ပါးချိတ်ရောင်ခြင်း
ပါးချိတ်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတစ်မျိုးဖြစ်ပြီး parotid gland လို့ခေါ်တဲ့ နားရှေ့တွင်ရှိသော တံတွေးအကျိတ်ရောင်ရမ်းတာဖြစ်ပါတယ်။ အရင်တုန်းက အဖြစ်များတဲ့ရောဂါ တခုဖြစ်ပေမယ့် အခုအခါမှာ ကာကွယ်ဆေးတွေပေါ်လာပြီးဖြစ်တာကြောင့် ဖြစ်ပွားနှုန်းလျော့ ကျလာပြီဖြစ်ပါတယ်။ ကာကွယ်ဆေးကိုတော့ သတ်မှတ်ထားတဲ့အတိုင်းထိုးဖို့အရေးကြီးပါတယ်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကို များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး နှစ်ပတ်မှ သုံးပတ်အတွင်း တွေ့ရလေ့ရှိပြီး အချို့သောလူတွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါ။
- မျက်နှာပြင် တစ်ဘက်တည်း (သို့) နှစ်ဘက်လုံးရှိ တံတွေးဂလန်း (ပါးချိတ်ရောင်ခြင်း) များရောင်ရမ်းခြင်း
- ကိုယ်ပူခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- နုံးခွေခြင်း၊ ပါးဆောင်များနာလာခြင်း
- ခံတွင်းပျက်ခြင်း
- အစာဝါးရာတွင် (သို့) မျိုချရာတွင် နာကျင်ခြင်း
ဖြစ်ပွားရသည့်အကြောင်းရင်း
Mumps ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပိုးဟာ ရောဂါပိုးကူးစက်ခံထားရသူရဲ့ တံတွေးမှတဆင့် အခြားသူများသို့ လွယ်ကူစွာပျံ့နှံ့သွားနိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အသုံးအဆောင်များမျှဝေသုံးစွဲခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးရာမှတဆင့် ရောဂါပိုးရှိသူရဲ့ တံတွေးမှတဆင့်ကူးစက်နိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ပေမယ့် အဖြစ်နည်းတာကိုတွေ့ရပါတယ်။
1. ဝှေးစေ့ရောင်ရမ်းခြင်း- အရွယ်ရောက်ပြီးတဲ့အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ အဖြစ်နည်းပေမယ့် တခါတရံမှာ ကလေးမရတဲ့အထိ ဖြစ်နိုင်ပါတယ်။
2. ပန်းကရိယရောင်ရမ်းခြင်း
3.အရွယ်ရောက်ပြီးတဲ့အမျိုးသမီးများတွင် မျိုးဥအိမ်နှင့် ရင်သားရောင်ရမ်းခြင်း
4. ဗိုင်းရပ်စ်ပိုးဦးနှောက်သို့ရောက်သွားခြင်းကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း
5. အကြားအာရုံဆုံးရှုံးခြင်း
6. အသဲရောင်ရမ်းခြင်း
7. သိုင်းရွိုက်ဂလန်းရောင်ရမ်းခြင်း
စစ်ဆေးခြင်း
ပါးချိတ်ရောင်တယ်လို့သံသယရှိပါက culture ပိုးမွေးခြင်းနှင့် သွေးစစ်ဆေးခြင်းကိုပြုလုပ်နိုင်ပါတယ်။ mumps ဗိုင်းရပ်ကူးစက်ခံရပါက ခန္ဓာကိုယ်က ပဋိဇီဝပစ္စည်းတွေထုတ်ပြီး အလိုအလျောက်တိုက်ခိုက်တာကြောင့် သွေးစစ်ဆေးခြင်းဖြင့် ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့ ပဋိဇီဝရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။
ကုသခြင်း
အနားယူခြင်းက အကောင်းဆုံးကုသမှုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ပတ်ခန့်အကြာမှာ နာလန်ပြန်ထနိုင်မှာဖြစ်ပါတယ်။ ပါးချိတ်ရောင်နေပါက ကိုယ်ပူသက်သာတဲ့အထိ အိမ်တွင်အနားယူပါ။ ရေဓာတ်ပြည့်ဝနေစေရန် ဂရုစိုက်ပါ။ အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေက တံတွေးထွက်ရှိလာအောင် လှုံ့ဆော်ပေးတာကြောင့် ပါးချိတ်ရောင်နေစဉ်အတောအတွင်းရှောင်ရှားပါ။ ရောင်ရမ်းနေတဲ့နေရာကို ရေနွေးအိတ် (သို့) ရေခဲကပ်ပေးပါ။ ကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်းတွေအတွက် ဆရာ၀န်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ မှီဝဲပါ။
အစာစားရာမှာ နာကျင်မှုလျော့နည်းစေရန် အစာပျော့ပျော့ပဲ စားပေးဖို့လိုအပ်ပါတယ်။ ပါးချိတ်ရောင်တဲ့ ကလေးငယ်မှာအောက်ပါအခြေအနေတွေ တွေ့ရှိရပါက ဆရာဝန်နှင့်အမြန်ဆုံးပြသဖို့လုပ်ဆောင်ပါ။
- အဖျား 103 ဒီဂရီဖာရင်ဟိုက် အထက်တွင်ရှိခြင်း
- အစာမဝင်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ဝမ်းဗိုက်အောင့်ခြင်း
- ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်း
ကာကွယ်ခြင်း
MMR (measles, mumps, and rubella) လို့ခေါ်တဲ့ သုံးမျိုးစပ် (ဝက်သတ်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး) ကာကွယ်ဆေးကို ကာကွယ်ဆေးထိုးရန် အချိန်ဇယားအတိုင်း ထိုးထားခြင်းဖြင့် ပါးချိတ်ရောင်ရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါတစ်ခါဖြစ်ဖူးပါကလည်း နောက်တစ်ခေါက်မဖြစ်အောင် ခုခံနိုင်စွမ်းရှိသွားမှာဖြစ်ပါတယ်။
အရွယ်ရောက်ပြီးတဲ့သူများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများ၊ နိုင်ငံရပ်ခြားသို့ ခရီးသွားရန်အစီအစဉ်ရှိနေသူများ အနေဖြင့် MMR Vaccine ထိုးနှံထားခြင်းမရှိသေးပါက ဆရာဝန်နှင့်တိုင်ပင်ပြီး MMR vaccine ထိုးရန် လုပ်ဆောင်သင့်ပါတယ်။
ကိုယ်ဝန်ရှိသူများ၊ ခုခံအားနည်းနေသူများ၊ စတီးရွိုက်ဆေးဝါးမှီဝဲနေသူများ၊ ကင်ဆာရောဂါရှိသူများ၊ Gelatin (သို့) Neomycin (ပဋိဇီဝဆေးဝါး) နှင့် ဓာတ်မတည့်သူများ၊ တလအတွင်းကလေးယူရန် အစီအစဉ်ရှိသောအမျိုးသမီးများ၊ လွန်ခဲ့သောတလအတွင်း အခြားသောကာကွယ်ဆေးတခုခုထိုးထားသူများအနေဖြင့် MMR ကာကွယ်ဆေးထိုးမယ်ဆိုပါက ဆရာဝန်နှင့်သေချာတိုင်ပင်ရမှာဖြစ်ပါတယ်။
MMR Vaccine ၏ ဘေးထွက်ဆိုးကျိုးများ
များသောအားဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုပေမယ့် အချို့သောလူတွေမှာ အနီစက်ထွက်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်ပွားနှုန်းဟာ လူ 10 သိန်းမှာ တယောက်နှုန်းထက်တောင် နည်းပါးတာကိုတွေ့ရပါတယ်။
Dr. Htet Htet Aung





























