အသက်ရှူလေ့ကျင့်ခန်း လုပ်ကြမယ်
အသက်ကို ပြင်းပြင်းနဲ့ရှိုက်ပြီး သေချာရှူခြင်းက အားပြည့်စေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပြီး အိမ်နဲ့အလုပ် အသွားအပြန်လမ်းမှာဖြစ်စေ၊ ညဘက်မအိပ်ခင်ပဲဖြစ်စေ အချိန်တိုင်း နေရာတိုင်းမှာ လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။
>> ဝမ်းဗိုက်ဖြင့် အသက်ရှူနည်း
• ခုံပေါ်မှာ ထိုင်နေတာပဲဖြစ်ဖြစ်၊ ပြင်ညီတစ်ခုခုပေါ်မှာ လဲလျောင်းနေတာပဲဖြစ်ဖြစ် သက်သောင့်သက်သာရှိပြီး တည်ငြိမ်တဲ့ အနေအထားတစ်ခုနဲ့ နေပါ။
• မျက်လုံးတွေကို မှိတ်ထားပါ။
• လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး အခြားတစ်ဖက်ကို ဝမ်းဗိုက်ပေါ် တင်ထားပါ။
• ပါးစပ်ကနေပြီး လေကို အကုန်အစင် ရှူထုတ်လိုက်ပါ။ ပြီးတော့ နှာခေါင်းမှတစ်ဆင့် 5 စက္ကန့်လောက်ကြာအောင် လေကို ဖြည်းဖြည်းချင်း ရှိုက်ပြီး ရှူသွင်းပါ။
• ဗိုက်ပေါ်ကလက်က ဖြည်းဖြည်းချင်း မြင့်တက်လာပြီးနောက် ရင်ဘတ်ပေါ်ကလက်ပါ မြင့်တက်လာတဲ့အထိ ရှူသွင်းပါ။ ရင်ဝမ်းခြား ကန့်လန့်ကာကြွက်သား မြင့်တက်လာပြီး အဆုတ်ထဲမှာလေတွေ ပြည့်နေအောင် တဝကြီး ရှူသွင်းပါ။
• ခဏ အသက်ရှူအောင့်ထားပြီးမှ 5 စက္ကန့်ကြာအောင် လေကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ။
• ဒီအတိုင်း ရှူသွင်းရှူထုတ် 5 မိနစ် ဆက်လုပ်ပါ။ 10 မိနစ်အထိ တိုးလုပ်နိုင်အောင် ကြိုးစားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)














