မွေးရာပါ လျှာခင်တွယ်ဆက်ခြင်း
မွေးရာပါ လျှာခင်တွယ်ဆက်ခြင်းဆိုတာ မွေးကင်းစအရွယ်ကတည်းက လျှာရဲ့လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တာ ဖြစ်ပါတယ်။
အကြောင်းရင်းမှာ လျှာခင်အောက်က ပုံမှန်မဟုတ်တဲ့ တွယ်ဆက်တစ်သျှူးဟာ လျှာဖျားရဲ့ အောက်ခြေနဲ့ ပါးစပ်ကြမ်းခြင်းကို တွဲနေစေပါတယ်။ လျှာခင် တွယ်ဆက်နေတဲ့သူတွေဟာ လျှာလှုပ်ရှားရာတွင် အခက်တွေ့စေပြီး ငယ်စဉ် ကလေးဘ၀ကတည်းက စားသောက်ခြင်း၊ စကားပြောခြင်း၊ အစာမျိုခြင်းတို့ကို အဆင်မပြေစေရုံသာမက နို့စို့တဲ့အခါမှာပါ အနှောင့်အယှက်ပေးနိုင်ပါတယ်။
တစ်ခါတရံမှာ လျှာခင်တွယ်ဆက်ခြင်းဟာ ပြဿနာမရှိဘူးဆိုပေမယ့် အချို့သူတွေမှာတော့ ခွဲစိတ်ကုသရန် လိုအပ်တတ်ပါတယ်။
>> ရောဂါလက္ခဏာများ
• လျှာကို အာခေါင်ဖြင့်ထိရန် ခက်ခဲခြင်း (သို့) လျှာ၏ ဘယ်ညာရွေ့လျားမှုကို အဆင်မပြေဖြစ်စေခြင်း။
• အောက်သွားကိုကျော်၍ လျှာထုတ်ရန် အခက်တွေ့ခြင်း။
• လျှာထုတ်တဲ့အချိန်မှာ အလယ်၌ ချိုင့်၀င်နေခြင်း။
>> ဖြစ်ပွားရသည့် အကြောင်းအရင်းများ
ပုံမှန်အားဖြင့် လျှာရဲ့ကြမ်းပြင်က နူးညံ့တဲ့ အရေပြားတစ်သျှူးဟာ မမွေးဖွားမီကတည်းက လျှာမှာ ကပ်မနေတာကြောင့် လျှာရဲ့လှုပ်ရှားမှုကို ဟန့်တားနှောင့်ယှက်ခြင်း မရှိပါဘူး။ လျှာခင်တွယ်ဆက်နေတဲ့ သူတွေမှာတော့ ၎င်းတစ်သျှူးဟာ လျှာရဲ့အောက်ခြေမှာ ဆက်လက်တည်ရှိနေပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတာ တိတိကျကျ မသိပေမယ့် အချို့သော မွေးရာပါရောဂါတွေနဲ့ ဆက်စပ်နေတယ်လို့တော့ ယူဆကြပါတယ်။
>> ဖြစ်ပွားမှုနှုန်း မြင့်တက်စေသောအချက်များ
လျှာခင်တွယ်ဆက်ခြင်းဟာ လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီးတော့ အဖြစ်များပါတယ်။ တစ်ခါတရံမှာတော့ မိသားစုမျိုးရိုးလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။
>> နောက်ဆက်တွဲဆိုးကျိုးများ
လျှာခင်တွယ်ဆက်ခြင်းဟာ ကလေးငယ်ရဲ့ အာခံတွင်းဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးရုံသာမက အစာစားခြင်း၊ စကားပြောခြင်း၊ အစာမြိုချခြင်းတို့ကိုလည်း ခက်ခဲစေနိုင်ပါတယ်။
ဥပမာအားဖြင့် -
• နို့စို့ရာတွင် ကြုံတွေ့ရသောပြဿနာများ - နို့စို့တဲ့အချိန်မှာ ကလေးငယ်ဟာ သူ့ရဲ့လျှာကို သွားဖုံးအောက်ခြေပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ အကယ်၍ လျှာကိုလှုပ်ရှားမှု မပြုလုပ်နိုင်ဘူးဆိုပါက (သို့) အနေအထား မမှန်ပါက မိခင်ရဲ့နို့သီးခေါင်းကို စုပ်ယူရမယ့်အစား ကိုက်မိတတ်ပါတယ်။ သို့အတွက်ကြောင့် မိခင်ကို နာကျင်စေရုံသာမက ကလေးငယ်မှာလည်း နို့လုံလောက်စွာမရတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကောင်း စွာ နို့မစို့နိုင်တာကြောင့် အာဟာရဓာတ်ချို့တဲ့၍ ကြီးထွားမှုနှုန်း နှေးကွေးနိုင်ပါတယ်။
• စကားပြောရာတွင် အခက်အခဲများ ကြုံတွေ့ရခြင်း - လျှာခင်တွယ်ဆက်ခြင်းကြောင့် t, d, z, s, th စတဲ့ အသံတွေကို ထွက်ဆိုရာမှာ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လျှာကိုလိပ်ပြီးဆိုရတဲ့ r အသံထွက်ဆိုရာမှာ အဆိုးဆုံး ဖြစ်ပါတယ်။
• ခံတွင်းသန့်ရှင်းရေး အားနည်းခြင်း - ကလေးကြီးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ လျှာခင်တွယ်ဆက်မှုကြောင့် သွားမှာကပ်ငြိနေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားဖို့ အခက်အခဲ တွေ့နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ သွားပိုးစားခြင်းနဲ့ သွားဖုံးရောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လျှာခင်တွယ်ဆက်ခြင်းကြောင့် ရှေ့အောက်သွားနှစ်ချောင်းကြားမှာ နေရာလွတ်တစ်ခုလည်း ပေါ်လာ တတ်ပါသေးတယ်။
• အခြားခံတွင်းဆိုင်ရာ လှုပ်ရှားမှုများမှာ စိန်ခေါ်မှု ပြင်းထန်ခြင်း - ရေခဲမုန့်ကို လျှာဖြင့်လျက်စားခြင်း၊ လျှာသပ်ခြင်း၊ နမ်းရှုံ့ခြင်း၊ ပါးစပ်ဖြင့်မှုတ်ရသော တူရိယာများကို အသုံးပြုခြင်း စတဲ့ လှုပ်ရှားမှုတွေမှာ အခက်တွေ့စေနိုင်ပါတယ်။
>> ရောဂါရှာဖွေခြင်းနှင့် ရောဂါအမည်တပ်ခြင်း
လျှာခင်တွယ်ဆက်နေခြင်းကို သိရှိရန် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းနည်းဖြင့်ပင် လုံလောက်ပြီ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာတော့ ဆရာ၀န်က ရောဂါရှာဖွေတဲ့ကိရိယာတစ်ခုဖြင့် စစ်ဆေးကာ လျှာရဲ့လှုပ်ရှားမှုကို လေ့လာမှာဖြစ်ပါတယ်။
>> ကုသနည်းများ
လျှာခင်တွယ်ဆက်ခြင်းကို ကုသရန် တိတိကျကျ လမ်းညွှန်ထားတာမျိုး မရှိသေးပါဘူး။ အချို့ဆရာ၀န်တွေကတော့ ဆေးရုံမှမဆင်းမီ မွေးကင်းစအရွယ်ကတည်းက ခွဲစိတ်သင့်တယ်လို့ ဆိုထားပြီး အချို့ကတော့ စောင့်ကြည့်သင့်တယ်လို့ ယူဆကြပါတယ်။
လျှာရဲ့အောက်ခြေက နူးညံ့တဲ့အရေပြားဟာ အချိန်နဲ့အမျှ ကွာလာနိုင်တဲ့အတွက် အသက်ကြီးလာတဲ့အခါ လျှာခင်တွယ်ဆက်ခြင်း ဖြစ်မနေတော့ပါဘူး။ အချို့ဖြစ်စဉ်တွေမှာလည်း လျှာခင်တွယ်ဆက်နေပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ အချို့သူတွေမှာတော့ ခွဲစိတ်ကုသရန် လိုအပ်တတ်ပါတယ်။
လျှာခင်တွယ်ဆက်ခြင်းကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့လာရပါက ကလေး၊ လူကြီးမရွေး ခွဲစိတ်ကုသမှုတွေ ပြုလုပ်သင့်ပါတယ်။
• လျှာရဲ့အောက်ခြေအရေပြားကို လှီးဖြတ်ခြင်း - ဆေးရုံမှာဖြစ်စေ၊ ဆေးခန်းမှာဖြစ်စေ ပြုလုပ်လို့ရပြီး မေ့ဆေးပေးရန် အမြဲမလိုပါဘူး။ ဆရာ၀န်မှ လျှာရဲ့အောက်ခြေမှာ တွယ်ဆက်နေတဲ့ အရေပြားကို ပိုးသတ်ထားတဲ့ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဒီကုသနည်းဟာ အလွန်မြန်ဆန်တဲ့အပြင် လှီးဖြတ်လိုက်တဲ့ အရေပြားမှာ အာရုံကြောတွေ၊ သွေးကြောတွေ နည်းပါးလွန်းတာကြောင့် နာကျင်မှုကိုလည်း သိပ်မခံစားရပါဘူး။
အကယ်၍ သွေးထွက်တယ်ဆိုရင်တောင် တစ်စက်၊ နှစ်စက်ပဲ ဖြစ်ပါလိမ့်မယ်။ ကလေးငယ်ကို အရေပြားညှပ်ပြီးတာနဲ့ တစ်ပြိုင်နက် နို့ချိုတိုက်ကျေွးနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လေ့မရှိပေမယ့် သွေးထွက်ခြင်း၊ ပိုး၀င်ခြင်း၊ လျှာကို ထိခိုက်မိခြင်း၊ တံတွေးဂလင်းများ ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။ ထို့ပြင် ဖြတ်ပစ်လိုက်တဲ့အရေပြားဟာ လျှာရဲ့အောက်ခြေနဲ့ ပြန်ပြီး ဆက်သွားနိုင်ပါသေးတယ်။
• လျှာရဲ့ အောက်ခြေအရေပြားကို ပြန်လည်ပြုပြင်ခြင်း - ပို၍ခက်ခဲတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပြီး အရေပြားက ထူလွန်းတာ (သို့) ပြန်လည်ပြုပြင်ဖို့ လိုတဲ့အခါတွေမှာ ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။
မေ့ဆေးကိုအသုံးပြု၍ အရေပြားကို လှီးဖြတ်ပြီးနောက် အနာကိုပြန်ချုပ်ပေးဖို့ လိုပါတယ်။
ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အပေါ်က နည်းလမ်းနဲ့တူတူပဲဖြစ်ပြီး ဖြစ်နိုင်ခြေလည်း အလွန်ပင် နည်းပါးပါတယ်။ မေ့ဆေးရဲ့တုံ့ပြန်မှုကြောင့်ရယ်၊ ခွဲစိတ်ကုသမှု နည်းလမ်းရယ်ကြောင့်တော့ လျှာမှာ အမာရွတ် ကျန်နိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် လျှာရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေရန်နဲ့ အမာရွတ် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် လျှာလေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)





























