/
news/ကျန်းမာရေး-z/ကလေးနှင်းခူ-baby-eczema

ကလေးနှင်းခူ (Baby Eczema)

Category
ကျန်းမာရေး (A-Z)

1. ကလေးငယ်တွေမှာဘာကြောင့်  နှင်းခူရောဂါဖြစ်ရသလဲ။

        ကလေးရဲ့ခန္ဓာကိုယ်မှ  ceramides  နည်းနည်းသာထုတ်နိုင်ခြင်းကြောင့်ဖြစ်ရတာပါ။  Ceramides ဆိုတာ အရေပြားကို အကာအကွယ်ပေးတဲ့အဆီဆဲလ်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ceramides အလုံအလောက်မရှိပါက အရေပြားမှာရေဓာတ်ဆုံးရှုံးကာ အသားခြောက်ခြင်းကိုဖြစ်စေပါတယ်။ မိဘမှာ နှင်းခူဖြစ်ဖူးပါက ကလေးမှာလည်းဖြစ်နိုင်ခြေများပါတယ်။  အရေပြားမှာအပြစ်အနာအဆာရှိသွားပြီး ပိုး၀င်သွားခြင်းကလည်း နှင်းခူဖြစ်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။  

 

2. ကလေးတွေမှာဖြစ်တဲ့ နှင်းခူက ဘယ်လိုပုံစံမျိုးလဲ။

        ကလေးငယ်တွေရဲ့ 10-15% မှာ နှင်းခူရောဂါကိုတွေ့ရပါတယ်။ အရေပြားခြောက်သွေ့ကာ ခန္ဓာကိုယ်မှာအနီရောင်အကွက်တွေအဖြစ်တွေ့ရပါတယ်။ အရေပြားအမြဲတမ်းယားယံကာ ကြမ်းတမ်းနေတတ်ပါတယ်။ ကလေးရဲ့ခန္ဓာကိုယ်တစ်လျှောက် မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပြီး ပါးပြင်၊ ခြေ၊ လက် အဆစ်ပိုင်းနေရာတွေမှာ အဖြစ်များပါတယ်။

        နှင်းခူရောဂါကို အဆီလွန်ကဲအရေပြားရောင်ရမ်းခြင်း (seborrheic dermatitis) နဲ့ အမှတ်မှားတတ်ပါတယ်။ Seborrheic dermatitis ဟာ သိပ်နီမြန်းမှုမရှိဘဲ အကြေးခွံလန်အရေပြားမှာအကွက်လေးတွေဖြစ်ပြီး  နှာခေါင်းဘေး၊ မျက်ခွံ၊ ဦးရေပြား၊ မျက်ခုံး၊ နား အနောက်ဘက် မှာဖြစ်လေ့ရှိပါတယ်။

 

3. ဘယ်လိုအခြင်းအရာတွေက  နှင်းခူရောဂါကိုပိုဆိုးစေနိုင်သလဲ။

         အသားခြောက်ခြင်းက နှင်းခူဖြစ်နေသူကို ပိုယားယံစေသလို  သိုးမွေးထည်၊ ကလေးအတွက်သုံးတဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်းဖြစ်ပါက နှင်းခူကိုတိုးပွားစေနိုင်ပါတယ်။ ယားလို့ကုတ်လေ ပိုပွားလာလေဖြစ်တတ်ပါတယ်။ ပူအိုက်၊  ချေွးထွက်ခြင်းကြောင့်လည်း  နှင်းခူလက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။ 

 

4. ဘယ်လိုကုသပေးမလဲ။

         ခန္ဓာကိုယ်အစိုဓာတ်ထိန်းပေးဖို့လိုအပ်ပါတယ်။ ceramides ပါတဲ့ အစိုဓာတ်ထိန်းပစ္စည်းအမျိုးအစားရွေးချယ်တာ အကောင်းဆုံးဖြစ်ပြီး  fragrance- free cream၊  petroleum jelly  ကိုအသုံးပြုကာ  အစိုဓာတ်ထိန်းပေးလို့ရပါတယ်။ ကလေးကိုရေချိုးပေးပြီးတာနဲ့ချက်ချင်း  လိမ်းပေးဖို့လိုပါတယ်။

        ကြက်သီးနွေးရေနဲ့ ရေချိုးပေးပါ။   ကြက်သီးနွေးရေနဲ့ ရေချိုးပေးခြင်းကြောင့်  အရေပြားအေးမြစေပြီး ယားယံတာကိုသက်သာစေပါတယ်။ ဆရာ၀န်နဲ့ သေချာပြသပြီးမှ ဟစ္စတာမင်းတားဆေး၊ စတီးရွိုက်ပါ၀င်တဲ့လိမ်းဆေးတွေ သုံးနိုင်ပါတယ်။

 

5. နှင်းခူဖြစ်နေတဲ့ကလေးကို ဘယ်လိုပြုစုပေးသင့်သလဲ။

        ယားလို့ကုတ်ပါကပိုဆိုးစေနိုင်ပြီး ပိုး၀င်စေနိုင်တာကြောင့်  မကုတ်မိစေဖို့  ထိပ်ပိတ်လက်အိတ်၀တ်ပေးတာ၊ အကျႌလက်ရှည်ရှည်ဖားဖား၀တ်ပေးတာက  ကလေးအားမကုတ်မိစေဖို့  အဟန့်အတားတစ်ခုဖြစ်စေပါတယ်။  ကလေးလက်သည်းတွေကို ပုံမှန်ညှပ်ပေးထားရပါမယ်။  ပြုစုစောင့်ရှောက်ပေးရမယ့် နောက်ထပ်နည်းလမ်းလေးတွေလည်းရှိပါသေးတယ်။ 

-   ရေနွေးနွေးနဲ့ အချိန် 10 မိနစ်ကျော်လောက်ရေချိုးပေးပါ။  ကြက်သီးနွေးရေနဲ့ရေချိုးပေးခြင်းကြောင့် ယားယံတာသက်သာစေပြီး  အရေပြားရှိအဆီဓာတ်ကိုလည်းထိန်းပေးပါတယ်။  အုတ်ဂျုံမှုန့်ထည့်ပြီးရေချိုးပေးပါက ပိုကောင်းပါတယ်။

-   ကလေးအသုံးအဆောင်ပစ္စည်းတွေကို နူးညံ့တဲ့အမျိုးအစားထဲမှ ရွေး၀ယ်သုံးပေးပါ။  

-   သန့်ရှင်းမှုမရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းနေရာလောက်ကိုသာ  ဆပ်ပြာအသုံးပြုကာ သန့်စင်ပေးသင့်ပါတယ်။

-   ရေခြောက်အောင်အ၀တ်သန့်သန့်နဲ့  ဖွဖွတို့သုတ်ပေးသင့်ပါတယ်။ 

-   ကလေးအရေပြားစိုစိုစွတ်စွတ်လေးဖြစ်နေချိန်မှာ  အစိုဓာတ်ထိန်းပေးရပါမယ်။ 

-   အ၀တ်အစားပွပွ ချောင်ချောင်ကို ၀တ်ပေးသင့်ပြီး  ကလေးကိုသန့်ရှင်းရေးလုပ်ပြီးချိန်တိုင်း ၀တ်ပေးရမယ့်အ၀တ်အစားက လျှော်ဖွတ်၊  မီးပူတိုက်ပြီးသား သန့်ရှင်းစင်ကြယ်တဲ့အ၀တ်ဖြစ်ရပါမယ်။

-   ကလေးအ၀တ်အစားကိုလျှော်ရာမှာလည်း   အပျော့စားဆပ်ပြာ ဒါမှမဟုတ် ဆပ်ပြာမှုန့်ကိုသုံးရမှာဖြစ်ပြီး အမွှေးရနံ့စူးလွန်းဆပ်ပြာရည်မျိုး အသုံးမပြုသင့်ပါဘူး။

-   အ၀တ်အစား ထူထူတွေ၀တ်ပေးတာ၊  စောင်အထပ်ထပ်ခြုံပေး တာကို ရှောင်ကျဉ်သင့်ပါတယ်။ ကလေးမှာပူအိုက်ပြီး ချေွးထွက်ပါက နှင်းခူပွားစေနိုင်တာကြောင့်ပါ။  

 

6. ဘယ်လိုအခြေအနေမျိုးမှာ ဆရာ၀န်ပြသင့်သလဲ။ 

         ကလေးမှာနှင်းခူဖြစ်နေတယ်လို့ တထစ်ချမှတ်ယူပြီး နှင်းခူေပျောက်တဲ့ဆေးတွေ၀ယ်ပြီး မှန်းဆမကုသသင့်ပါ။ မိမိကလေးရဲ့အသားပေါ်မှာ အနီကွက်တစ်ခုခုပေါ်လာတဲ့အခါ ဆရာ၀န်နဲ့ပြသကာမည်သည့်ရောဂါဖြစ်နေကြောင်း ရောဂါသေချာသိရှိမှ  ကုသမှုစတင်တာ  စိတ်အချရဆုံးနည်းလမ်းဖြစ်ပါတယ်။

         တကယ်လို့နှင်းခူရောဂါဖြစ်နေတယ်ဆိုပါက ကလေးကို မျက်ခြည်မပြတ်ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုပါတယ်။  Hydrocortisone cortisone cream လိမ်းသော်လည်း မသက်သာလျှင်၊ ပြည်ရှိတဲ့ အရည်ကြည်ဖုလေးတွေ နှင်းခူအပေါ်မှာထွက်လာလျှင်၊ သင့်ကလေးက အနာရှိသူတစ်စုံတစ်ယောက်နဲ့ သွားထိမိတယ်ဆိုလျှင် ဆရာ၀န်ပြဖို့လိုအပ်ပါပြီ။

 

Cho Thet

www.drmyanmar.com