အားကစားလုပ်ရင်း အသက်မဆုံးရအောင် ဘယ်လိုကာကွယ်ကြမလဲ?
ပထမဆုံးအနေနဲ့ အားကစားလုပ်ရင်း နှလုံးထိခိုက်ပြီး လဲကျသေဆုံးတဲ့ ဖြစ်ရပ်တွေဟာ အလွန်ရှားပါးပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ကန်ကန် လုပ်တဲ့သူတွေဟာ မလုပ်တဲ့သူတွေနဲ့ ယှဉ်လိုက်ရင် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ အများကြီး နည်းပါတယ်။ ပြီးတော့ အားကစားလုပ်ရင်း နှလုံးရပ်တန့်တာတွေဟာ တခြားနှလုံးရောဂါ စုစုပေါင်းရဲ့ ငါးရာခိုင်နှုန်းသာ ရှိတာမို့ သိပ်လည်း စိတ်မပူပါနဲ့။ ဒါလေး ဖတ်ကြည့်ပြီး ကာကွယ်လို့ ရ၊ မရ ကြည့်ကြရအောင်။
ဒါကြောင့် တစ်ဖက်က ကြည့်မယ်ဆိုရင် လူပေါင်း ၁၂၀၀ ကို ၁၁ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ အားကစားလုပ်ရင်း ရုတ်တရက် နှလုံးရပ်တန့်တာတွေ ဖြစ်ခဲ့တဲ့ လူတွေဟာ ဘတ်စကတ်ဘော ကစားရင်း၊ စက်ဘီးစီးရင်း၊ ပြေးရင်း အများဆုံးဖြစ်ကြတာ တွေ့ရပါတယ်။
အဲဒီမှာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး ဆုံးပါးတဲ့ အားကစားသမား ၁၀ ယောက်မှာ ၆ ယောက်က နှလုံးရောဂါအခံ ရှိနေတာကို တွေ့ခဲ့ကြပါတယ်။
နောက်တစ်ခုက လေ့ကျင့်ရင်း နှလုံးခုန်ရပ် သေဆုံးတာဟာ လူငယ်လူရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပြီး နှလုံးကြွက်သားထူလို့ဖြစ်တဲ့ နှလုံးစည်းချက် မမှန်တာကနေ နှလုံးရပ်တာလို့ ယူဆရပါတယ်။ နှလုံးကြွက်သားထူရောဂါက မျိုးရိုးဗီဇ မူမမှန်တာကြောင့် အလိုအလျောက် ဖြစ်ပွားလာတဲ့ရောဂါပါ။
စိတ်မကောင်းစရာက အားကစားလုပ်ရင်း သေဆုံးတဲ့ လူငယ်တွေကို ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ ၁၀ ယောက်မှာ ၂ ယောက်ပဲ နှလုံးကြွက်သားထူရောဂါ ရှိနေတာကို တွေ့ခဲ့ကြပါတယ်။ ကျန်တဲ့လူငယ်တွေမှာတော့ နှလုံးက ပုံမှန်အနေအထား တွေ့ရှိရတဲ့အတွက် အကျိုးအကြောင်း ရှာမရတာဟာ မိဘဆွေမျိုးတွေကို ဆောက်တည်ရာမရ စိတ်ပူစေခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ရင်း နှလုံးခုန်ရပ် သေဆုံးစေတဲ့ တခြားအကြောင်းရင်းတွေကတော့ -
● နှလုံးကြွက်သား ထူခြင်း
● နှလုံးအခန်းများ ပွယောင်း ကျယ်ပြန့်နေခြင်း
● နှလုံးသွေးကြော မူမမှန်ခြင်း
● နှလုံးသွေးကြောတွင် အဆီခဲ ပိတ်ဆို့ခြင်း
● လေးဖက်နာလွန် နှလုံးရောဂါ
● မွေးရာပါ နှလုံးရောဂါ
● နှလုံးစည်းချက် မမှန်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
အပေါ်က ရောဂါတွေ အတော်များများမှာ ပုံမှန်နှလုံးအနေအထား တွေ့ရှိနေတတ်ပြီး ပြင်းပြင်းထန်ထန် အားကစား လုပ်လိုက်တဲ့အခါကျမှ ရုတ်တရက် နှလုံး သွေးငတ်ပြီး နှလုံးရပ်တန့် ဆုံးပါးရတာ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးရပ် သေဆုံးတိုင်း နှလုံးမှာ သိသိသာသာ ရောဂါတွေ့ရှိဖို့ဆိုတာ သိပ်တော့လွယ်တဲ့ အခြေအနေ မဟုတ်ပါဘူး။
အားကစားသမားတွေ ကိုယ်လက်လှုပ်ရှား ဝါသနာပါသူ ကိုယ်လုံးအလှ ကစားသူတွေဟာ ဒီလိုဝမ်းနည်းစရာအဖြစ်တွေကို ရှောင်နိုင်ဖို့အတွက် ဒါလေးတွေ လိုက်နာသင့်ပါတယ်။
အားကစားတစ်ခု စွဲစွဲမြဲမြဲ စလုပ်တော့မယ့် အမျိုးသား၊ အမျိုးသမီးတိုင်းဟာ အောက်ပါအဆင့်လေးတွေကို လုပ်ဆောင်ထားသင့်ပါတယ်။
မိမိမှာ နှလုံးရောဂါအခံ ရှိ၊ မရှိ လက္ခဏာရောဂါရာဇဝင်ကို ဆရာ၀န်ကို ပြောပြပါ။
● အလွယ်တကူ မောတတ််မယ်။
● ရင်ဘတ် အောင့်တတ်မယ်။
● မူးလဲ တတ််မယ်။
● သွေးတိုး ရှိမယ်။
ဒါ့အပြင် မိသားစုဆွေမျိုးထဲမှာ မွေးရာပါ နှလုံးရောဂါ ခံစားထားရဖူးရင် လေ့ကျင့်ခန်းလုပ်ရင်း အမောဖောက်ဖူးသူရှိရင်၊ နှလုံးသွေးကြောကျဉ်းရောဂါရှိဖူးရင် ကိုယ်လည်း စစ်ထားစေချင်ပါတယ်။
နှလုံးအတွက် အရိုးရှင်းဆုံး စမ်းသပ်ချက်ကတော့ အီးစီဂျီ ရိုက်ကူးတာပါ။ ရင်ဘတ်ပေါ်မှာ ကြိုးလေးတွေနဲ့ ဘုသီးလေးတွေတပ်ပြီး စာရွက်ကလေး စက်ကနေထွက်လာတဲ့ စစ်ဆေးချက်လေးပါ။
အဲဒီရိုးရှင်းပါတယ်ဆိုတဲ့ နှလုံးအီးစီဂျီ စစ်ဆေးချက်ဟာ ရောဂါအတော်များများကို အဖြေထုတ်ပေးနိုင်ပါတယ်။ သင့်ကို လေ့ကျင့်ခန်းပြုလုပ်ရင်း ရုတ်တရက် သေဆုံးခြင်းကို ကာကွယ်ပေးနိုင်ဖို့ တစ်ခုတည်းသော သတိတရားကို တပ်ဆင်ပေးပါလိမ့်မယ်။
ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းမွန်ပါတယ်။ ကိ်ုယ်လုံးအလှ ကစားတာ အပါအဝင် အားကစားတစ်ခုခု မလိုက်စားမီ ကျန်းမာရေး စစ်ဆေးချက်အနေနဲ့ အနည်းဆုံး နှလုံးအီးစီဂျီလောက် စစ်ထားပြီး ဆရာဝန်နဲ့ ပြသဆွေးနွေးထားခြင်းဖြင့် သင့်တော်၊ မသင့်တော် ဆုံးဖြတ်နိုင်တာက အလွန်သင့်တော် ကောင်းမွန်တဲ့ ကာကွယ်မှု ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















