/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်း-အဆီမဖုံးရလေအောင်

အသည်း အဆီမဖုံးရလေအောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပုံမှန်အသည်းတစ်သျှူးတွေထဲမှာ အဆီတစ်သျှူးတွေပါ ရောနှောတွေ့နေရပြီ ဆိုရင်တော့ အသည်း အဆီဖုံးတယ်လို့ ခေါ်ပါတယ်။ အဆီတွေဟာ အသည်းကို တဖြည်းဖြည်းနဲ့ ဝါးမျိုလာတဲ့အတွက် ကျန်းမာတဲ့အသည်းတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။ အသည်း အဆီဖုံးတဲ့အခါ အသည်းဟာ ဝါကျင့်ကျင့် အဆီရွှဲရွှဲဖြစ်လာပြီး ရောင်ကိုင်းလာပါတယ်။

          အသည်း အဆီဖုံးခြင်းဟာ ဗိုက်အဆီစုခြင်း၊ ဆီးချို သွေးချို စတာတွေနဲ့ ဆက်နွှယ်နေပါတယ်။ ကြာလာတဲ့အခါ အသည်းခြောက်ခြင်းနဲ့ အသည်းလုပ်ငန်းများ ရပ်တန့်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။

 

>>    အသည်းအဆီဖုံးကြောင်း ဘယ်လိုသိနိုင်မလဲ?

          အသည်း အဆီဖုံးသူအများစုမှာ အစပိုင်းမှာ ရောဂါလက္ခဏာတွေ သိပ်မသိသာတဲ့အတွက် အသည်းရောဂါ ဖြစ်နေမှန်းတောင် မသိနိုင်ပါဘူး။ အချို့မှာတော့ နေထိုင်မကောင်း၊ မောပန်းလွယ်ပြီး အကြောင်းမရှိဘဲ အဝလွန်လာတာတွေ ဖြစ်လေ့ရှိပါတယ်။

 

        အသည်းအဆီဖုံးခြင်းရဲ့ လက္ခဏာရပ်တွေကတော့ -

•        ဗိုက်မှာအဆီစုနေခြင်း

•        သွေးတွင်း ကိုလက်စထရောနဲ့ မကောင်းသောအဆီတွေ များနေခြင်း

•        မောပန်းလွယ်ခြင်း

•        ပိျု့နေခြင်း

•        သည်းခြေကျောက်တည်ခြင်း

•        ခန္ဓာကိုယ် အပူလွန်ကဲခြင်း

•        ချွေးထွက်များခြင်း

•        မျက်လုံး နီရဲယားယံနေခြင်း

          အသည်းအဆီဖုံးခြင်းကို သိနိုင်ဖို့အတွက် သွေးဖောက်စစ်ပြီး တီဘီဓာတ်မှန် ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။

          ကံကောင်းထောက်မစွာနဲ့ အသည်းအဆီဖုံးခြင်းကို သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

1.      ကစီဓာတ်ကို လျှော့စားပါ။

       ကျန်းမာရေးနဲ့ ညီညွတ်စွာ မစားသုံးတတ်ခြင်းက အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ အစားအစာတွေကတော့ သကြားနဲ့ သန့်စင်ထားတဲ့ဂျုံတွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို လုံးဝနီးပါး ရှောင်ကြဉ်သင့်ပါတယ်။ ကစီဓာတ်ကို အများအပြားစားခြင်းဖြင့် အသည်းက ပိုလျှံလာတဲ့ ကစီဓာတ်တွေကို အဆီအဖြစ် ပြောင်းလဲပစ်တာကြောင့် အသည်း အဆီဖုံးလာတတ်ပါတယ်။ ဒါကြောင့် ပေါင်မုန့်၊ ပါစတာ၊ ထမင်း၊ နှံပြောင်း၊ အာလူးနဲ့ ဂျုံနဲ့ လုပ်ထားတဲ အစားအသောက်တို့ကို ရှောင်ကြဉ်ရပါမယ်။

 

2.      အရက် လျှော့သောက်ပါ။

          အသည်း အဆီဖုံးစေနိုင်တဲ့ ဒုတိယအချက်ကတော့ အရက် အလွန်အကျွံ သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။ အရက်က အသည်းကလပ်စည်းလေးတွေကို ရောင်ရမ်းပျက်စီးစေနိုင်ပြီး အဆီတွေ စုလာစေနိုင်ပါတယ်။ ဒါကြောင့် အသည်း အဆီဖုံးနေသူတွေမှာ အရက်ကို တစ်နေ့ကို တစ်ခွက်နှုန်းနဲ့ သောက်ပြီး တစ်ပတ်မှာ အနည်းဆုံး 2 ရက် ရှောင်သင့်ပါတယ်။

 

3.      ဟင်းသီးဟင်းရွက်၊ အသားနဲ့ ကောင်းတဲ့အဆီတွေ များများစားပါ။

          ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အစိမ်းတွေဟာ အသည်းကို ပြန်လည်ကျန်းမာ သန်စွမ်းစေနိုင်တဲ့ အကောင်းဆုံး အစားအစာတွေပဲ ဖြစ်ပါတယ်။ အသည်းကို သန့်စင်ပေးတဲ့အတွက် အသည်းရဲ့ သွေးထဲက အဆီနဲ့အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်စွမ်းကို ပိုမိုတိုးပွားစေလာနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေကို အစိမ်းဖြစ်စေ၊ ချက်ပြုတ်ပြီးဖြစ်စေ များများစားပေးသင့်ပါတယ်။ သစ်သီးဝလံတွေဟာလည်း ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပေမယ့် ဆီးချိုရှိသူတွေမှာ သွေးတွင်းအချိုဓာတ်ကို တက်စေနိုင်တဲ့အတွက် တစ်နေ့မှာ နှစ်ကြိမ်ခန့်မျှသာ စားပေးရပါမယ်။ အသားဓာတ်ဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးပြီး ဗိုက်အဆီကျစေနိုင်တဲ့အပြင် ဆာလောင်မွတ်သိပ်ခြင်းကို လျော့ကျစေနိုင်တဲ့အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထမင်းစားတိုင်း အသားဓာတ်တစ်မျိုးမျိုးကို ထည့်သွင်းစားသုံးရပါမယ်။ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကြက်ဥ၊ အသား၊ ပင်လယ်စာ၊ အစေ့အနှံ၊ whey ပရိုတင်းပေါင်ဒါ၊ ပဲနဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

          ဟင်းရွက်အဆီအများစုနဲ့ မာဂျရင်းထောပတ်တုတို့ဟာ အသည်းအဆီဖုံးခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီတွေကို သံလွင်ဆီ၊ ငါး၊ အုန်းဆီနဲ့ အစေ့အနှံတွေမှာ တွေ့နိုင်ပါတယ်။

 

4.      အရွက်ဖျော်ရည် သောက်ပါ။

          အရွက်ဖျော်ရည်တွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ အရွက်ကို 80 မှ 100 ရာခိုင်နှုန်း ထည့်သင့်ပြီး ကျန်တဲ့ရာခိုင်နှုန်းကိုတော့ အသီး ထည့်သင့်ပါတယ်။ အသီးဖျော်ရည်မှာ ကစီဓာတ်နဲ့ ကယ်လိုရီတွေ အများအပြား ပါဝင်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။

 

5.      အသည်းအားဆေး သောက်ပါ။

          St mary အပင်အစိတ်အပိုင်းတွေ သတ်မှတ်ထားတဲ့ ပမာဏပါဝင်ပြီး ဗီတာမင် B၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဆာလ်ဖာ amino acid တွေ အများအပြားပါဝင်နေတဲ့ အားဆေးမျိုးကို သောက်သုံးသင့်ပါတယ်။ အသည်းအားဆေး ကောင်းကောင်းတစ်လက်ဟာ ပျက်စီးနေတဲ့ အသည်းဆဲလ်တွေကို ပြင်ဆင်ပေးပြီး အသည်းရဲ့ အဆီလောင်ကျွမ်းနိုင်စွမ်း၊ အဆိပ်အတောက် ဖြေဖျောက်နိုင်စွမ်းတွေကို တိုးမြှင့်ပေးပါတယ်။ အားဆေးတွေဟာ အမှုန့်ပုံစံ၊ ဆေးတောင့်ပုံစံ စသည်ဖြင့် လာနိုင်ပါတယ်။

 

6.      Glutathione ဓာတ်ကို တိုးမြှင့်ပေးပါ။

       Glutathione ဓာတ်ဟာ အဆိပ်အတောက်ဖြေပေးပြီး အရောင်ကျစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အသည်း အဆီဖုံးနေသူတွေမှာ ပိုမိုလိုအပ်ပါတယ်။ N-acetyl cysteine ဆိုတဲ့ဓာတ်ဟာ glutathione အဖြစ် ပြောင်းလဲနိုင်ပြီး သွေးထဲမှာ များလာစေနိုင်ပါတယ်။ ကြက်ဥ၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကြက်သွန်ဖြူ စတဲ့ ဆာလ်ဖာဓာတ်များတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်းကလည်း Glutathione ကို များစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)