အိမ်တွေမှာ ထားသင့်တဲ့ မရှိမဖြစ် ရှေးဦးသူနာပြုပစ္စည်းလေးတွေ ...
ခေတ်မီသူတိုင်း အိမ်တိုင်းမှာ ရှေးဦးသူနာပြုပစ္စည်းလေးတွေ ထားသင့်ပါတယ်။ တကယ်တော့ မိသားစုတိုင်းမှာ ရှိသင့်တာပါ။ ကလေးနှင့် သက်ကြီးရွယ်အိုများရှိရင် ပိုလိုအပ်ပါတယ််။ အဆင်သင့် ကြိုတင်ပြင်ဆင်ထားတာဟာ မလိုအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဓားရှတာ၊ အရေပြား ပွန်းတာလေးတွေက ပဏာမ ပိုးသန့်တာ လုပ်မထားခဲ့ရင် ပိုးဝင်သွားနိုင်တယ်။ အနာကို ပိုးသန့်ပြီး ဂွမ်းလေး၊ ပတ်တီးလေးနဲ့ အသာအုပ်လိုက်လျှင် နောက်ဆက်တွဲပြူနာများကို ကာကွယ်ပေးနိုင်ပါတယ်။
အဲဒီဆေးသေတ္တာလေးကို အိမ်တွင်းသမားတော်လို့ နာမည်ပေးကြပါစို့။
ဆေးသေတ္တာလေးကို အဖုံးအပိတ်ပါတဲ့ ပလတ်စတစ်ဘူးလေးတွေ၊ ပလတ်စတစ် ခြင်းကြားလေးတွေနဲ့ လုပ်ရင် ရပါတယ်။
အိမ်တွင်းသမားတော်လေးအတွက် လိုအပ်တဲ့ လက်နက်ကိရိယာလေးတွေကတော့ -
1. ပိုးသန့်ထားတဲ့ဂွမ်း
ဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတယ်။
2. ရေစိုခံပလာစတာ
3. ကျုံနိုင်၊ ဆန့်နိုင်တဲ့ အလက်စတစ်သား ပတ်တီး၊
အရိုးအကြောဒဏ် ဖြစ်ဖူးသူဆို ဒူးပတ်၊ လက်ပတ်တွေ တွေ့ဖူးပါလိမ့်မယ်။ ထိုကဲ့သို့ ပတ်တီးအကြီး ဖြစ်ပါတယ်။ အနာပတ်တီးအပေါ်က ထပ်ပီး တင်းတင်းပတ်လိုက်ရင် တော်ရုံကွာမကျတော့ဘူး။
4. အပေါက်အသေးတွေပါတဲ့ တိတ်
ဟန်တာပလပ်စ််ဖြစ်စေ၊ ရိုးရိုးစက္ကူတိတ်ဖြစ်စေ ရပါတယ်။ အဆင်ပြေသလို ကပ်လို့ရတာပေါ့။
5. မျက်လုံးခိုက်မိရင်အုပ်ဖို့ မျက်လုံးပုံစံအုပ်လို့ရတဲ့ အလက်စတစ်ပြားလေးတွေ ပတ်တီးနုနုလေးတွေလည်း ဆောင်ထားသင့်ပါတယ်။
6. မီးလောင်ရင်လိမ်းဖို့ ဂျယ်လ်
အများစုကတော့ ဆေးပြာ လိမ်းကြပါတယ်။ မသုံးစေချင်ပါဘူး။ ဖြစ်လာခဲ့ရင် ရေနဲ့သာ နိုင်နိုင်လောင်းပါ။ အဝတ်သန့် အုပ်ပါ။
7. ရေခဲအိတ်တို့၊ ရေနွေးအိတ်တို့လည်း ရှိသင့်ပါတယ်။
8. အရေးအကြီးဆုံးက တစ်ခါသုံးလက်အိတ်ပါ
ပလတ်စတစ်လက်အိတ်ဖြစ်စေ၊ ရာဘာလက်အိတ်ဖြစ်စေ ရတယ်။ ဈေးသိပ်မကြီးပါဘူး။
9. ကပ်ကြေး
အထွေထွေ သုံးနိုင်ပါတယ်။
10. ဘီတာဒိုင်းဆေးရည်
ထားသင့်ပါတယ်။ ပိုးသေတယ်။ အနာဆေးလို့ ရပါတယ်။
ဆေးသေတ္တာလေးမှာ တချို့ပစ္စည်းတွေ မသုံးဘဲ ရက်လွန်သွားတာမျိုး ရှိတတ်တယ်။ အကြာကြီးဆိုလျှင် ဖုန်တက်၊ မှိုတက် ဖြစ်တတ်ပါတယ်။ ပတ်တီးတွေက ဆွေးတတ်တယ်။ အသစ်နဲ့အဟောင်း လဲပေးဖို့ လိုပါတယ်။
ဆေးသေတ္တာလေး ပြင်ပြီးရင် နေပူထဲမထားပါနဲ့။ အမြင့်မှာလည်း တင်မထားပါနဲ့။ နေအိမ်တွင်း အေးမြတဲ့နေရာလေးမှာ ထားပါ။ ဘယ်သူမဆို ယူရလွယ်ပါစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















