အဆုတ်ကျန်းမာရေးအတွက် လိုက်နာသင့်သောနည်းလမ်းများ
အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းစဉ်ကို စက္ကန့်နဲ့အမျှ လုပ်ဆောင်ပေးနေတဲ့ အဆုတ်ဟာ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဆုတ်ကို ခန္ဓာကိုယ်အတွင်းမှာ နံရိုးများနဲ့ ကာကွယ်ပေးထားတာကြောင့် အလွယ်တကူထိခိုက်မှု မခံရနိုင်ပေမယ့် နေ့စဉ်နေထိုင် စားသောက်မှုပုံစံ မမှန်ကန်ခြင်းကြောင့် အဆုတ်ကိုအန္တရာယ် ကျရောက်စေနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါကြောင့် သေဆုံးနှုန်းမြင့်မားပြီး စတုတၳမြောက် သေဆုံးနှုန်းများသောရောဂါမှာ နာတာရှည်အဆုတ်ရောင်ရောဂါ (COPD) ဖြစ်ပါတယ်။
ဒါကြောင့် အသက်ရှည်ကျန်းမာနေထိုင်နိုင်ဖို့အတွက် အဆုတ်ကျန်းမာရေးကို အထူးဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပါ နည်းလမ်းလေးတွေက သင့်အဆုတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။
1) ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ပါ
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ နာတာရှည်အဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်းများစေပါတယ်။ ထို့အတူဆေးလိပ်ငွေ့ကို ရှူရှိုက်မိသူတွေဟာလည်း ဆေးလိပ်သောက်သူ ကဲ့သို့ ရောဂါခံစားရနိုင်ချေ ရာခိုင်နှုန်းအပြည့်ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ကိုအစပျိုးမသောက်မိစေဖို့ ဆင်ခြင်သင့်တဲ့ အပြင် ဆေးလိပ်သောက်နေသူတွေအနေနဲ့လည်း ဆေးလိပ်ဖြတ်ဖို့ ၀န်မလေးသင့်ပါဘူး။
2) ညစ်ညမ်းလေထုကိုရှောင်ရှားပါ
ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိခြင်းကြောင့် နာတာရှည်အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါကို ခံစားရနိုင်ပြီး သေဆုံးနိုင်ချေမြင့်မားစေနိုင်ပါတယ်။ ကားအင်ဂျင်မှထွက်တဲ့ အခိုးအငွေ့များ၊ စက်ရုံ၊ အလုပ်ရုံမီးခိုးခေါင်းတိုင်မှထွက်တဲ့ မီးခိုးငွေ့များ၊ အမှိုက်မီးရှို့ရာမှ ထွက်လာသောမီးခိုးငွေ့များ၊ အင်းဆက်ပိုးမွှားများကိုသေစေနိုင်တဲ့ ဖြန်းဆေး၊ ခြင်းဆေးငွေ့ စတာတွေဟာ လေထုကိုညစ်ညမ်းစေပြီး အဆုတ်ကိုတိုက်ရိုက်ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် အထူးဂရုပြုကာကွယ်ဖို့လိုအပ်ပါတယ်။
3) အိမ်တွင်းလေထုကိုသန့်စင်ပါ
ပြင်ပမှာသာလေထုညစ်ညမ်းတတ်ခြင်းမဟုတ်ဘဲ အိမ်တွင်းအသုံးအဆောင်တွေဖြစ်တဲ့ မီးလင်းဖို၊ ထင်းမီးဖို၊ အင်းဆက်ပိုးမွှားများ ခိုအောင်နေထိုင်ရာပစ္စည်းများ၊ လေသန့်စင်ဆေး၊ အချို့သော ဖယောင်းတိုင်တွေဟာလည်း အိမ်တွင်းလေကိုညစ်ညမ်းစေပြီး အဆုတ်ရောဂါကိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်အိမ်တွင်း သန့်ရှင်းရေးပြုလုပ်ပေးသင့်ပြီး လေ၀င်လေထွက်ကောင်းမွန်စေ ရန်၊ နေရောင်ခြည်ကောင်းမွန်စွာ ရရှိစေရန် ပြတင်းပေါက်များ ဖွင့်ထားကာ ပိုးမွှားများနဲ့ အနံ့အသက်များကို ကင်းစင်စေသင့်ပါတယ်။ ဒါ့အပြင် air cleaner ကိုအသုံးပြုပြီးလည်း အိမ်တွင်းလေထုကို သန့်စင်ပေးသင့် ပါတယ်။
4) အိမ်ခန်းအလှဆင်ပစ္စည်းတွေကို သေချာရွေး၀ယ်ပါ
အိမ်သုတ်ဆေးရွေးချယ်ရာမှာ အဆီအခြေခံသုတ်ဆေးအစား ရေအခြေခံသုတ်ဆေးကိုရွေးချယ် သင့်ပြီး အိမ်သန့်ရှင်းပစ္စည်းတွေမှာ အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ (VOCs) အငွေ့ပြန်လွယ်သော အော်ဂဲနစ်ဒြပ်ပေါင်း၊ (ammoria) အမိုးနီးယားဓာတ်ငွေ့၊ (bleach) အရောင်ချွတ်ဆေးစတဲ့ ဓာတုပစ္စည်းတွေပါ၀င်နိုင်တာကြောင့် အညွှန်းသေချာဖတ်ပြီးမှ ၀ယ်ယူသင့်ပါတယ်။ ဒါကြောင့် အဆုတ်ကျန်းမာရေးအတွက် အိမ်အပြင်မှာသာမက အိမ်တွင်းမှာပါဂရုပြုသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ ပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်း၊ လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ အလုပ်လုပ်ခြင်း၊ နှာခေါင်းစည်းအသုံးပြုပြီး အမှုန်အမွှားများ၀င်ရောက်စေခြင်းမှ ကာကွယ်ခြင်းဖြင့် အဆုတ်ကျန်းမာရေးကောင်းအောင် ပြုမူနေထိုင်သင့်ပါတယ်။
5) ရေဒွန်ဒြပ်စင်ကိုစစ်ဆေးပါ
မြေကြီးအတွင်းမှ ယူရေနီယမ်သတ္တုဒြပ်စပ် ပြိုကွဲခြင်းကြောင့်ထွက်လာတဲ့ ရေဒီယို သတ္တိကြွဓာတ်ငွေ့ဖြစ်ပြီး အဆောက်အအုံရဲ့ အခြေခံအုတ်မြစ်၊ နံရံအက်ကွဲကြောင်းများမှ အိမ်တွင်းသို့ စိမ့်၀င်လာတတ် ပါတယ်။ ဆေးလိပ်မသောက်တတ်သူဆိုရင်တောင် ယင်းရေဒွန်ရဲ့ဆိုးကျိုးကြောင့် အဆုတ်ကင်ဆာခံစားရနိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲကရေဒွန်ပမာဏကိုစစ်ဆေးပေးသင့်ပြီး ရေဒွန်ပမာဏ 2 နဲ့ 4 p Ci/L ကြားရှိပါက ရေဒွန်ပမာဏကိုလျော့ချဖို့ အလေးအနက်ထားစဉ်းစားသင့်ပါတယ်။
6) ပြင်ပလေထုကိုဂရုပြုပါ
အဆုတ်ရောဂါအခံရှိသူတွေအနေနဲ့ ညစ်ညမ်းတဲ့လေထုဒဏ်ကို ခံနိုင်ရည်မရှိတတ်ကြပါဘူး။ ဒါကြောင့် အဆုတ်ရောဂါခံစားနေရသူသာမက အဆုတ်ရောဂါမရှိသူတွေအနေနဲ့ပါ ညစ်ညမ်းလေထုဒဏ်မှ ရှောင်ကျဉ်နိုင်ဖို့ အပြင်ထွက်တဲ့အချိန်တိုင်း ကြိုတင်ကာကွယ်မှုများပြုလုပ်သင့်ပါတယ်။
7) လုပ်ငန်းခွင်တွင် မိမိကိုယ်ကိုကာကွယ်ပါ
မိမိတာ၀န်ထမ်းဆောင်ရတဲ့ လုပ်ငန်းခွင်ပေါ်မူတည်ပြီး အဆုတ်ကျန်းမာရေးအတွက် ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး၀န်ထမ်းများနှင့် ဆံကေသာအလှဖန်တီးရှင်တွေအနေနဲ့ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်သို့တိုက်ရိုက်ရောက်ရှိစေနိုင်မယ့် ဓာတုပစ္စည်းများအန္တရာယ်မှ ကင်းေ၀းစေရန် အကာအကွယ်ယူသင့်ပါတယ်။ ဒါ့အပြင် ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေ၊ သုတ်ဆေး၊ မှုတ်ဆေး၊ ကားအင်ဂျင်မှ ထုတ်လွှတ်တဲ့အခိုးအငွေ့များ၊ ဆိုးဆေးများတဲ့အစားအစာ၊ ဓာတုပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ တာရှည်ခံအစားအစာတွေဟာ အဆုတ်ရောဂါဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းများဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှုများပြုလုပ်သင့်ပြီး အစားအစာများကိုလည်း ဆင်ခြင်စားသုံးသင့်ပါတယ်။
8) အစားအစာမှန်ကန်စွာရွေးချယ်စားသုံးပါ
အဆုတ်ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့်ကြွယ်၀တဲ့ အစားအစာတွေကို ရွေးချယ် စားသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ တရုတ်မုန်ညင်း၊ ကိုက်လန် စတဲ့စိမ်းစိမ်းစိုစို အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်များစွာပါ၀င်တဲ့အတွက် အဆုတ်ကျန်းမာရေးအတွက်ကောင်းစေပြီး အဆုတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
9) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကိုစွမ်းစွမ်းတမံလုပ်ဆောင်ခြင်းကြောင့် အဆုတ်စွမ်းဆောင်ရည် တိုးတက်စေကာ နှလုံးနဲ့ ကြွက်သားစိုင်များဆီသို့ အောက်ဆီဂျင်ရောက်ရှိမှု ပိုမိုလွယ်ကူစေပါတယ်။
10) ကူးစက်ရောဂါအန္တရာယ်မှ ကာကွယ်ပါ
နာတာရှည်အဆုတ်ရောင်ရောဂါခံစားနေရသူတွေမှာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါဖြစ်ပွားလွယ်စေပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီမှာတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်ပြီး၊ အသက် 65 နှစ်ကျော်သူများအနေနဲ့ အဆုတ်ရောင်နာဖြစ်စေတဲ့ ရောဂါပိုး ကာကွယ်ဆေးထိုးသင့်ပါတယ်။ ဒါ့အပြင် လက်ကိုဆပ်ပြာနဲ့စင်ကြယ်စွာဆေးကြောခြင်း၊ တုပ်ကွေးရာသီမှာ လူစုလူေ၀းများတဲ့နေရာတွေကို သွားလာမှုမပြုခြင်း၊ ပြည့်ပြည့်၀၀အနားယူခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်း၊ စိတ်တည်ငြိမ်အေးချမ်းမှုရယူခြင်းစတဲ့ အချက်များကိုလိုက်နာကာ ကူးစက်ရောဂါပိုး ၀င်ရောက်ခြင်းမရှိအောင် ကာကွယ်သင့်ပါတယ်။
11) ရောဂါလက္ခဏာများကိုသတိပြုပါ
တစ်လကျော်ကြာချောင်းဆိုးနေရင် ဒါမှမဟုတ် အသက်ရှူရခက်ခဲတဲ့ ရောဂါလက္ခဏာများခံစားရပါက ဆရာ၀န်ပြသင့်နေပါပြီ။ ၎င်းနည်းတူ သလိပ်သံနှင့် ခက်ခက်ခဲခဲအသက်ရှူနေရခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ချွဲသလိပ်သံပါတဲ့ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ကို တစ်လထက်ပိုခံစားနေရပါက အဆုတ်ကျန်းမာရေး ထိခိုက်နေပြီဖြစ်တာကြောင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
12) မိမိကိုယ်ကိုစောင့်ရှောက်ပါ
ပန်းနာရင်ကျပ်ရောဂါ ဒါမှမဟုတ် နာတာရှည်အဆုတ်ရောင်ရောဂါခံစားနေရပါက မိမိရောဂါနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ ပစ္စည်းများကို ဆောင်ထားသင့်ပါတယ်။ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါထခြင်း အတွက် corticosteroids သို့ albuterol ရှူဆေးကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ရှူပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်ပါတယ်။ မိိမိရောဂါကို ပိုမိုဆိုးဝါးစေသည့် အချက်များကိုလဲ သတိပြုမှတ်သားပြီး ရှောင်ကျဉ်သင့်ပါတယ်။ ရောဂါလက္ခဏာများ ပိုမိုမဆိုးနိုင်စေဖို့ အသက်ရှူလမ်းကြောင်း ကူးစက်ပိုး၀င်ရောက်ခြင်းမရှိစေရန် ကာကွယ်မှုများလည်းပြုလုပ်သင့်ပါတယ်။
Cho Thet















