/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်ကင်ဆာဖြစ်နေတဲ့-အရေးကြီးလက္ခဏာများ

အဆုတ်ကင်ဆာဖြစ်နေတဲ့ အရေးကြီးလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှစ်လနီးပါးခန့် ဘာဆေးသောက်သောက် မပျောက်တဲ့ နာတာရှည်ချောင်းဆိုး ဖြစ်နေပြီဆိုရင်တော့ နောက်ကွယ်မှာ အကျိုးအကြောင်းကြီးကြီးတစ်ခုတော့ ရှိနေပါပြီ။ အဲဒီအကြောင်းတွေထဲမှာ သက်တမ်းမတိုင်မီ စောစောဇီဝိန်ခြွေသွားနိုင်တဲ့ အဆုတ်ကင်ဆာရောဂါလို့ စဉ်းစားကြည့်နိုင်တဲ့ အခြေအနေတွေက ဘာတွေဖြစ်မလဲ?

●        ချောင်းဆိုး သွေးပါလာတာပါ။ သွေးစလေးတွေကစလို့ သွေးခဲပေါက်စလေးတွေအထိ ပါလာတတ်ပါတယ်။

●        လမ်းလျှောက်တိုင်း လှုပ်ရှားတိုင်း မောမယ်။ လှေကားတက်တိုင်း မောပန်းလာမယ်။

●        ရင်ဘတ်အောင့်မယ်၊ အာရုံကြောတွေ ဖိမိလို့ဖြစ်သလို အဆုတ်ကင်ဆာက နံရိုးတွေကို ပြန့်လာလို့လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးလွန်ရင် နာတတ်သလို အဆုတ်အမြှေးပါး ရောင်လာရင်လည်း အသက်ရှူတိုင်း ရင်ဘတ်အောင့်လာပါတယ်။

●        အသံသြမယ်၊ အသံပျက်မယ်၊ အသံအိုးက အာရုံကြောတွေကို ကင်ဆာကျိတ်က ဖိထားလို့ပါ။

●        ၆ လအတွင်း သိသိသာသာကြီး ပိန်ကျလာပါတယ်။

●        မကြာခဏ သလိပ်ကပ်မယ်၊ ခဏခဏ ဖျားမယ်၊ နေထိုင်မကောင်းတာတွေ တစ်ချိန်လုံး ရက်ဆက်လာရင်လည်း နောက်ကွယ်မှာ အဆုတ်ကင်ဆာ ဖြစ်နေနိုင်ပါတယ်။

●        ဆေးလိပ်စွဲနေသူတွေ အလိုလို ဆေးလိပ်ပြတ်သွားတာကလည်း ထူးဆန်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။ အဆုတ်ကင်ဆာ စဖြစ်တာနဲ့ နစ်ကိုတင်း စွဲလမ်းမှု လျော့လာပြီး ဆေးလိပ် ပြတ်သွားကြပါတယ်။

          အဆုတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးကတော့ ဆေးလိပ်သောက်တာ ဖြစ်ပါတယ်။ ဆေးလိပ်ပြတ်သွားပေမယ့် အဆုတ်ကင်ဆာ အန္တရာယ်ကတော့ ရှိနေတုန်းပါပဲ။ ဆေးလိပ်ပြတ်နေပေမယ့် အရင်က သောက်ဖူးရင် ရောဂါရှာစစ်ဆေးတာတွေ ခြောက်လတစ်ခါ လုပ်ကြပါ။ ယူရေနီယမ်ကြောင့်ဖြစ်တဲ့ ရေဒန်ဓာတ်ငွေ့ဟာလည်း အဆုတ်ကင်ဆာ ဖြစ်စေပါတယ်။ ရေဒန်ဓာတ်ငွေ့ဟာ နေရာတိုင်းမှာ ရှိနေပါတယ်။

          မိသားစုတွင်း ဆေးလိပ်သောက်သူကြောင့် ဆေးလိပ်ငွေ့ တစ်ဆင့်ရှူရတဲ့အခါ အဆုတ်ကင်ဆာမျိုးရိုး ရှိတာ၊ ရင်သားကင်ဆာအတွက် ဓာတ်ကင်ရတာတွေကလည်း အဆုတ်ကင်ဆာကျိတ်တွေ ဖြစ်စေပါတယ်။

>>    အဆုတ်ကင်ဆာ ရှိ/မရှိ စစ်ဆေးသင့်တဲ့ အုပ်စုကတော့ -

●        ယခင်က ဆေးလိပ်သောက်ဖူးသူ

●        အသက် ၅၅ မှ ၈၀ အတွင်း လူကြီးတွေ

●        ဆေးလိပ်သောက်သက်တမ်း နှစ်သုံးဆယ်ရှိသူတွေ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)