အသားမာတက်ခြင်း
အသားမာတွေဟာ ပွတ်တိုက်မှု များခြင်း၊ ဖိအားများခြင်းတွေကြောင့် အရေပြား ထူလာတာ ဖြစ်ပါတယ်။
>> အဓိကအချက်များ
1. Callusea လို့ ခေါ်တဲ့ အသားမာတွေဟာ မတော်တဲ့ဖိနပ်ကို စီးတာ၊ အပြေးများတာ၊ လမ်းလျှောက်များတာ၊ ဂီတာလိုမျိုး တူရိယာတွေ တီးမှုတ်တာ စသဖြင့် ပွတ်တိုက်မှု များခြင်း၊ ဖိအားများခြင်းကြောင့် ခြေထောက်တွေ၊ လက်တွေမှာ ဖြစ်လေ့ရှိပါတယ်။
2. Corns လို့ ခေါ်တဲ့ အသားမာတွေဟာ ဖိနပ်ကျပ်ကျပ် စီးတာများလာတဲ့အခါ ခြေထောက်တွေမှာ တွေ့ရတတ်ပြီး ခြေချောင်းထိပ်တွေနဲ့ ခြေချောင်းကြားတွေမှာ တွေ့ရတတ်ပါတယ်။
3. အများစုမှာ ဒီအသားမာတွေဟာ နာလေ့မရှိပါဘူး။ ဒါကြောင့် ကိုယ်နဲ့တော်တဲ့ဖိနပ်စီးခြင်း စသည်ဖြင့် ဖြစ်စေတဲ့ အကြောင်းရင်းကို ဖယ်ရှားရုံမျှနဲ့ သက်သာစေနိုင်ပါတယ်။
4. ဒါပေမဲ့ နာနေတဲ့သူတွေ၊ ဆီးချိုရောဂါနဲ့ သွေးလှည့်ပတ်မှု အားနည်းတဲ့ရောဂါ ရှိသူတွေမှာ ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ လိုအပ်ပါတယ်။
5. အသားမာတွေကို ကိုယ်ဟာကိုယ် လှီးထုတ်တာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ ဆီးချိုရောဂါ ရှိသူတွေမှာ ပိုပြီးသတိထားသင့်ပါတယ်။
>> အသားမာ ဘာကြောင့်ဖြစ်ရတာလဲ?
အရေပြားမှာ ပွတ်တိုက်မှုနဲ့ ဖိအားတွေ များလာတဲ့အခါ ဒီဒဏ်ကို ခံနိုင်ဖို့ အရေပြားထူထူပြီး မာလာတတ်တာကြောင့် အသားမာတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်ချင်း တူပေမယ့် အသားမာထဲမှာ ချွေးအောင်းသွားပြီး အတွင်းပိုင်း ပျော့သွားတဲ့အခါ အသားမာ အပျော့စား ဖြစ်လာပါတယ်။ ဒီအသားမာ အပျောစားတွေကို ခြေချောင်းတွေကြားမှာ တွေ့နိုင်ပါတယ်။ အသားမာတွေဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာ မဟုတ်တဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက် ကူးစက်တာမျိုး မရှိပါဘူး။
♦ လက်ပေါ်က အသားမာများ
လက်ပေါ်က အသားမာတွေဟာ ပွတ်တိုက်မှုများပြီး လက်မှာ ဖိအားများစေတဲ့ တူရိယာတွေ၊ ပေါက်တူး၊ တူ စတဲ့ ကိရိယာတွေ၊ တင်းနစ်ရိုက်တံလို အားကစားပစ္စည်းတွေကို တောင်လျှောက် ကိုင်တွယ်ရတာကြောင့် ဖြစ်နိုင်ပါတယ်။
♦ ခြေထောက်ပေါ်က အသားမာများ
ခြေဗလာ လမ်းလျှောက်ခြင်း၊ ခြေအိတ်မပါဘဲ ရှူးဖိနပ်စီးခြင်းတို့ကြောင့် အသားမာ တက်နိုင်သလို ဖိနပ်ကျပ်ကျပ်စီးခြင်း၊ ဒေါက်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ရတတ်ပါတယ်။ ဖိနပ် အရမ်းချောင်နေတဲ့အခါမှာလည်း မကြာခဏ ကျွတ်ပြီး ဖိနပ်နဲ့ ပွတ်တိုက်မှုများတာ၊ ဖိနပ်အတွင်းက ချုပ်ရိုးတွေ၊ ကြိုးတွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်တာတွေကလည်း အသားမာတွေ ဖြစ်စေနိုင်ပါတယ်။ အားကစားသမားတွေ၊ လမ်းလျှောက်ပုံ မမှန်သူတွေ၊ ခြေထောက် အပြားကျနေသူတွေနဲ့ ခြေထောက်အရိုး အတက်ထွက်နေသူအပြင် သွေးလေးဖက်နာကြောင့် ခြေထောက်ရောင်နေသူ၊ ခြေထောက် ကုပ်နေ၊ ကော့နေသူတွေနဲ့ အလုံးအကြိတ်တွေ ဖြစ်နေသူတွေမှာလည်း အသားမာတွေ တွေ့ရတတ်ပါတယ်။
>> ကုသနည်းများ
♦ ရေမြှုပ်ကျောက်နဲ့ တိုက်ချွတ်ခြင်း
နီရဲနာကျင်မှုမရှိတဲ့ အသားမာတွေကို ရေမြှုပ်ကျောက်နဲ့ ကိုယ်ဟာကိုယ် ပွတ်တိုက်ပေးနိုင်ပါတယ်။ မပွတ်တိုက်မီ ခြေထောက်နူးသွားအောင် ရေနွေးနဲ့ မိနစ် 20 ခန့် စိမ်ထားပေးပြီး ပွတ်တိုက်ပြီးနောက် အသားအရေ နူးညံ့စေရန် အစိုထိန်းဆေး လိမ်းပေးသင့်ပါတယ်။
♦ အသားမာ လှီးထုတ်ခြင်း
ခွဲခန်းသုံးဓားလေးနဲ့ မာပြီး ထူတက်နေတဲ့ အသားကို လှီးထုတ်ပစ်တာဖြစ်ပြီး ဒီလို အသားမာ လှီးထုတ်ခြင်းကို ကျွမ်းကျင်သူတွေကို လုပ်စေသင့်ပါတယ်။ ဒီလို လှီးထုတ်လိုက်ခြင်းက နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပြီး တစ်ခါတစ်ရံ တစ်ကြိမ်ထက်မက ပုံမှန်လုပ်ပေးဖို့ လိုနိုင်ပါတယ်။ အသားမာ ပါးသွားတဲ့အခါ နောက်ပြန်မဖြစ်အောင် သင့်တော်ညီညွတ်တဲ့ဖိနပ်တွေ စီးပေးရပါမယ်။
♦ ဆေးလိမ်းခြင်း
ဆေးလိမ်းခြင်း၊ ကပ်ခြင်းတွေက အသားမာတက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒီဆေးတွေမှာ Salicylic Acid လို့ခေါ်တဲ့ ဆဲလ်သေတွေကို ပျော်ဝင်စေနိုင်တဲ့ အက်ဆစ်ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဆေးအညွှန်းတိုင်း လိမ်းပေးသင့်ပြီး လူအများစုအတွက် ဘာဆိုးကျိုးမှ မဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေနဲ့ သွေးလှည့်ပတ်မှု မကောင်းသူတွေမှာတော့ အနာ ကောင်းကောင်းမကျက်တာမျိုး ဖြစ်နိုင်တဲ့အတွက် မလိမ်းသင့်ပါဘူး။
>> ဘယ်လိုကာကွယ်နိုင်မလဲ?
အများစုမှာတေ့ာ ပွတ်တိုက်မှု နည်းနိုင်သမျှနည်းအောင် နေထိုင်ပြီး အသားအရေ ပျော့ပျောင်းအောင် အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
● အလေးအပင် မတဲ့အခါ၊ မြက်ရှင်းပေါင်းနှုတ်တဲ့အခါ လက်အိတ် စွပ်ထားပါ။
● ကိုယ့်ခြေထောက်နဲ့ သင့်တော်ပြီး ခြေချောင်းလေးတွေ ချောင်ချောင်ချိချိ ရှိစေမယ့် ခြေစွပ်တွေ ဖိနပ်တွေကို အသုံးပြုပါ။
● ပွတ်တိုက်မှုများတဲ့ ခြေထောက်နေရာတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ရရှိနိုင်တဲ့ ခြေခံတွေ၊ ကပ်ခွာတွေ ကပ်ထားပါ။
● လက်တွေ၊ ခြေထောက်တွေကို နူးညံ့နေအောင် ရေစွတ်ပြီး အစိုထိန်းလိမ်းဆေး လိမ်းပေးထားပါ။
● ခြေသလုံး၊ ကြွက်သားတွေ၊ ခြေဖဝါး အရိုးတွေက လမ်းလျှောက်တဲ့ပုံစံကို ပြောင်းလဲနိုင်ပြီး အသားမာတွေ ဖြစ်စေနိုင်တာကြောင့် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
Dr. Emerald (www.drmyanmar.com)















