ အရေးကြီးတာတွေကတော့
(1) အိပ်ရာထပြီး 1 နာရီအတွင်းမှာ နံနက်စာ စားပါ။
(2) ညစာကို အိပ်ရာမ၀င်ခင် အနည်းဆုံး 3 နာရီခန့် ကြိုစားထားပါ။
(3) အစာအိမ်ကို အစာခြေဖို့ရာ အချိန် 3-4 နာရီခန့် ပေးပါ။
Dr. Thinzar Wynn (www.drmyanmar.com)














