/
news/ကျန်းမာရေး-z/ကျောက်ကပ်တွင်-ကျောက်တည်ခြင်း

ကျောက်ကပ်တွင် ကျောက်တည်ခြင်း

Category
ကျန်းမာရေး (A-Z)

        ဆီးအတွင်း အကြောင်းတစ်ခုခုကြောင့် (Calcium) ကယ်လ်စီယမ် (သို့) အောက်ဆဲလိတ် (Oxalate) (သို့) ယူရစ်အက်ဆစ် (Uric Acid) အမှုန်များ စုပုံအနည်ကျရာမှ ကျောက်ကပ်တွင် ကျောက်တည်ခြင်း ဖြစ်ပေါ်လာ ပါတယ်။ ဒီအမှုန်တွေဟာ အချင်းချင်းတွယ်ကပ်ပြီး ကျောက်ကပ်ထဲမှာ အရွယ်အစားတဖြည်းဖြည်းကြီးလာကြ ပါတယ်။

အမျိုးအစားများ

၁။ ကယ်လ်စီယမ်ကျောက် (Calcium Stone)

     အဖြစ်အများဆုံးဖြစ်ပြီး Calcium Oxalate ပုံစံအနေနဲ့ အတွေ့ရများပါတယ်။ Oxalate ကို သဘာ၀အရ ခန္ဓာကိုယ်ထဲမှာ အသည်းက ထုတ်လုပ်ပေးရုံသာမက နေ့စဉ်စားနေကျ အစားအသောက်တွေထဲမှာလည်း ပါ၀င် နေတာကိုတွေ့ရပါတယ်။ အချို့ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနယ်၊ လက်ဖက် ရည်၊ ချောကလက်နဲ့ ပဲပိစပ်တို့မှာ Oxalate ဓာတ်ပါ၀င်မှုမြင့်မားပါတယ်။ ကယ်လ်စီယမ်ကျောက်တွေကို Calcium Phosphate ပုံစံနဲ့လည်း တွေ့ရတတ်ပါတယ်။

၂။ ဂျင်းတက်ပုံသဏ္႑ာန်ရှိကျောက် (Struvite Stones)

     ဆီးလမ်းကြောင်းမှာ ပိုး၀င်ရာက Struvite Stones တွေဖြစ်လာပါတယ်။ ဒီကျောက်တွေဟာ ကြီးထွားနှုန်း မြန်ပြီး အရွယ်လည်း ကြီးမားကြပါတယ်။ ဒါပေမယ့် တခါတရံမှာ ရောဂါလက္ခဏာကြိုတင်ပြတာမရှိဘဲ ရုတ်တရက် အန္တရာယ်ပေးတတ်ပါတယ်။

၃။ ယူရစ်အက်ဆစ်ကျောက် (Uric Acid Stones)

     ရေသောက်နည်းသူတွေ၊ ရေဓာတ် (သို့) အရည်ဓာတ်ဆုံးရှုံးသူတွေ၊ အသားဓာတ် (ပရိုတင်းဓာတ်) အစားများ သူတွေ၊ ဂေါက်ရောဂါေ၀ဒနာရှင်တွေမှာ Uric Acid Stones ဖြစ်နိုင်ပါတယ်။

၄။ Cystine Stones

     ကျောက်ကပ်မှ မွေးရာပါ Cystine (Amino Acid အုပ်စု၀င်) စွန့်ထုတ်မှုများတဲ့ ေ၀ဒနာရှင်တွေမှာ Cystine Stones တွေ တွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာများ

        ရောဂါလက္ခဏာတွေအနေနဲ့ကတော့

-    ခါးဘေးတစ်ဖက်တစ်ချက်နှင့် ခါးနောက်ပိုင်း (နံရိုးအောက်ပိုင်း) တွင် ပြင်းထန်စွာနာခြင်း

-    ဗိုက်အောက်ပိုင်းနှင့် ပေါင်ခြံတ၀ိုက်တွင် နာကျင်ခြင်း

-    ဆီးလမ်းကြောင်းတလျောက် ကျောက်ရွေ့လျားနေမှုအပေါ်မူတည်ပြီး နာကျင်သောနေရာနှင့် ပြင်းအားတို့ ကွာခြားခြင်း ( နာချိန်ကြာမြင့်မှုနှင့် ပြင်းထန်မှုမှာ လူတစ်ဦးနှင့် တစ်ဦး မတူပါ။)

-    ဆီးသွားလျှင် နာကျင်ခြင်း

-    ဆီးအရောင်ပြောင်းခြင်း ( ပန်းရောင် / အနီရောင် / အညိုရောင်)

-    ဆီးအနံ့ဆိုးဝါးခြင်း

-    ပျို့အန်ခြင်း

-    ဆီးသွားလိုသည့်စိတ်များဆက်တိုက်ဖြစ်ခြင်း

-    ပုံမှန်ထက် ဆီးသွားသည့်အကြိမ်ရေများခြင်း

-    ချမ်းတုန်ဖျားခြင်း တို့ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများစေသော အကြောင်းရင်းများ

        ကျောက်တည်ရခြင်း၏ အကြောင်းရင်းများကို ယခုချိန်ထိ ရှင်းရှင်းလင်းလင်း တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေများစေတဲ့ အခြေအနေတွေကတော့ -

-    အသက် 40 နှင့် အထက်လူကြီးများ

-    အမျိုးသားများ

-    ရေသောက်နည်းသူများ

-    မိသားစုမျိုးရိုးရှိသူများနှင့် မိမိကိုယ်တိုင်ယခင်က ကျောက်ကပ်တွင် ကျောက်တည်ဖူးသူများ

-    အသားဓာတ်၊ ဆားဓာတ်နှင့် သကြားဓာတ်ပါ၀င်မှုများသော အစားအစာများ အလွန်အမင်း စားသုံးသူများ

-    အ၀လွန်သူများ

-    အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ

-    ပါရာသိုင်းရွိက်ဟော်မုန်းများသူများ

-    ဆီးလမ်းကြောင်းတွင် ရောဂါပိုးရှိသူများ

-    Renal tubular Acidosis, Cystinuria နှင့် မွေးရာပါ Medullary Sponge Kidney ရောဂါရှိသူများ တို့ဖြစ်ပါတယ်။

စစ်ဆေးခြင်း

          ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့်ပတ်သက်ပြီး အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါတယ်။

-    သွေးထဲရှိကယ်လ်ဆီယမ်နှင့် Uric Acid ပမာဏစစ်ဆေးခြင်း ( Blood Test )

-    ဆီးအတွင်းကျောက်ဖြစ်စေသော အမှုန်ပါ၀င်မှုပမာဏကို စစ်ဆေးခြင်း ( Urine RE)

-    ၀မ်းဗိုက်ကို X-ray နှင့် USG ရိုက်ခြင်း၊ ဆီးလမ်းကြောင်းတလျှောက် CT Scan ရိုက်ခြင်း၊ လက်မောင်းရှိ သွေးပြန်ကြောမှတဆင့် Dye (ဆိုးဆေး) သွင်းပြီး X-ray ရိုက်ခြင်း (Intravenous Pyelography)

-    ဆီးသွားရာမှထွက်ကျလာသော ဆီးကျောက်များကို ဓာတ်ခွဲစမ်းသပ်ခြင်း (Analysis of Passed Stones)

ကုထုံးများ

          ကျောက်အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ ကုထုံးများကွဲပြားနိုင်ပါတယ်။ ကျောက်အရွယ် အစား သေးငယ်ပါက ရေများများသောက်ခြင်း ( တစ်နေ့ ၃ လီတာ)၊ အကိုက်အခဲပျောက်ဆေးမှီ၀ဲခြင်း၊ ဆီးလမ်းကြောင်း ကြွက်သားပျော့ဆေး (ဥပမာ- Buscopan) ဆေးဝါးမှီ၀ဲခြင်းတို့ကို ပြုလုပ်နိုင်ပါ တယ်။ ကျောက်အရွယ်အစားကြီးမားပါက အောက်ပါကုထုံးများဖြင့် ကုသနိုင်ပါတယ်။

၁။   အသံလှိုင်းဖြင့်ကျောက်ခြေခြင်း (Extracorporeal Shock Wave Lithotripsy (ESWL) )

     တုန်ခါမှုကိုဖန်တီးပြီး တုန်ခါမှုကနေ အသံလှိုင်းများဖြင့် ကျောက်ကို ချေဖျက်တဲ့နည်းဖြစ်ပါတယ်။

၂။  မှန်ပြောင်းနှင့် လေဆာအသုံးပြု၍ ကျောက်ခြေခြင်း ( Ureteroscopy with Laser Lithotripsy)

     ဆီးပြွန်နဲ့ ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက်အရွယ်အစားသေးပါက ဒီနည်းကိုအသုံးပြုပါတယ်။ ကင်မရာတပ် ဆင်ထားတဲ့ Urteroscope ကိုအသုံးပြုပြီး ကျောက်၏တည်နေရာကို ရှာတွေ့သောအခါ လေဆာသုံးပြီး ကျောက်များကို ချေဖျက်ဖယ်ရှားတဲ့နည်း ဖြစ်ပါတယ်။

၃။  ခွဲစိတ်၍ ကျောက်များကိုဖယ်ရှားခြင်း (Percutaneous Nephrolithotomy (PCNL)

      အရွယ်အစားကြီးတဲ့ ကျောက်တွေကို ဖယ်ရှားတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။ ခါးနောက်ကျောဘက်တွင် ဓါးရာပေးကာ ၎င်းမှတဆင့် Nephroscope မှန်ပြောင်းကို ထိုးသွင်းပြီး ကျောက်များကို ဖယ်ရှားတဲ့နည်းဖြစ်ပါတယ်။

၄။  ပါရာသိုင်းရွိက်အကျိတ်ကို ခွဲစိတ်ကုသခြင်း

     ပါရာသိုင်းရွိက်ဟော််မုန်းများသူများတွင် ကယ််လ်ဆီယမ်ပမာဏမြင့်တက်နိုင်တာကြောင့် ပါရာသိုင်းရွိက် အကျိတ်ကို ခွဲစိတ်လိုက်ခြင်းဖြင့် ကယ်လ်ဆီယမ်ကျောက်တည်ခြင်းကို လျော့ချနိုင်မှာဖြစ်ပါတယ်။

ကျောက်မတည်အောင် ကြိုတင်ကာကွယ်ခြင်း

၁။ ရေကို တနေ့ ၂ လီတာသောက်ပါ။ ရာသီဥတုပူပြင်းလျှင်၊ ချေွးထွက်များလျှင် ပိုသောက်ပါ။

၂။ Oxalate ဓါတ်များတဲ့ ဟင်းနုနယ်၊ ဥနီ၊ ကန်စွန်းဥ၊ လက်ဖက်ရည်၊ ချောကလက်၊ ပဲပိစပ်ထွက်ကုန်များကို အလွန်အမင်းစားသုံးခြင်းမှ ရှောင်ရှားပါ။

၃။ သကြား၊ ပရိုတင်းနဲ့ဆားဓာတ် လွန်ကဲသောအစားအစာများကို ရှောင်ရှားပါ။

၄။ ကယ်လ်စီယမ်ဓါတ်ပါ၀င်တဲ့ အားဖြည့်ဆေးဝါးများကို ဆရာ၀န်ညွှန်ကြားမှသာသောက်ပါ။ သောက်လျှင် လည်း အစာနှင့် တစ်ပါတည်းတွဲသောက်ပါ။ အကြောင်းကတော့ ကယ်လ်စီယမ်ပါ၀င်တဲ့ဆေးတွေ က ကျောက်တည်နိုင်စေတာကြောင့် ဖြစ်ပါတယ်။ (ဒါပေမယ့် ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေကတော့ ကျောက်တည်တာနဲ့ ဆက်စပ်မှုမရှိတာကို တွေ့ရှိထားပြီးဖြစ်တဲ့အတွက် စိတ်ချစွာ စားသုံးနိုင်ပါတယ်။)

၅။ ဆီးသွားချင်လျှင် အောင့်မထားပါနဲ့။

၆။ Regular Medical Check-up (ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း) ပြုလုပ်ရာမှ သွေးထဲတွင် (သို့) ဆီးထဲတွင် အနည်ပါ၀င်မှုများတွေ့ပါက ဆရာ၀န်ညွှန်ကြားသည့် အတိုင်း ဆေးပုံမှန်သောက်ခြင်းဖြင့် ကျောက်တည်နိုင်ခြေကို လျှော့ချပေးပါ။

 

Dr. Htet Htet Aung

www.drmyanmar.com