အာရုံကြောရောဂါ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ
အာရုံကြောရောဂါ (အာရုံကြောငယ်လေးတွေကို ထိခြင်း) ဆိုတာ အာရုံကြောငယ်လေးတွေကို ထိခိုက်တဲ့ရောဂါတွေနဲ့ ဒီလိုထိခိုက်မှုတွေကြောင့် ဖြစ်လာတဲ့လက္ခဏာတွေကို ခြုံငုံဆိုလိုပါတယ်။ အာရုံကြောငယ်လေးတွေဟာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကို ဆက်သွယ်ပေးထားတာပါ။
အာရုံကြောငယ် ထိခိုက်ခြင်းဟာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ဖြစ်တဲ့အကြောင်းရင်းနဲ့ လူနာပေါ် မူတည်ပြီး နာကျင်ခြင်း၊ အာရုံခံစားမှုပြောင်းလဲခြင်း (သို့) လျော့ခြင်း (သို့) တိုးခြင်း၊ ထုံကျဉ်ခြင်း၊ အပ်နဲ့ထိုးသလို ခံစားရခြင်း၊ ပူခြင်း၊ သာမန်ထိတွေ့မှုလေးကို အာရုံခံစားမှု ပြင်းထန်နေခြင်း၊ ကြွက်သားတွေအားနည်းခြင်း၊ လှုပ်မရခြင်း၊ အင်္ဂါတွေ၊ ဂလင်းကျိတ်တွေပျက်ခြင်း၊ ဆီးသွားဝမ်းသွား လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းခြင်း စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
>> ဒီလိုအာရုံကြောငယ်တွေ ထိခိုက်နိုင်တဲ့အခြေအနေတွေကတော့ -
1. အသက်
အသက်ကြီးလာတာနဲ့အမျှ နာတာရှည်ရောဂါတွေလည်း အဖြစ်များတာကြောင့် အသက် ၅၅ နှစ်နဲ့အထက် လူကြီးတွေရဲ့ ၈%မှာ အာရုံကြောငယ်များ ထိခိုက်မှုတစ်မျိုးမျိုး ရှိနေတယ်လို့ ဆိုပါတယ်။
2. ဆီးချို
ဆီးချိုရှိသူ ၁၂-၅၀% လောက်မှာ အာရုံကြောငယ်ထိခိုက်မှုဖြစ်နိုင်ပြီး အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ အာရုံခံစားမှုပြောင်းလဲလာခြင်း၊ ခြေထောက်တွေ နာကျင်ခြင်း၊ အားနည်းခြင်းကနေ အာရုံခံစားမှု လုံးဝပျောက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
Ultra B 1

3. ဓာတ်ရောင်ခြည်ခံယူခြင်း
ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ကုထုံးခံယူနေသူ အတော်များများမှာ အာရုံကြောငယ် ထိခိုက်မှုကြောင့် နာကျင်တာ၊ လှုပ်ရှားမှုထိခိုက်တာ၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်တွေ ပြောင်းလဲတာ၊ ဟန်ချက်ပျက်တာ၊ အသက်ရှူခက်တာ၊ လေဖြတ်တာနဲ့ အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်တာတွေအထိ ဖြစ်နိုင်ပါတယ်။
4. HIV/AIDS
HIV ပိုးကြောင့်သော်လည်းကောင်း၊ သောက်ရတဲ့ဆေးတွေကြောင့်သော်လည်းကောင်း အာရုံကြောငယ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ခြေလက်တွေမှာ ပူခြင်း၊ ယားခြင်း၊ တောင့်တင်းခြင်း၊ ထုံကျဉ်ခြင်းနဲ့ အာရုံလုံးဝပျောက်ခြင်းတွေ ဖြစ်တတ်ပါတယ်။
5. ရောဂါပိုးမွှားများ
ရေယုန်ဟာ ပေါက်ပြီးနောက်မှာ အချိန်တာရှည် အာရုံကြောနာပြီး ကျန်ခဲ့တတ်တာ နာမည်ကြီးပါတယ်။ အသက်ကြီးသူတွေနဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ လှေး၊ မွား၊ သန်းတွေကနေ ဖြစ်တဲ့ရောဂါမှာလည်း အာရုံကြောရောဂါ အထူးသဖြင့် မျက်နှာအာရုံကြောထိတာမျိုး ကျန်တတ်ပါတယ်။
6. ကိုယ်ခံအားက ကိုယ်ခန္ဓာကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါ
ကိုယ်ခံအားရောဂါတွေဖြစ်တဲ့ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ သွေးကြောရောင်ရမ်းခြင်း၊ ဂလူတန်မတည့် coeliac ရောဂါ၊ Sjogren disease၊ Guillain-Barré syndrome အာရုံကြောရောဂါ စတာတွေဟာ အာရုံကြောကိုပါ ထိခိုက်နိုင်ပါတယ်။
7. ဗီတာမင်ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်း
ကိုယ်ခန္ဓာမှာ အစားကောင်းကောင်းမစားလို့ဖြစ်စေ၊ ရောဂါတွေကြောင့်ဖြစ်စေ၊ ဆေးတွေကြောင့်ဖြစ်စေ၊ အရက်ကြောင့်ဖြစ်စေ အာဟာရချို့တဲ့တဲ့အခါ၊ အထူးသဖြင့် ဗီတာမင် B12 ချို့တဲ့မှုကြောင့် အာရုံကြောငယ်တွေ အားနည်းတတ်ပါတယ်။
Ultra B 2

8. အဆိပ်အတောက်များ
မာကျူရီပါတဲ့ ပင်လယ်စာတွေ အစားများတဲ့အခါ မာကျူရီဓာတ်လွန်ကဲပြီး အာရုံကြောကို ထိခိုက်တတ်ပါတယ်။
9. ထိခိုက်ဒဏ်ရာရခြင်း၊ ရောင်ရမ်းခြင်း
တစ်ခါတလေ ဒဏ်ရာအနာတရရတာ၊ အလုပ်အကိုင်လုပ်ကိုင်ရာ၊ အားကစားလုပ်ရာမှာ မကြာမကြာ အသုံးပြုရာကနေ ဒဏ်ဖြစ်တာ စတာတွေကြောင့်လည်း အာရုံကြောထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ - လက်ကို မကြာမကြာ အသုံးပြုရတဲ့အခါ လက်ကောက်ဝတ်က အာရုံကြောကိုဖိမိပြီး လက်ဖဝါးနဲ့လက်ချောင်းတွေမှာ ထုံကျဉ်တာ၊ ပူတာတွေ ဖြစ်တတ်ပါတယ်။
10. အကြောင်းရင်းမရှိ အာရုံကြောထိခြင်း
တချို့တွေမှာတော့ ဘာအကြောင်းရင်းမှ ရှာမတွေ့တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် အသက် ၆၀ အထက်တွေမှာ ပိုတွေ့ရပါတယ်။
11. မျိုးရိုးဗီဇ
တချို့အာရုံကြောရောဂါတွေဟာ မျိုးရိုးလိုက်တတ်ကြပါတယ်။ မျိုးရိုးလိုက်အာရုံကြောရောဂါတွေဟာ ခြေဖျားလက်ဖျားတွေကို ထိတာများပြီး ကြွက်သားသိမ်တာ၊ အားနည်းတာ၊ အာရုံခံစားမှုပျောက်တာမျိုး ဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇရှာတာ၊ အာရုံကြောလမ်းကြောင်း စစ်ဆေးတာနဲ့ အာရုံကြောအသားစယူတာမျိုးလုပ်ပြီး ရှာဖွေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















