အသည်းခြောက်နေသူတွေ ဘယ်လိုနေထိုင်စားသောက်သင့်သလဲ
မိမိ၏ နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲခြင်းဖြင့် အသည်းရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး များကြောင့် ရောဂါေ၀ဒနာခံစားရခြင်းကို လျှော့ချနိုင်သည့်အပြင် အသည်းထပ်မံပျက်ဆီးခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။
1. အရက်ဖြတ်ခြင်း
အကယ်၍ မိမိ၏ အသည်းရောဂါမှာ အရက်ကြောင့်မဟုတ်ခဲ့ဘူးဆိုလျှင်တောင်မှ အရက်သောက်ခြင်းကို ရာသက်ပန်ရှောင်ကြဉ်သင့်သည်။ ထိုသို့မဟုတ်ပါက အသည်းပျက်ဆီးမှုနှုန်းကို ပိုမိုမြင့်တက်စေနိုင်ပါသည်။
2. စားသောက်မှုပုံစံကိုပြောင်းလဲခြင်း
အငန်စားသုံးမှုကို လျှော့ချသင့်သည်။ အဘယ်ကြောင့်ဆိုသော် အသည်းပျက်စီးနေသူများတွင် ခန္ဓာကိုယ်မှအငန် စွန့်ထုတ်မှု လျော့နည်းနေသောကြောင့်ဖြစ်သည်။ ဆားဓာတ်ဟုလူသိများသော ဆိုဒီယမ်ဓာတ်သည် ၀မ်းဗိုက်တွင်အရည်များစုခြင်းကို ဖြစ်စေနိုင်သည်။
1. အငန်လွန်ကဲသော အစားအသောက်များကိုရှောင်ကြဉ်ပါ။ ဟင်းချက်ရာတွင် ဆားကိုလျှော့ထည့်ပါ။ အရသာအတွက် သံပုရာသီးနှင့် အမွှေးအကြိုင်များကို ဆားအစားအသုံးပြုပေးပါ။ လတ်ဆတ်သော အစားအစာများသည် စည်သွပ်အစားအသောက်ဘူးများထက်ပို၍ ကျန်းမာရေးနှင့်ညီညွတ်စေပါသည်။
2. အစားအသောက်ဘူးပေါ်တွင်ပါသော အညွှန်းများကိုသေချာဖတ်၍ ဆားဓာတ်မည်မျှပါသည်ကို စစ်ဆေးပြီးမှ၀ယ်ယူပါ။
3. အသင့်စားအစားအသောက်ရောင်းချသော စားသောက်ဆိုင်များတွင် စားသုံးခြင်းကိုရှောင်ကြဉ်ပါ။
4. အသားများ အထူးသဖြင့် အနီရောင်အသားများစားသုံးခြင်းကို တတ်နိုင်သမျှလျှော့ချ၍ အသီးအရွက်များကိုသာ များများစားသုံးပေးပါ။
အသည်းပျက်စီးခြင်း အလွန်အမင်းဆိုးဝါးလာပါက ဦးနှောက်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကိုပါ ထိခိုက်နိုင်ချေရှိသည့်အတွက် ပရိုတင်းဟုခေါ်သော အသားဓာတ်စားသုံးခြင်းကိုလျှော့ချရန် လိုအပ်ပါသည်။ အာဟာရအတွက် ပရိုတင်းဓာတ်ကို စားသုံးရန်လိုအပ်သော်လည်း ဖြစ်နိုင်လျှင်၎င်းဓာတ်ကို ပဲအမျိုးမျိုးနှင့် အသီးအရွက်များစားသုံးခြင်းဖြင့်သာ ရယူသင့်သည်။ သတိပြုရန်မှာ အသားဓာတ်ပါသော အစားအသောက်များကို တခါတည်းအများကြီးစားသုံးရန် မသင့်လျော်ပေ။
3. အန္တရာယ်ရှိသော ဆေးဝါးများကိုရှောင်ရှားခြင်း
အချို့သောဆေးဝါးများကို အသည်းခြောက်ရောဂါခံစားနေရသူများအနေဖြင့် သောက်သုံးရန်မသင့်တော်ပေ။ ဥပမာ - ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးမျိုးသည် အသည်းပျက်စီးနှုန်းကိုမြင့်တက်စေသည်။ ထို့ပြင် အက်(စ်)ပရင် Aspirin၊ Ibuprofen ကဲ့သို့သော အခြားအကိုက်အခဲပျောက်ဆေးများသည်လည်း သွေးပြန်ကြောထုံးနေသူများတွင် သွေးကြောပေါက်ခြင်း အလားအလာကိုမြင့်တက်စေနိုင်ပါသည်။ အခြားရောဂါရှိ၍ သောက်သုံးနေရသောဆေးများကြောင့် အသည်းထိခိုက်မှုဖြစ်စေနိုင်သဖြင့် မည်သည့်ဆေးဝါးမဆို (အားဆေးများအပါအ၀င်) ဆရာ၀န်နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။
4. သင်၏ကျန်းမာရေးအခြေအနေကိုမြှင့်တင်ခြင်း
သင်၏ကျန်းမာရေးအခြေအနေကို မြှင့်တင်ရန်အောက်ပါအချက်တို့ကို လိုက်နာပါ။
- ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
- ဗီတာမင်အားဆေးများကို သောက်သုံးနိုင်သော်လည်း သံဓာတ်အလွန်အကျွံပါ၀င်သောဆေးများကို ဆရာ၀န်ညွှန်ကြားမှုမပါဘဲ မသောက်သုံးသင့်ပါ။
- သွားနှင့်သွားဖုံးကျန်းမာရေးကိုဂရုစိုက်ပါ။ ပြည်တည်နာများမဖြစ်စေရန် သွားတိုက်ခြင်းအလေ့အထကို ပုံမှန်ပြုလုပ်သင့်သည်။ ဂရုပြုရန်မှာ သွားဖုံးသွေးထွက်ခြင်းမှကင်းေ၀းစေရန် ညင်သာစွာပွတ်တိုက်ပေးပါ။
- ကာကွယ်ဆေးများထိုးထားပါ။ (ဥပမာ- အသည်းရောင်အသားဝါ A၊ အသည်းရောင်အသားဝါ B၊ အအေးမိတုတ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ)
Dr. Thinzar Wynn














