အံ့ဖွယ်ထူးခြား အသက်ကယ် အိုင်ဒီယာများ
● ကမေ်ဘာဒီးယားနိုင်ငံမှာ ဟင်းအိုးတွေထဲမှာ သံတုံးထည့်ခိုင်းတဲ့ အကြံကို စတင်တာက ကနေဒါက ပြည်သူ့ကျန်းမာရေးပညာရှင်ပါ။ အသားတစ်တုံးတောင် မစားနိုင်တဲ့ သိပ်ဆင်းရဲတဲ့မိသားစုတွေကို သံဓာတ်ဖြည့်တင်းဖို့ အကောင်းဆုံးလို့ ထင်တာပေါ့။ ပြဿနာက ဘယ်သူက သံတုံးကြီးကို ဟင်းအိုးထဲ ထည့်ချင်မှာလဲလေ။ ဉာဏ်ကောင်းတဲ့လူကြီးတွေက သံတုံးကို ပုံတုံးကြီးမလုပ်ဘဲ ဒေသထွက် ကံကောင်းစေတဲ့ လပ်ကီးငါးပုံစံလေးထုပြီး ဖြန့်ဝေဖို့ အကြံပြုကြပါတယ်။ လပ်ကီးငါးသံတုံးက အလွန်တာသွားပါတယ်။ ငါးရုပ်သံတုံးကို ကံကောင်းစေတယ်လို့ဆိုပြီး အလုအယက်ဝယ်ပြီး ကြည်ကြည်ဖြူဖြူ ဟင်းအိုးထဲ ထည့်ချက်ကြတော့တယ်လေ။ တစ်နှစ်အတွင်း သွေးအားနည်း သံဓာတ်ချို့တဲ့မှုကို တိုက်ဖျက်နိုင်လိုက်တဲ့ အလွန်ကောင်းတဲ့အကြံအဖြစ် သမိုင်းတွင်တော့တာပါပဲ။
● ဂျပန်နိုငံက အိုဂဟာယာကာတောအုပ်လေးမှာ နှစ်စဉ်လူရာနဲ့ချီပြီး သတ်သေခဲ့ကြပါတယ်။ အများစုက ကြွေးမှီပြဿနာတွေကြောင့်ပါ။ တစ်ခေါက်မှာ ရဲက အကြွေးတင်နေလို့ ကိုယ့်ဘဝကို အဆုံးစီရင်နေတဲ့ လူတစ်ယောက်ကို တွေ့ပြီးနောက်မှာ ချေးငွေဖောင်ဒေးရှင်းတစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒီတောအုပ်လေးထဲမှာ ချေးငွေဖောင်ဒေးရှင်းကို ဆက်သွယ်နိုင်ပြီး အကူအညီတောင်းနိုင်ကြောင်း စာတွေ အနှံ့အပြား ကပ်လိုက်ကြပါတယ်။ တစ်နှစ်အတွင်း လူ ၂၉ ယောက်က အဲဒီစာတွေကိုမြင်ပြီး သတ်မသေဘဲ ဖုန်းဆက်ပြီး အကူအညီ တောင်းခံခဲ့ကြလို့ အတော်အလုပ်ဖြစ်တဲ့ အိုင်ဒီယာလို့ ဆိုရမှာပါပဲ။
● မငြိမ်တဲ့ကလေးတွေ၊ အာရုံမစိုက်တဲ့ကလေးတွေကို ရောင်စုံတုံးတွေပါဝင်တဲ့ ဂိမ်းတစ်မျိုး ဆော့ခိုင်းလိုက်တဲ့အခါ သိသိသာသာ အာရုံစိုက်မှုတွေ ကောင်းလာပြီး ရောဂါကင်းလာတာ တွေ့ခဲ့ရပါတယ်။
● တစ်ခါသုံးပြီး နောက်တစ်ခါသုံးဖို့ အပ်ကို ထပ်ဆွဲလို့မရတဲ့ ဆေးထိုးပြွန်တွေကို တီထွင်သူကိုတော့ မေ့ထားလို့မရပါဘူး။ ဒီဆေးထိုးအပ်တွေဟာ ဆေးထိုးပြွန် မျှဝေသုံးစွဲလို့ ဖြစ်တဲ့ရောဂါတွေကို လျော့ကျစေခဲ့ပါတယ်။ ဒေါ်လာ ၇ မီလီယံလောက် သက်သာစေခဲ့တဲ့ တီထွင်မှုပါပဲ။
● ဆရာဝန်တွေကို ဆေးစာရေးခိုင်းတာထက် ကွန်ပျူတာနဲ့ ရိုက်ခိုင်းတာက အဆင်ပြေပါသတဲ့။ လက်ရေး မဖတ်တတ်လို့ ဖြစ်ရတဲ့ပြဿနာတွေက မနည်းမနောမို့ပါတဲ့။
● ဆီးချိုဖြစ်သူတွေကို ဆေးသောက်ဖို့ မက်ဆေ့ချ်ပို့ပြီး အသိပေးတာက အတော်ထိရောက်ပါသတဲ့။ အချိန်မှန်ဝင်လာတဲ့ သတိပေး မက်ဆေ့ချ်တွေကြောင့် ဆီးချိုဝေဒနာသည်တွေဟာ ဆေးမှန်မှန် သောက်လာကြပါတယ်။
● သုံးပိုင်းပါတဲ့ ခါးပတ်ဟာ ကားပေါ်မှာ ရင်ကိုရော၊ ခါးကိုရော၊ ကျောကိုပါ ထောက်ကန်ထားပြီး ခလုပ်မောင်းလေး ထိုးလိုက်ရုံနဲ့ အလုပ်ဖြစ်ပါတယ်။
● အစာအိမ်မှန်ပြောင်းကြည့်ပြီး ရောဂါရှာခြင်းဖြင့် စောစောကုသနိုင်ပြီး အူလမ်းကြောင်း ကင်ဆာတွေကြောင့် သေဆုံးနိုင်တာတွေ လျော့သွားပါတယ်။ မှန်ပြောင်းကို ကြာကြာကြည့်တဲ့ လူနာတွေမှာ အနာ လျော့ပါးသွားပြီး နောက်တစ်ခါ ပြန်လာဖို့ မတွန့်ဆုတ်ကြတာ တွေ့ရပါတယ်။
● ဆေးတွေကို တစ်ခွက်စီ ခွဲထုတ်ပေးတာက ဆေးမလွန်စေတဲ့ အကောင်းဆုံး ကာကွယ်နည်းပါတဲ့။ ဘာဆေးပဲဝယ််ဝယ် ၁၆ လုံးထက် ပိုထုပ်မပေးပါနဲ့တဲ့။
● ဖင်လန်နိုင်ငံမှာ မွေးကင်းစကလေး သေဆုံးမှုများတာကြောင့် ကလေးတွေအတွက် သီးသန့်သေတ္တာမွေ့ရာလေးတွေ ထားပေးပါတယ်။ အဲဒီထဲမှာ ကလေးတွေအတွက် သီးသန့် လိုအပ်သမျှ ပါဝင်ပြီး မွေ့ရာလေးပါ ပါတာကြောင့် သူတို့လေးတွေ အလွယ်တကူ အိပ်လို့ရနေပါတယ်။ မိဘတွေနဲ့ တူတူ မသိပ်ဘဲ ခွဲသိပ်လိုက်တာက ကလေးတွေအတွက် အန္တရာယ် ကင်းသွားပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















