အရိုးပွခြင်းကို ကာကွယ်ကြမယ်
အသက်ရလာတာနဲ့အမျှ လူတိုင်းမှာ တစ်စတစ်စ အရိုးသိပ်သည်းဆ လျော့ကျလာပြီး အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်လာပါတယ်။ တကယ်တော့ ဒီအခြေအနေကို အနည်းနဲ့အများ ဆိုသလို ကာကွယ်နိုင်ပါတယ်။
အရိုးပွလို့ ကျောရိုးဆစ် ကျိုးထားဖူးတဲ့ လူတစ်ယောက်ဟာ နောက်ငါးနှစ်အတွင်း ထပ်ကျိုးနိုင်သေးတာကို သတိမူသင့်ပါတယ်။ အသက်ကြီးသူ အဘိုးအဘွားတွေ အရိုးပွလို့ ကျိုးရင်လည်း ငယ်ရွယ်သူတွေလို နလန်ထတာ အရိုးဆက်တာ မမြန်ပါဘူး။ ဒါ့အပြင် နောက်ခံ ဆီးချို သွေးတိုးတွေပါ ပါနေရင် ဆေးရုံပေါ်မှာ ကြာနေတတ်ပါတယ်။ ဒီတော့ စောစောက ကတည်းက အရိုးမပွအောင်၊ မကျိုးအောင် ကာကွယ်ထားတာ အမှန်ဆုံး ဖြစ်ပါတယ်။
အရိုးပွရင် ဘယ်အရိုးတွေ ကျိုးတတ်သလဲဆိုတော့ ခါး၊ လက်ကောက်၀တ်နဲ့ တင်ပဆုံရိုးတွေ ကျိုးတတ်ပါတယ်။ ဒါကြောင့် အထိုင်အထ၊ အသွားအလာ ဖြည်းညင်း ညင်သာစွာ ပြုမူလှုပ်ရှားသင့်ပါတယ်။
>> အရိုးပွတာ ကာကွယ်ဖို့နဲ့ ပိုဆိုးမလာဖို့ ဘာလုပ်ရမလဲ?
အစားအသောက် ပြုပြင်ရပါမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ပါ၀င်တဲ့ အစားအစာတွေ စားရမှာပေါ့။
>> ဘာတွေစားသင့်လဲ?
• နွားနို့၊ ဒိန်ချဉ်
• အရိုးပါ စားနိုင်တဲ့ ငါးကလေးများ
• ဘရိုကိုလီ
• အစိမ်းရင့်ရောင် အသီးအရွက်တွေ
• ကွေကာ
• ပဲနို့
• ကြက်ဥ
• ပင်လယ်ငါးနဲ့
• ပဲအမျိုးမျိုး စားသုံးခြင်းဖြင့် ဖြည့်တင်းပေးနိုင်ပါတယ်။
ဒါ့အပြင် မနက်ခင်း နေရောင်ခြည်ခံပေးခြင်းဖြင့် ဗီတာမင်ဒီဓာတ် ပြည့်၀စေပါတယ်။
>> အရိုးမပွအောင် လေ့ကျင့်ခန်း လုပ်သင့်သလား?
လုံး၀ လုပ်သင့်ပါတယ်။ ငယ်ငယ်ကတည်းက လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကျန်းမာကြံ့ခိုင်သူတွေဟာ အရိုးပွဖို့၊ အရိုးကျိုးဖို့ ခက်ပါတယ်။ လေ့ကျင့်ခန်းကို အသက် 20 - 30 ကတည်းက ပုံမှန်လုပ်မယ်ဆိုရင် ကြွက်သားနဲ့ အရိုး၊ အရွတ်တွေ မာလာပါတယ်။
>> ကြီးလာရင် အရိုးမပွအောင် ငယ်ကတည်းက ဘာလေ့ကျင့်ခန်းတွေ လုပ်ရမလဲ?
• အလေးမ,တာ
• ထိုင်ထ
• မနှေးမမြန် ပြေးတာ
• တောင်တက်တာ
• ကြိုးခုန်တာတွေ လုပ်လို့ရပါတယ်။
ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် အရိုးပွပြီး တင်ပဆုံရိုးကျိုးဖို့ ပိုများတတ်ပါသတဲ့။ အရက်သောက်သူတွေဟာ အရိုးပွတာအပြင် အစားနည်းသွားပြီး မကြာခဏ လဲပြိုတတ်တဲ့ ပြဿနာရှိတာကြောင့် အရိုး အလွယ်တကူ ကျိုးနိုင်ပါတယ်။
>> အရိုးပွတာကို ကုသလို့ ရ၊ မရ
အရိုးပွလာတာကို နှေးသွားအောင် လိုအပ်တဲ့ဓာတ်တွေ ပြန်လည်ဖြည့်စွက် စားပေးခြင်းနဲ့ ဆိုးဝါးမသွားအောင်၊ အရိုးမကျိုးအောင် ဖြည့်စွက်ဆေးဝါး သောက်သုံးရင်း တားဆီးပေးလို့ ရပါတယ်။
အရိုးသိပ်သည်းဆ တိုင်းကြည့်လို့ အရိုးပွမှန်းသိရတာနဲ့ ဆရာ၀န်က လိုအပ်တဲ့ ဖြည့်စွက်ဆေးဝါးနဲ့ ဟော်မုန်းအစားထိုး ကုသဖို့ စတင်စီစဉ်ပေးပါလိမ့်မယ်။ အမျိုးသမီးတွေက အမျိုသားတွေထက် ပိုပြီးအရိုးပွတာ၊ ကျိုးတာတွေ ဖြစ်နိုင်တာမို့ အသက်ကြီးလာနဲ့အမျှ ဂရုတစိုက် အစားအသောက်၊ အနေအထိုင် ပြုပြင်ပေးကြဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















