/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူကျွံခြင်း

အူကျွံခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အူတွေနဲ့ အဆီပြင်တွေဟာ ချက်ပတ်ပတ်လည်မှာရှိတဲ့ ဗိုက်ကြွက်သားတွေရဲ့ အားနည်းနေတဲ့နေရာကနေ တိုးထွက်လာတာကို အူကျွံတယ်လို့ ဆိုပါတယ်။

          အူကျွံခြင်းဟာ ကုသရ လွယ်ကူပေမယ့် တစ်ခါတလေ ကြီးကြီးမားမား ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

 

>>    အူကျွံခြင်းအကြောင်း သိကောင်းစရာအချက်များ

●        အူကျွံခြင်းဟာ လမစေ့ဘဲမွေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။

●        ပုံမှန်ဆိုရင် မနာကျင်တတ်တာကြောင့် နာကျင်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

●        လူကြီးတွေမှာ အူကျွံတဲ့အခါ မိန်းမတွေမှာ ပိုအဖြစ်များတတ်ပါတယ်။

●        အဝလွန်ခြင်းဟာ အူကျွံခြင်းရဲ့ အဓိကဖြစ်စေနိုင်တဲ့ တရားခံတစ်ခုပဲ ဖြစ်ပါတယ်။

●        အူကျွံတာကို ရောဂါနာမည် သတ်မှတ်ဖို့ စမ်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ချက်တစ်ဝိုက်မှာ 1-5 စင်တီမီတာခန့်ရှိတဲ့ အလုံးကြီး ဖြစ်လာပြီး ငိုတဲ့အခါ၊ ရယ်တဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ညှစ်တဲ့အခါ ပိုတွေ့ရတတ်ပါတယ်။

          ကလေးတွေမှာ အူကျွံတာဟာ မနာကျင်တတ်ပေမယ့် လူကြီးတွေမှာတော့ တအားကြီးလာတဲ့အခါ နာတာ၊ ကျင်တာ ဖြစ်လာနိုင်ပါတယ်။

●        တအားနာလာခြင်း

●        အန်ခြင်း

●        ပိုမိုရောင်လာခြင်း

●        အရောင်ပြောင်းလာခြင်း

●        မနာမကျင်ပေမယ့် ခါတိုင်း ဖိလိုက်ရင် ပြန်ဝင်သွားတဲ့အလုံးဟာ ပြန်မဝင်ဘဲ ဖောင်းနေခြင်း စတာတွေ ဖြစ်လာတဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

>>    ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

●        အသက် - လူကြီးတွေထက်စာရင် လမစေ့တဲ့ကလေးတွေမှာ အထူးသဖြင့် ဖြစ်လေ့ရှိပါတယ်။

●        အဝလွန်ခြင်း - အဝလွန်နေတဲ့ ကလေးတွေ လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

●        ချောင်းဆိုးခြင်း - ရက်ရှည်ချောင်းဆိုးနေသူတွေမှာ ဗိုက်ထဲ ဖိအားတွေတက်လာပြီး အူကျွံတတ်ပါတယ်။

●        အမြွာကိုယ်ဝန်ဆောင် - ကလေးတစ်ယောက်ထက် ပိုပြီးကိုယ်ဝန်လွယ်ထားရသူတွေမှာလည်း အူကျွံတတ်ပါတယ်။

 

>>    ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

          ကလေးငယ်လေးတွေဟာ သနေ္ဓသားဘဝမှာ မိခင်နဲ့ ဆက်သွယ်ဖို့အတွက် ဝမ်းဗိုက်ကြွက်သားတွေကတစ်ဆင့် ချက်ကြိုးထွက်နေပါတယ်။

          အမေ့ဝမ်းထဲက လွတ်လာတဲ့အချိန်မှာ ဒီအပေါက် သူ့အလိုလို ပိတ်သွားရပါတယ်။ ဒီလို မပိတ်သွားတဲ့အခါ ဒီအပေါက်ကနေ အဆီပြင်တွေ၊ အူတွေ ကျွံထွက်လာတတ်တာ ဖြစ်ပါတယ်။

          လူကြီးတွေမှာတော့ ဝမ်းဗိုက်ထဲဖိအားများတဲ့အခါ ဝမ်းဗိုက်ကြွက်သားတွေ လျော့ရဲလာပြီး အထဲက အဆီပြင်တွေ၊ အူတွေ ကျွံထွက်လာတတ်ပါတယ်။

 

>>    ရောဂါအမည်တပ်ရန်

          အူကျွံတယ်လို့ ရောဂါအမည်တပ်ဖို့ စမ်းသပ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဆရာဝန်ဟာ စမ်းသပ်ကြည့်ပြီး အထဲကနေ ကျွံထွက်နေတာဟာ ဘာလဲဆိုတာကိုပါ ပြောနိုင်ပါတယ်။

          နောက်ဆက်တွဲဆိုးကျိုးတွေ ရှိ၊ မရှိ သိနိုင်ဖို့ အာထရာစောင်း၊ ဓာတ်မှန်နဲ့ သွေးဖောက်စစ်တာတွေ ပြုလုပ်နိုင်ပါတယ်။

 

>>    ကုသနည်း

          ကလေးလေးတွေမှာ အူကျွံတဲ့အခါ အသက် 12 လလောက်မှာ သူ့အလိုလို ပြန်ပိတ်သွားတတ်ပါတယ်။ အလုံးကြီး အရမ်းအပြင်ထွက်လာရင်တော့ ဆရာဝန်က လက်နဲ့ သေချာဂရုတစိုက် ပြန်ထည့်ပေးဖု့ိ လိုအပ်ပါတယ်။

●        ကလေး အသက် 1 နှစ်၊ 2 နှစ်လောက်နေမှ အူကျွံလာတဲ့အခါ

●        အသက် 4 နှစ် ရောက်သည်အထိ အူကျွံနေတဲ့အခါ

●        အူတွေ အပြင်ရောက်နေပြီး အူ မလှုပ်နိုင်တဲ့အခါ

●        အူကျွံတာ အထဲပြန်မဝင်တော့တဲ့အခါ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

 

          လူကြီးတွေမှာ နောက်ပိုင်း နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် စိတ်မညစ်ရလေအောင် ခွဲစိတ်ကုသဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အူကျွံတာ ပိုဆိုးလာပြီး နာလာခဲ့ရင် ပိုသတိထားသင့်ပါတယ်။

          အူကျွံတာကို ခွဲစိတ်ကုသတာဟာ လွယ်ကူပါတယ်။ အူကျွံနေတဲ့အိတ်ကို ဖွင့်ပြီး အူတွေကို အထဲပြန်ထည့်လိုက်ကာ အထဲက ဝမ်းဗိုက်ကြွက်သားတွေကို ပိုမိုသန်မာလာအောင် လုပ်ရတာပါ။

          အများစုမှာ ခွဲတဲ့နေ့မှာပဲ အိမ်ပြန်လို့တောင် ရပါတယ်။

          ခွဲစိတ်ဆရာဝန်ဟာ ချက်အောက်နားလေးမှာ ခွဲကြောင်းလေးပေးပြီး အဆီပြင်ကြီးကို ဒါမှမဟုတ် အူတွေကို ဗိုက်ထဲ ပြန်ထည့်လိုက်ပါတယ်။

          ပြီးမှ အူတွေထွက်လာတဲ့အပေါက်ကို သေချာခိုင်ခန့်အောင် ကြွက်သားအလွှာတွေထပ်ပြီး ပြန်ချုပ်ရပါတယ်။

          ချုပ်ရိုးကို အရည်ပျော်စေနိုင်တဲ့ ချုပ်ရိုးနဲ့ ပိတ်လိုက်ပါတယ်။

          တစ်ခါတလေတော့ ခွဲစိတ်ဆရာဝန်ဟာ ချုပ်ရိုးပေါ်မှာ ပတ်တီးတင်းတင်းစည်းပြီး 4, 5 ရက်လောက် ထားပါတယ်။

          ခွဲတဲ့ချိန်ကတော့ မိနစ် 20-30 လောက်ပဲ ကြာတတ်ပါတယ်။

 

>>    နောက်ဆက်တွဲဆိုးကျိုး

          ကလေးတွေမှာတော့ နောက်ဆက်တွဲဆိုးကျိုးဟာ အလွန်ရှားပါတယ်။ ထွက်ကျလာတဲ့အူတွေ အထဲကို ပြန်မဝင်တော့ဘဲ ပိတ်မိနေပြီဆိုရင်တော့ အရင်ဆုံးကြောက်ရတာက သွေးမရဘဲ အူပုပ်သွားမှာပဲ ဖြစ်ပါတယ်။

          သွေး လုံးဝမလျှောက်တော့တဲ့အခါ အူပုပ်သွားပြီး ပိုးဝင်စေနိုင််ပါတယ်။ ဒီလိုဖြစ်ဖို့ကတော့ လူကြီးတွေမှာရော၊ ကလေးတွေမှာပါ တော်တော်လေးကို ရှားပါးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)