ခြေ၊ လက်များသို့သွားသော အာရုံကြော အဖျားပိုင်းစနစ်အားနည်းခြင်း
တချို့လူတွေမှာ ခန္ဓာကိုယ်အစွန်အဖျား (ခြေ၊ လက်စသည်တို့) မှာရှိတဲ့ အာရုံကြောမျှင်တွေပျက်စီးတာကြောင့် အားနည်းခြင်း၊ ထုံကျင်ခြင်းနဲ့ နာကျင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ခြေ၊ လက်တွေအပြင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဦးနှောက်နဲ့ အာရုံကြောမကြီးထံမှ သတင်းအချက်အလက်တွေကို အာရုံကြောအဖျားပိုင်းစနစ်မှ သယ်ဆောင်ကာ ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးပါတယ်။ အာရုံကြောအဖျားပိုင်းစနစ်အားနည်းရခြင်းမှာ ထိခိုက်ဒဏ်ရာရမှု၊ ပိုးဝင်ခြင်း၊ ဇီဝကမ္မဆိုင်ရာ ပြဿနာများ၊ မျိုးရိုးလိုက်ခြင်းနဲ့ အဆိပ်အတောက်တွေနဲ့ ထိတွေ့မိလို့ပဲဖြစ်ပါတယ်။ အဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုကတော့ ဆီးချိုရောဂါကြောင့်ပဲဖြစ်ပါတယ်။
အာရုံကြောအဖျားပိုင်းစနစ်အားနည်းတဲ့သူတွေဟာ မီးစနဲ့ထိုးသကဲ့သို့ နာကျင်ခြင်းနဲ့ ထုံကျင်ခြင်းတွေ ခံစားရလေ့ရှိတယ်လို့ ဆိုလေ့ရှိကြပါတယ်။ ကုသလို့ရတဲ့အခြေအနေကြောင့်ဖြစ်တဲ့ ဖြစ်စဉ်အများစုမှာတော့ ရောဂါလက္ခဏာတွေဟာ တိုးတက်ကောင်းမွန်လာလေ့ရှိပါတယ်။ ဆေးဝါးတွေရဲ့အကူအညီနဲ့လည်း နာကျင်မှုဝေဒနာကို သက်သာအောင်ပြုလုပ်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
အာရုံကြောအဖျားပိုင်းမှာရှိတဲ့ အာရုံကြောမျှင်တစ်ခုစီတိုင်းမှာ ဆိုင်ရာဆိုင်ရာ လုပ်ငန်းဆောင်တာတွေရှိကြတာကြောင့် ရောဂါလက္ခဏာတွေဟာ ထိခိုက်တဲ့အာရုံကြောပေါ်မူတည်ပြီးတော့ မတူကွဲပြားပါတယ်။ အာရုံကြောတွေကို အောက်ပါအတိုင်းအမျိုးအစားခွဲခြားနိုင်ပါတယ်။
- အပူချိန်၊ နာကျင်ခြင်း၊ တုန်ခါခြင်း၊ ထိတွေ့ခြင်း စတဲ့အရေပြားမှတဆင့် ခံစားမှုတွေကို လက်ခံတဲ့အာရုံခံအာရုံကြောများ
- ကြွက်သားတွေလှုပ်ရှားခြင်းကို ထိန်းချုပ်တဲ့ကြွက်သားအာရုံကြောများ
- သွေးဖိအား၊ နှလုံးခုန်နှုန်း၊ အစာခြေခြင်းနဲ့ ဆီးအိမ်တို့ရဲ့လုပ်ငန်းဆောင်တာများကို ထိန်းချုပ်တဲ့ အလိုအလျောက်တုံ့ပြန်မှုဆိုင်ရာ အာရုံကြောများ
ရောဂါလက္ခဏာတွေကတော့ -
- ခြေဖဝါး၊ လက်ဖဝါးတွေမှာ ထုံခြင်း၊ စူးခြင်း၊ ကျဉ်းခြင်းတို့ဟာ တဖြည်းဖြည်းစတင်ဖြစ်ပေါ်လာပြီး ခြေလက်တွေအထိရောက်လာပါတယ်။
- စူးရှ၍ မီးစနဲ့ထိုးသကဲ့သို့ နာကျင်ခြင်း
- ထိတွေ့မှုအာရုံကို လွန်ကဲစွာခံစားရခြင်း
- ကြွက်သားများစုပေါင်းလုပ်ဆောင်မှုမရှိတာကြောင့် မကြာခဏလဲကျခြင်း
- ကြွက်သားအာရုံကြောတွေ ထိခိုက်ပါက ကြွက်သားအားနည်းခြင်း၊ လေဖြန်းခြင်း
အကယ်၍ အလိုအလျောက်တုံ့ပြန်မှုဆိုင်ရာ အာရုံကြောတွေထိခိုက်ပါက ခံစားရနိုင်တဲ့ဝေဒနာတွေကတော့ -
- အပူဒဏ်မခံနိုင်ခြင်း၊ ချေွးထွက်ခြင်း
- ဆီး၊ ဝမ်းနှင့် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ
- သွေးပေါင်ချိန်ပြောင်းလဲခြင်းကြောင့် မူးဝေခြင်း
အာရုံကြောအဖျားပိုင်းစနစ်အားနည်းခြင်းဟာ အာရုံကြောတစ်ခုတည်းကိုသာ ထိခိုက်စေနိုင်သလို နေရာအနှံ့မှာရှိတဲ့ နှစ်ခုထက်ပိုတဲ့ အာရုံကြောများကို ထိခိုက်ခြင်းနဲ့ တစ်နေရာတည်းမှာ အာရုံကြောတွေအများကြီးကို ထိခိုက်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ လက်ကောက်ဝတ်မှာရှိတဲ့ အလယ်အာရုံကြောမှာ ဖိအားများလာပြီးဖြစ်လာတဲ့ဝေဒနာ (Carpel tunnel syndrome) ဟာ အာရုံကြောတစ်ခုထဲကိုသာ ထိခိုက်တဲ့အာရုံကြောစနစ် အားနည်းခြင်းရဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ အများစုကတော့ အာရုံကြောတွေအများကြီးကို ထိခိုက်တဲ့ဝေဒနာကိုခံစားရလေ့ရှိပါတယ်။
>> ဖြစ်ပွားရသောအကြောင်းအရင်းများ
အာရုံကြောအဖျားပိုင်းအားနည်းတဲ့ရောဂါဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
1. အရက်သောက်ခြင်း - အရက်သောက်တဲ့သူတွေဟာ အစာကိုကောင်းစွာမစားသောက်ကြတာကြောင့် ဗီတာမင်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။
2. မိမိကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်အားပြန်လည်တိုက်ခိုက်ခြင်းရောဂါများ - (ဥပမာ - Sjogren’s Syndrome, lupus, rheumatoid arthritis)
3. ဆီးချိုရောဂါ - ဆီးချိုရောဂါဝေဒနာသည်တွေရဲ့ တစ်ဝက်ကျော်ဟာ အာရုံကြောအားနည်းခြင်းအချို့ကို ခံစားနေရလေ့ရှိပါတယ်။
4. အဆိပ်အတောက်များဖြစ်တဲ့ သတ္တုပစ္စည်းများ၊ ဓာတုပစ္စည်းများနဲ့ ထိတွေ့မိခြင်း
5. ဆေးဝါးများ - အထူးသဖြင့် ကင်ဆာရောဂါကုသရာမှာ အသုံးပြုတဲ့ဆေးတွေဟာ အာရုံကြောစနစ်အားနည်းခြင်းကိုဖြစ်စေပါတယ်။
6. ရောဂါပါးများ - ဘက်တီးရီးယားပိုးရောဂါ (သို့) ဗိုင်းရပ်စ်ရောဂါများ (ဥပမာ - အသည်းရောင်အသားဝါ B၊ လိုင်းမ်ရောဂါ၊ အနာကြီးရောဂါ၊ ခုခံအားကျဆင်းတဲ့ရောဂါ
7. မျိုးရိုးလိုက်တဲ့ရောဂါများ (ဥပမာ - Charcot- Marie- Tooth ရောဂါ)
8. အာရုံကြောထိခိုက်ဒဏ်ရာရခြင်းနှင့် ဖိအားဖြစ်ခြင်း - ကားမတော်တဆမှု၊ ချော်လဲခြင်း၊ အားကစားဆိုင်ရာ ထိခိုက်မှုများကြောင့် အဖျားပိုင်းအာရုံကြောတွေပျက်စီးတတ်ပါတယ်။ စာစီစာရိုက်လုပ်ငန်းကဲ့သို့ လှုပ်ရှားမှုတစ်ခုကို ထပ်တလဲလဲပြုလုပ်ရတာကြောင့်လည်း အာရုံကြောမှာ ဖိအားဒဏ်တွေခံရတတ်ပါတယ်။
9. ကင်ဆာနှင့် ကင်ဆာမဟုတ်သော အလုံးများ၊ အနာများသည်လည်း အာရုံကြောကို ဖိမိတတ်ပါတယ်။ ထို့ပြင် အချို့သောကင်ဆာတွေဟာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်စနစ်နဲ့ ဆက်နွယ်နေတာကြောင့် အာရုံကြောများစွာကို ထိခိုက်စေမှုတွေဖြစ်စေပါတယ်။ ၎င်းအခြေအနေကို ကင်ဆာနှင့်ဆက်စပ်နေတဲ့ရောဂါပေါင်းစုလို့ သိလေ့ရှိကြပါတယ်။
10. ဗီတာမင်ချို့တဲ့ခြင်းများ - ဗီတာမင် B-1၊ B-6၊ B-12 တွေအပြင် ဗီတာမင် E နဲ့ ဗီတာမင် B-3 တို့ဟာလည်း အာရုံကြောကျန်းမာရေးအတွက် အလွန်မှပင်အရေးပါပါတယ်။
11. ရိုးတွင်းချဉ်စီရောဂါများ - သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းဖြစ်ပေါ်ခြင်း၊ အရိုးကင်ဆာဖြစ်ခြင်း၊ သွေးကင်ဆာ၊ အမိုင်းလွိုက်ပရိုတင်း စုပုံလာခြင်း စတာတွေပါဝင်ပါတယ်။
12. အခြားရောဂါများ - ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ဆက်စပ်တစ်သျှူး ရောဂါများ လည်ပင်းကြီးရောဂါတို့ဖြစ်ပါတယ်။
အများစုသောဖြစ်စဉ်တွေမှာတော့ အကြောင်းအရင်းကို တိတိကျကျရှာလို့မရကြပါဘူး။
>> ဖြစ်ပွားမှုနှုန်းမြင့်တက်စေနိုင်တဲ့ အချက်များ
1. ဆီးချိုရောဂါရှိသော်လည်း ကောင်းစွာကုသမှုမခံယူခြင်း
2. အရက်သောက်ခြင်း
3. ဗီတာမင်ဓာတ်ချို့တဲ့ခြင်း - အထူးသဖြင့် ဗီတာမင် B ချို့တဲ့ခြင်း
4. ရောဂါပိုးဝင်ခြင်း - လိုင်းမ်ရောဂါ၊ Epstein-Barr ဗိုင်းရပ်စ်၊ အသည်းရောင် B ပိုးနှင့် ခုခံအားကျဆင်းမှုရောဂါ
5. မိမိကိုယ်ခံအားနစ်မှ မိမိခန္ဓာကိုယ်အားပြန်လည်တိုက်ခိုက်ခြင်း - (ဥပမာ - အဆစ်အမြစ်ရောင် ရောဂါ)
6. ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ လည်ပင်းကြီးရောဂါ
7. အဆိပ်အတောက်များနှင့် ထိတွေ့မိခြင်း
8. လှုပ်ရှားမှုတစ်ခုကိုသာ ထပ်တလဲလဲပြုလုပ်ခြင်း
9. မိသားစုမျိုးရိုးရှိခြင်း
>> နောက်ဆက်တွဲဆိုးကျိုးများ
အပူလောင်းခြင်းနဲ့ အရေပြားထိခိုက်ဒဏ်ရာရခြင်း - ထုံကျဉ်နေတဲ့အစိတ်အပိုင်းတွေဟာ အပူချိန်ပြောင်းလဲခြင်းတွေနဲ့ နာကျင်ခြင်းတွေကို မသိတော့လို့ဖြစ်ပါတယ်။
ရောဂါပိုးဝင်ခြင်း - ခြေလက်တွေဟာ ထိတွေ့ခံစားမှုအာရုံလျော့နည်းလာတာကြောင့် မိမိကိုယ်တိင် မသိလိုက်ဘဲ မကြာခဏ ဒဏ်ရာရတတ်ပါတယ်။ ဒါကြောင့် ခြေ၊ လက်တွေကို အမြဲပုံမှန်စစ်ဆေး၍ ရောဂါပိုးမဝင်မီ ကုသနိုင်ရန်မှာ အရေးကြီးလှပါတယ်။
လဲကျင်ခြင်း - ကြွက်သားအားနည်းခြင်းနဲ့ ခံစားမှုအာရုံနည်းပါးလာခြင်းတို့ဟာ ခန္ဓာကိုယ်မျှခြေအနေအထားဆုံးရှုံးမှုနဲ့ ဆက်နွယ်နေတာကြောင့် လဲကျခြင်းတွေဖြစ်စေနိုင်ပါတယ်။
>> ရောဂါရှာဖွေခြင်း
အာရုံကြောစနစ်အဖျားပိုင်းအားနည်းခြင်းဟာ ဖြစ်ပွားနိုင်တဲ့အကြောင်းအရင်းများစွာရှိတာကြောင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းပြင် သွေးစစ်ဆေးခြင်း စတဲ့စစ်ဆေးမှုတချို့ကိုလည်းပြုလုပ်ရန်လိုအပ်ပါတယ်။
ရောဂါရာဇဝင်မေးမြန်းခြင်း - ဆရာဝန်မှ ရောဂါလက္ခဏာများ၊ နေထိုင်စားသောက်မှုပုံစံ၊ အဆိပ်အတောက်တွေနဲ့ထိတွေ့မှု ရှိ/မရှိ၊ အရက်သောက်ခြင်း အလေ့အကျင့်များနဲ့ မိသားစုမျိုးရိုးတို့ကို မေးမြန်းမှာဖြစ်ပါတယ်။
အာရုံကြောဆိုင်ရာ စမ်းသပ်မှုများ - ကြွက်သားဆွဲဆန့်နိုင်အားနဲ့ ထိတွေ့မှုဆိုင်ရာစမ်းသပ်မှုများ၊ ကိုယ်နေဟန်ထားစစ်ဆေးခြင်း စတာတွေကို ပြုလုပ်မှာဖြစ်ပါတယ်။
အခြားစစ်ဆေးမှုတွေအနေနဲ့ကတော့ -
1. သွေးစစ်ဆေးခြင်း - ဗီတာမင်ချို့တဲ့မှုများ၊ ဆီးချိုရောဂါ၊ ကိုယ်ခံအားစနစ်ပုံမမှန်မှုနဲ့ အခြားဖြစ်ပွားနိုင်တဲ့အကြောင်းအရင်းတွေကို သိနိုင်ပါတယ်။
2. ကွန်ပျူတာဓာတ်မှန် (သို့) သံလိုက်လှိုင်းဓာတ်မှန်ရိုက်ခြင်း
3. အာရုံကြောလုပ်ငန်းဆောင်တာဆိုင်ရာ စစ်ဆေးမှုများ - ကြွက်သားများအတွင်းရှိ လျှပ်စစ်ဆိုင်ရာ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်၍ အာရုံကြောများပျက်စီးမှုရှိ/မရှိကို ထောက်လှမ်းခြင်း (Electromyography)
4. အာရုံကြောလုပ်ငန်းဆောင်တာကို စစ်ဆေးသော စမ်းသပ်မှုများ - အလိုအလျောက်တုံ့ပြန်မှုဆိုင်ရာ စစ်ဆေးမှု၊ ချေွးထွက်ခြင်းစစ်ဆေးမှု၊ ထိတွေ့ခြင်းဆိုင်ရာ စစ်ဆေးမှု
5. အာရုံကြောအသားစယူကြည့်ခြင်း
6. အရေပြားအသားစယူကြည့်ခြင်း
>> ကုသမှုခံယူခြင်း
ရည်ရွယ်ချက်ကတော့ အာရုံကြောအားနည်းတဲ့အခြေအနေကို တိုးတက်ကောင်းမွန်စေရန်နဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့ပဲဖြစ်ပါတယ်။ အကယ်၍ စမ်းသပ်စစ်ဆေးမှုများအရ နောက်ခံအကြောင်းအရင်းမရှိဘူးဆိုပါက ရောဂါလက္ခဏာတွေ ပိုမိုကောင်းမွန်လာခြင်းရှိ/မရှိကို စောင့်ကြည့်ရန်သာ ဆရာဝန်မှအကြံပေးပါလိမ့်မယ်။
>> ကုထုံးများ
အာရုံကြောအဖျားပိုင်းစနစ်အားနည်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေမယ့် ကုထုံးတွေကတော့ -
► အရေပြားမှတဆင့် လျှပ်စစ်ဓာတ်လွှတ်၍ အာရုံကြာကို လှု့ံဆော်ခြင်း (Transcutaneous electrical nerve stimulation) - တစ်နေ့လျှင် မိနစ် 30 ခန့်ဖြင့် တစ်လကြာအောင် နေ့စဉ်ရက်ဆက်ကုသရန်လိုအပ်ပါတယ်။
သွေးရည်ကြည်လဲခြင်းနဲ့ ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်မယ့် ပရိုတင်းကို သွေးပြန်ကြောထဲထိုးသွင်းခြင်း - ဒီနည်းလမ်းဟာ ကိုယ်ခံအားစနစ်ရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုပေးနိုင်တာကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
► သွေးရည်ကြည်လဲခြင်းဆိုတာ ခန္ဓာကိုယ်မှ သွေးတွေကိုထုတ်ယူပြီးနောက် ရောဂါပိုးတိုက်ဖျက်ဆဲလ်တွေနဲ့ အခြားပရိုတင်တွေကို ခန္ဓာကိုယ်မှဖယ်ရှားကာ သွေးပြန်ထည့်ပေးတာဖြစ်ပါတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်မယ့် ပရိုတင်းမြှင့်ကုသမယ့်နည်းလမ်းမှာတော့ ရောဂါပိုးတိုက်ဖျက်ဆဲလ်တွေကဲ့သို့ ပြုမူတဲ့ ပရိုတင်းတွေကို ခန္ဓာကိုယ်ထဲထည့်ပေးတာဖြစ်ပါတယ်။
► လေ့ကျင့်ခန်းပြုလုပ်ခြင်း - ကြွက်သားအားနည်းခြင်းရှိပါက လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အကျိုးရှိစေပါတယ်။ ထို့ပြင် ခြေ (သို့) လက်သိုင်းကြိုး၊ ချိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်တွေလိုအပ်နိုင်ပါတယ်။
► ခွဲစိတ်ကုသခြင်း - ကင်ဆာအလုံးတွေကြောင့် အာရုံကြောတွေကို ဖိမိတာမျိုးဆိုရင်တော့ ထိုဖိအားကိုဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသရန်လိုအပ်ပါတယ်။
>> လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ
1. ခြေထောက်များကို ဂရုစိုက်ပေးပါ - အထူးသဖြင့် ဆီးချိုရောဂါရှိပါကပို၍ သတိထားသင့်ပါတယ်။ အရည်ကြည်ဖု၊ ပြတ်ရှဒဏ်ရာ၊ အသားမာတွေရှိ/မရှိကို နေ့စဉ်စစ်ဆေးပါ။ သက်တောင့်သက်သာရှိတဲ့ဖိနပ်နဲ့ ချဉ်သားခြေအိတ်များသာ ဝတ်ဆင်ပါ။ ခြေထောက်နာကျင်ခြင်းများကို သက်သာစေရန် စက်ဝိုင်းသဏ္႑ာန်ခြေပတ်များကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါတယ်။
2. လေ့ကျင့်ခန်းများ - တစ်ပတ်လျှင် သုံးကြိမ်လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဟာ အာရုံကြောစနစ် အားနည်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေရုံသာမက ကြွက်သားများကို သန်မာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ယောဂကျင့်စဉ်၊ ထိုက်ကျိကစားနည်းများကိုလည်း အလှည့်ကျပြုလုပ်ပေးနိုင်ပါတယ်။
3. ဆေးလိပ်ဖြတ်ခြင်း - ဆေးလိပ်သောက်ခြင်းဟာ သွေးလည်ပတ်စနစ်ကို ထိခိုက်စေနိုင်တာကြောင့် ခြေထောက်ပြဿနာတွေနဲ့ အာရုံကြောဆိုင်ရာနောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။
4. ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားသောက်များကို ရွေးချယ်စားသုံးပါ - အာဟာရပြည့်ဝစွာစားခြင်းဖြင့် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်။ မိမိရဲ့အစားအသောက်စာရင်းထဲမှာပါဝင်တဲ့ အစာတွေကတော့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့များနဲ့ အဖြူရောင်အသားဟင်းတို့ ဖြစ်ကြပါတယ်။
5. အရက်ဟာ အာရုံကြောအဖျားပိုင်းစနစ်အားနည်းခြင်းကို ပိုဆိုးစေနိုင်တာကြောင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
6. သွေးတွင်းသကြားဓာတ်ပမာဏကို အမြဲမပြတ်စစ်ဆေးပါ။ အကယ်၍ ဆီးချိုရောဂါရှိပါက သွေးတွင်းသကြားဓာတ်ပမာဏကို ကောင်းစွာထိန်းထားခြင်းဖြင့် အာရုံကြောစနစ်အားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။
>> ကာကွယ်ခြင်း
►ဖြစ်စေနိုင်တဲ့အကြောင်းအရင်းများကို ဖယ်ရှားခြင်း
အာရုံကြောအဖျားပိုင်းစနစ်အားနည်းခြင်းကို ကာကွယ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ ဖြစ်ပွားမှုနှုန်းမြင့်တက်စေနိုင်တဲ့ ဆီးချိုရောဂါ၊ အရက်သောက်ခြင်းနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း စတဲ့ကျန်းမာရေးအခြေအနေတွေကို ကောင်းစွာစီမံနိုင်ဖို့ပဲဖြစ်ပါတယ်။
►ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကိုသာရွေးချယ်ပါ
ဥပမာအားဖြင့် -
1. သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အနှံနဲ့ အဖြူရောင်အသားဟင် စတာတွေပါဝင်မှုနှုန်းမြင့်မားတဲ့ အစားအစာတွေကိုသာ စားသုံးခြင်းဖြင့် အာရုံကြောကျန်းမာရေးကို ဂရုစိုက်ပါ။ ဗီတာမင် B12 ချို့တဲ့မှုမှကာကွယ်ရန် အသား၊ ငါး၊ ဥ၊ အဆီပါဝင်မှုနည်းပါးတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အနှံများ စတာတွေကိုရွေးချယ်စားသောက်ပေးပါ။ သက်သတ်လွတ်စားသုံးသူ တစ်ဦးအတွက်မူ အစေ့အနှံတွေဟာ ဗီတာမင် B12 ရစေနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်ဖြစ်ပါတယ်။ B12 ဖြည့်စွက်အားဆေး သောက်သုံးရန်အတွက်လည်း ဆရာဝန်နှင့်တိုင်ပင်နိုင်ပါတယ်။
2. လေ့ကျင့်ခန်းကိုမှန်မှန်ပြုလုပ်ခြင်း - ဆရာဝန်မှခွင့်ပြုပါက တစ်ပတ်လျှင်အနည်းဆုံး သုံးကြိမ်၊ တစ်ကြိမ်လျှင် အနည်းဆုံး နာရီဝက်၊ တစ်နာရီခန့်ကို ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။
3. အာရုံကြောပျက်စီးခြင်းဖြစ်စေနိုင်တဲ့ ထပ်တလဲလဲလှုပ်ရှားမှုများ၊ ကိုယ်နေဟန်ထားများ၊ အဆိပ်အတောက် ဓာတုပစ္စည်းများ၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်း စတဲ့အချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























