အီးစီဂျီ (ECG) ဆိုတာ
ECG ဆိုတာ ကိုယ့်ရဲ့နှလုံးခုန်နှုန်း၊ အလုပ်လုပ်တဲ့ပုံတွေကို တိုင်းတာပေးတာ ဖြစ်ပါတယ်။ ရင်ဘတ်မှာ တိုင်းတာပေးတဲ့ စက်လေးတွေ တတ်ထားပြီး နှလုံးခုန်လိုက်တိုင်း ထွက်လာတဲ့ လျှပ်စီးကြောင်းကို စက်ကို ပို့ပေးပါတယ်။ စက်ကထွက်လာတဲ့ပုံစံကိုမှာ ဆရာဝန်က ဖတ်ပြီး ပုံမှန် ဟုတ်၊ မဟုတ် ကြည့်ပေးရတာ ဖြစ်ပါတယ်။
>> ဘယ်လိုအချိန်မှာသုံးလဲ?
နှလုံးရဲ့အခြေအနေကို သိချင်ရင်၊ နောက်ပြီး ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ ခေါင်းမူးတာ၊ မောတာ စတဲ့ အခြေအနေတွေမှာလည်း ရောဂါရှာဖို့ သုံးပါတယ်။
ဘယ်လိုမျိုး အခြေအနေတွေကို သိနိုင်လဲဆိုရင် -
● နှလုံးခုန်တာ မြန်တာ၊ နှလုံးခုန်တာ အရမ်းနှေးတာ ဒါမှမဟုတ် နှလုံးခုန်တဲ့ ပုံမမှန်တာမျိုးတွေ
● နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ - သွေးကြောပိတ်တာ၊ သွေးစီးဆင်းတာ မကောင်းတာမျိုးတွေ
● ရုတ်တရက် နှလုံးသွေးကြောပိတ်တာမျိုး
● နှလုံးကြွက်သားမှာ ပြဿနာရှိတာ ဥပမာ - နှလုံးနံရံ ထူတာ၊ နှလုံးအခန်း ကြီးလာတာမျိုး စတာတွေကို သိနိုင်ပါတယ်။
ရောဂါရှိပြီးသားလူဆိုရင် ရောဂါအခြေအနေ သိရအောင် ECG ကို ခဏခဏ ဆွဲနေဖို့ လိုပါတယ်။
>> ဘယ်လိုဆွဲရလဲ?
ရင်ဘတ်၊ လက်နဲ့ ခြေတွေမှာ လျှပ်စီးတိုင်းတဲ့ အပြားလေးတွေ ကပ်ထားပြီး စက်နဲ့ တိုင်းတာပါ။
ECG ဆွဲဖို့ ထူးထူးခြားခြား ကြိုပြီး ပြင်ဆင်ရတာမျိုး မရှိပါဘူး။ ပုံမှန်အတိုင်း စားသောက်လို့ ရပါတယ်။
အီးစီဂျီဆွဲတဲ့အချိန်မှာတော့ ရင်ဘတ်က အဝတ်အစားတွေ ချွတ်ဖို့၊ ဖယ်ဖို့ လိုပါတယ်။ ECG ဆွဲတာ မိနစ်အနည်းငယ်ပဲ ကြာပါတယ်။
>> ဘယ်လိုအမျိုးအစားတွေရှိလဲ?
အဓိက ၃ မျိုး ရှိပါတယ်။
● နားနေချိန်မှာ ဆွဲတာ - ပုံမှန်အတိုင်း လှဲနေပြီး သက်သောင့်သက်သာ အနေအထားမှာ ဆွဲတာ
● လေ့ကျင့်ခန်း လုပ်နေရင်း ဆွဲတာ - စက်ဘီးနင်းနေတုန်း၊ ပြေးစက်ပေါ်မှာ ပြေးနေတုန်း ဆွဲတာ
● တစ်နေကုန် တိုင်းတာ - စက်အသေးလေးကို ကိုယ်မှာ တပ်ထားပြီး ၁ ရက်လုံး ဒါမှမဟုတ် ၂ ရက်၊ ၃ ရက်လောက် ဆက်တိုက် ဆွဲတာမျိုး ဖြစ်ပါတယ်။
ကိုယ် ဘယ်လို ECG မျိုး ဆွဲရမလဲဆိုတာ ကိုယ့်ရဲ့ရောဂါလက္ခဏာနဲ့ နှလုံးရဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်။
ဥပမာ - လှုပ်ရှားတဲ့အချိန်မှာ လက္ခဏာတွေပေါ်ရင် လေ့ကျင့်ခန်းလုပ်ရင်း ECG ဆွဲခိုင်းမယ်၊ ဖြစ်ချင်တဲ့အချိန်မှာ ရုတ်တရက် ထဖြစ်ရင် တစ်နေကုန်တိုင်းတဲ့ ECG ပေါ့။
>> အဖြေက ဘယ်တော့ရမလဲ?
ချက်ချင်းရပါတယ်။ တိုင်းနေတုန်းမှာပဲ စက်ကနေ graph လိုမျိုး ပုံစံနဲ့ စာရွက်လေးတွေ ထွက်လာပါတယ်။ ဒါကို ဆရာဝန်၊ နှလုံးအထူးကုတွေက ဖတ်မှ ဘယ်မှာပြဿနာရှိလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတလေ ECG နဲ့ မလုံလောက်ပဲ တခြားစစ်ဆေးတာတွေပါ လုပ်ရတတ်ပါတယ်။
>> ဘေးထွက်ဆိုးကျိုးတွေ ရှိလား?
ECG ဟာ နာကျင်မှုမရှိဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်လို့ရတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲ လျှပ်စီးဝင်တာမျိုးတွေလည်း မရှိပါဘူး။
ရင်ဘတ်မှာ ကပ်ထားတာလေးတွေ ခွာလိုက်ရင်တော့ နည်းနည်း နာတတ်ပါတယ်။ ပလာစတာ ခွာသလိုမျိုးပေါ့။ တချို့လူတွေမှာတော့ အနီဖုလေး ထတတ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီး တိုင်းရင်လည်း ဘေးနားမှာ ဆရာဝန်၊ ဆရာမတွေက သေချာစောင်ကြည့်နေတာပါ။ လက္ခဏာတစ်ခုခု ပေါ်လာတာ၊ မသက်မသာ ခံစားရတာမျိုးရှိရင် ချက်ချင်း ရပ်ပစ်ပါတယ်။
Dr. Htar (www.drmyanmar.com)













