/
news/ကျန်းမာရေး-z/နှလုံးကြီးခြင်း-cardiomegaly

နှလုံးကြီးခြင်း (Cardiomegaly)

Category
ကျန်းမာရေး (A-Z)

          နှလုံးကြီးတာဟာ ရောဂါတစ်ခုမဟုတ်ပါဘူး။ ရောဂါတစ်ခုရှိနေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ နှလုံးကြီးခြင်းကို ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်ပြီး နှလုံးကြွက်သားတွေအားနည်းလို့ဖြစ်စေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိခြင်းကြောင့်ဖြစ်စေ၊ နှလုံး အဆို့ရှင်ပြဿနာများ၊ စိတ်ဖိစီးမှုကြောင့်ဖြစ်စေ နှလုံးကြီးနိုင်ပါတယ်။

 

♦ ရောဂါလက္ခဏာများ

          များသောအားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပေမယ့် အချို့သောလူတွေမှာ အသက်ရှူကျပ်ခြင်း၊ ရင်တုန်ခြင်း၊ ခြေထောက်ဖောရောင်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။ အထက်ပါလက္ခဏာများနှင့်အတူ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်မေ့မျောခြင်း စတဲ့လက္ခဏာတွေ ခံစားရပါက ဆရာ၀န်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။

 

♦ နှလုံးကြီးခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ

          နှလုံးဟာ ပုံမှန်ထက်ပိုပြီး ညှစ်ထုတ်ရတဲ့အခါမှာဖြစ်စေ၊ နှလုံးကြွက်သားတွေ ပျက်ဆီးလာတဲ့ အခါမှာဖြစ်စေ၊ နှလုံးကြီးလာနိုင်ပါတယ်။ တခါတရံမှာ အကြောင်းအရင်းတစုံတရာကြောင့် မဟုတ်ဘဲ နှလုံးကြီးလာနိုင်ပါတယ်။ နှလုံးကြီးခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

1. သွေးတိုးရောဂါရှိခြင်း

         သွေးတိုးရောဂါရှိသူတွေမှာ ခန္ဓာကိုယ်အနှံ့သို့သွေးများကို ပို့ဆောင်ရန် အတွက် နှလုံးကပိုမိုခက်ခဲစွာညှစ်ထုတ်ရတာ ကြောင့် နှလုံးကြွက်သားတွေကြီးလာနိုင်ပါတယ်။

 

2. နှလုံးအဆို့ရှင်ဆိုင်ရာရောဂါရှိခြင်း

         သွေးစီးဆင်းမှုလမ်းကြောင်းမှန်ကန်စေရန် နှလုံးအတွင်းရှိ အဆို့ရှင်လေးခုက လုပ်ဆောင်ပေး ပါတယ်။ နှလုံးတွင်းရောဂါပိုးကူးစက်ခံရခြင်း၊ လေးဘက်နာရောဂါပိုးကူးစက်ခြင်း၊ တွယ်ဆက်တစ်သျှူးဆိုင် ရာရောဂါများရှိခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံထားဖူးခြင်းတို့ကြောင့် နှလုံးအဆို့ရှင်တွေ ပျက်ဆီးပြီး နှလုံးကြီးလာနိုင်ပါတယ်။

 

3. နှလုံးကြွက်သားအားနည်းခြင်း

        အားနည်းနေတဲ့နှလုံးကြွက်သားတွေက သွေးများကို ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ရန် ပိုမိုအားထုတ်ရတာကြောင့် နှလုံးကြီးလာနိုင်ပါတယ်။

 

4. နှလုံးမြှေးဖုံးတွင် ရေစုနေခြင်း

        နှလုံးကိုကာရံထားတဲ့ အမြှေးပါးပတ်ပတ်လည်တွင် ရေစုနေပါက ဓာတ်မှန်ရိုက်တဲ့အခါမှာ နှလုံး အရွယ်အစားကြီးမား နေတာကို တွေ့ရမှာပါ။

 

5. သွေးအားနည်းခြင်း

        သွေးအားနည်းရောဂါဆိုတာ တစ်သျှူးတွေဆီကို အောက်စီဂျင်ကိုသယ်ပို့ရန်အတွက် ကျန်းမာတဲ့သွေးနီဥတွေ လုံလောက်စွာမရှိတဲ့အခြေအနေကို ဆိုလိုပါတယ်။ သွေးအားနည်းရောဂါကို မကုသဘဲထားပါက သွေးထဲတွင် အောက်စီဂျင် ကင်းမဲ့ခြင်းကို ဖြည့်ဆည်းဖို့အတွက် နှလုံးက ပိုအလုပ်လုပ်ခဲ့ရတဲ့အခါမှာ နှလုံးကြီးလာနိုင်ပါတယ်။

 

6. သိုင်းရွိုက်ဟော်မုန်းနှင့် ဆိုင်သောရောဂါများ

        သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့်ဖြစ်စေ၊ များခြင်းကြောင့်ဖြစ်စေ နှလုံးကြီးခြင်းအပါအ၀င် အခြားသောနှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။

 

7. ခန္ဓာကိုယ်ထဲတွင် သံဓာတ်များစုပုံနေခြင်း

         ခန္ဓာကိုယ်က သံဓာတ်ကိုကောင်းစွာအသုံးပြုနိုင်ခြင်းမရှိတဲ့အခါမှာ နှလုံးအပါအ၀င် အခြားသောအင်္ဂါတွေမှာ သံဓာတ်တွေ စုပုံလာနိုင်ပြီး ဘယ်ဘယ်နှလုံးအောက်ပိုင်းအခန်း ကြီးလာနိုင်ပါတယ်။

 

8. Amyloidosis ကဲ့သို့သော သွေးထဲတွင် ပုံမှတ်မဟုတ်တဲ့ ပရိုတင်းတွေ စုပုံနေတဲ့အခြေအနေမှာလည်း အဲဒီပရိုတင်းတွေဟာ နှလုံးမှာစုပုံလာတဲ့အခါမှာ နှလုံးရဲ့လုပ်ငန်းဆောင်တာတွေကို ပျက်ယွင်းစေပြီးနှလုံးကြီးလာနိုင်ပါတယ်။

 

9. နှလုံးနှင့်အဆုတ်ကို ဆက်သွယ်ပေးထားသော သွေးကြောအတွင်း၌ သွေးဖိအားမြင့်တက်နေတဲ့ အခါမှာလည်း နှလုံးရဲ့ ညာဘက်အခြမ်းကြီးလာနိုင်ပါတယ်။

 

 

♦ နှလုံးကြီးရန် အလားအလာရှိသူများ

 

          အောက်ပါအခြေအနေက နှလုံးကြီးလာဖို့ အလားအလာကို ပိုများစေပါတယ်။

  1. သွေးတိုးရောဂါရှိခြင်း
  2. မိသားစုမျိုးရိုးထဲတွင် နှလုံးကြီးတဲ့အစဉ်အလာရှိခြင်း
  3. နှလုံးသွေးကြောကျဉ်းရောဂါရှိခြင်း
  4. မွေးရာပါနှလုံးရောဂါရှိခြင်း
  5. နှလုံးအဆို့ရှင်ဆိုင်ရာရောဂါရှိခြင်း
  6. နှလုံးတိုက်ခိုက်ခံရခြင်း

 

♦ နောက်ဆက်တွဲဆိုးကျိုးများ

 

          နောက်ဆက်တွဲဆိုးကျိုးတွေက နှလုံးရဲ့ကြီးလာတဲ့ အစိတ်အပိုင်းနဲ့ ဖြစ်စေတဲ့အကြောင်းရင်းကို မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

1. Heart failure - နှလုံးခန်းမမှ သွေးညှစ်ထုတ်အား နည်းသောအခြေအနေ

2. နှလုံးအတွင်း၌ သွေးခဲများပိုမိုဖြစ်ပေါ်ရန်အားပေးခြင်း ၎င်းသွေးခဲများသွေးစီးကြောင်း အတွင်းသို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်တွင်းရှိ အဓိကအင်္ဂါတွေဆီသို့ သွေးစီးဆင်းမှုကို ပိတ်ဆို့နိုင်တာကြောင့် နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ ဖြစ်စေပါတယ်။

3. Heart murmur - နှလုံးအတွင်းရှိ အဆို့ရှင်များပျက်စီးမှုကြောင့် နှလုံးနှင့်သွေးကြောများအထဲတွင် အရှိန်အဟုန်ပြင်းစွာ သွေးစီးဆင်းခြင်းကြောင့် နားကြပ်ဖြင့်နားထောင်သောအခါ ကြားရတဲ့အသံကို murmur လို့ခေါ်တာဖြစ်ပါတယ်။

4. နှလုံးရပ်သွားခြင်းနှင့် ရုတ်တရက်သေဆုံးခြင်း

 

♦ စစ်ဆေးခြင်း

          နှလုံးကြီးနေခြင်းရှိ/မရှိ နှလုံးကြီးရခြင်းရဲ့အကြောင်းအရင်းကိုသိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest Xray)၊ ECG ဆွဲခြင်း၊ CT၊ MRT ရိုက်ခြင်း၊ သွေးစစ်ဆေးခြင်း၊ Echocardiogram (နှလုံးစမ်းနေစဉ် နှလုံးရဲ့လှုပ်ရှားလုပ်ဆောင်မျက်များ သိရှိရန် အသံလွန်လှိုင်းများအသုံးပြု၍ စစ်ဆေးခြင်း)၊ Cardiac Catheterization (နှလုံးအရွယ်အစား၊ ညှစ်ထုတ်နိုင်တဲ့ စွမ်းဆောင်ရည်၊ နှလုံးသွေးကြော အတွင်း ပိတ်ဆို့မှုရှိ/မရှိ စတာတွေကို သိရှိဖို့အတွက် ပေါင်မှတဆင့်ပြွန်ထည့်ပြီး စစ်ဆေးခြင်း) တို့ ပြုလုပ်နိုင်ပါတယ်။

 

♦ ကုသခြင်း

 

နှလုံးကြီးခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေကို ကုသရမှာဖြစ်ပါတယ်။

-       သွေးတိုးရောဂါရှိပါက Angiotensin Converting Enzyme Inhibitors (ACEI)၊ Diuretics (ဆီးဆေး)၊ Angiotensin Receptor Blocker (ARBs)၊ Beta blocker ဆေးဝါးများဖြင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

-       နှလုံးသွေးကြောအတွင်း သွေးခဲဖြစ်ပေါ်မှုကို Anticoagulant (သွေးကျဲဆေး) သုံးပြီးလျော့ချနိုင်ပါတယ်။

-       နှလုံးအဆို့ရှင်ဆိုင်ရာပြဿနာများကြောင့် နှလုံးကြီးတဲ့အခါမှာ Heart Valve Surgery လုပ်နိုင်ပါတယ်။

-       နှလုံးကြီးခြင်းကြောင့် နှလုံးရဲ့စွမ်းဆောင်ရည်တွေထိခိုက်လာပါက Implantable Cardioverter Defibrillator ကဲ့သို့သော နှလုံးခုန်ရပ်သွားချိန်မှာ နှလုံးကိုအလိုအလျောက် အလုပ်ပြန်လုပ်နိုင်အောင် ကူညီပေးနိုင်တဲ့ စက်ထည့်နိုင်ပါတယ်။

-       နှလုံးအစားထိုးတာကတော့ နောက်ဆုံးကုထုံးဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com