ရေတိမ်
ရေတိမ်ဆိုတာ အမြင်အာရုံကောင်းဖို့အတွက် အရေးကြီးတဲ့အမြင်အာရုံကြောကိုထိခိုက်လို့ဖြစ်လာတဲ့ မျက်စိပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီလိုပျက်စီးမှုက မျက်လုံးကို ပုံမှန်မဟုတ်သော ပြင်းထန်တဲ့ ဖိအားတစ်ခုသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ ရေတိမ်က ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် လူကြီးတွေမှာပိုပြီးအဖြစ်များပါတယ်။
အဖြစ်များတဲ့ရေတိမ်က သတိထားရမယ့်ရောဂါလက္ခဏာပြလေ့ မရှိပါဘူး။ ရောဂါလက္ခဏာက ဖြည်းဖြည်းချင်း ပိုဆိုးလာပြီး ပြင်းထန်တဲ့ အဆင့်မရောက်ခင်အချိန်ထိ အမြင်အာရုံအပြောင်းအလဲကို သတိမထားမိကြပါဘူး။
ရေတိမ်ကြောင့် အမြင်အာရုံဆုံးရှုံးသွားပြီဆိုရင် ပြန်ပြီးမရနိုင်ပါဘူး။ ဒါကြောင့် မျက်လုံးဖိအားအပါအဝင် မျက်လုံးစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပေးဖို့အရေးကြီးပါတယ်။ ရေတိမ်ရောဂါကိုစောစောသိမယ်ဆိုရင် အမြင်အာရုံဆုံးရှုံးခြင်းကို နှောင့်နှေးအောင်ပြုလုပ်နိုင်ပါတယ် (သို့) အမြင်အာရုံမဆုံးရှုံးအောင် ကာကွယ်နိုင်ပါတယ်။ ရေတိမ်ရောဂါရှိပြီဆိုရင်တော့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ကုသမှုခံယူဖို့လိုအပ်ပါတယ်။
♦ ရောဂါလက္ခဏာများ
ရောဂါအမျိုးအစားနဲ့ အဆင့်တွေပေါ်မူတည်ပြီးတော့ ရောဂါလက္ခဏာအမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့် -
1. Open-angle glaucoma
- မျက်လုံးထောင့် (သို့) အလယ်တွင် အစက်အပျောက်များဖြစ်ခြင်း၊ အများအားဖြင့် မျက်စိနှစ်ဖက်စလုံးတွင်ဖြစ်လေ့ရှိပါတယ်။
- သေချာစူးစိုက်မကြည့်လျှင် မမြင်ရခြင်း (ပိုဆိုးလာသောအဆင့်တွင်)
2. Acute angle-closure glaucoma
- ခေါင်းအလွန်အမင်းကိုက်ခြင်း
- မျက်စိကိုက်ခြင်း
- အော့ခြင်း၊ အန်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
- အလင်းရောင်ကိုကြည့်လျှင် အရောင်များဖြာထွက်နေခြင်း
ကုသမှုမခံယူရင်တော့ နောက်ဆုံးမှာ မျက်စိကွယ်သွားနိုင်ပါတယ်။ ကုသမှုခံယူရင်တောင် ရေတိမ်ရောဂါခံစားနေရသူ 15% လောက်က အနှစ် 20 အတွင်း အနည်းဆုံးမျက်စိတစ်ဖက်တော့ ကွယ်နိုင်ပါတယ်။
♦ အကြောင်းအရင်းများ
ရေတိမ်ဆိုတာ အမြင်အာရုံကြောပျက်စီးလို့ဖြစ်ပြီး ဒီအာရုံကြောတဖြည်းဖြည်းပျက်စီးလာတာနဲ့အမျှ အမြင်အာရုံမှာမြင်ကွင်းကျယ်မှာ ပိတ်လာပါတယ်။ ဒီအာရုံကြောပျက်စီးမှုက မျက်လုံးဖိအားများခြင်းနဲ့လည်း ဆက်နွယ်မှုရှိပါတယ်။ မျက်လုံးဖိအားများလာခြင်းက မျက်လုံးထဲမှာရှိတဲ့ aqueous humor လို့ခေါ်တဲ့ အရည်တွေစုလာလို့ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်ဒီအရည်တွေက မျက်နက်ဝန်းနဲ့ မျက်ကြည်လွှာဆုံတဲ့ထောင့်နေရာမှာရှိတဲ့ တစ်သျှူး (trabecular meshwork) ကနေတစ်ဆင့် မျက်လုံးအရှေ့မှာရှိတဲ့အခန်းထဲကို စီးဝင်သွားလေ့ရှိပါတယ်။ အရည်ထုတ်တာများရင် (သို့) ဒီအရည်စီးထွက်တဲ့စနစ်ပျက်စီးသွားရင် အရည်တွေကပုံမှန်နှုန်းအတိုင်း စီးထွက်နိုင်ခြင်းမရှိဘဲနဲ့ မျက်လုံးထဲမှာဖိအားတက်လာပါတယ်။
ရေတိမ်က မျိုးရိုးလိုက်တတ်ပါတယ်။ သိပ္ပံပညာရှင်တွေက မျက်လုံးဖိအားများခြင်းနဲ့ အမြင်အာရုံကြောပျက်စီးခြင်းနဲ့ဆိုင်တဲ့ မျိုးရိုးုဗီဇတွေကို တွေ့ရှိထားပါတယ်။
ရေတိမ်ရောဂါအမျိုးအစားတွေကတော့ -
1. Open-angle glaucoma (ထောင့်ပွင့်ရေတိမ်)
ဒါကတော့ အဖြစ်များတဲ့ရေတိမ်အမျိုးအစားတစ်မျိုးဖြစ်ပြီး မျက်ကြည်လွှာနဲ့ မျက်နက်ဝန်းကြားမှာရှိတဲ့ ထောင့်နေရာလေးကပွင့်နေပေမယ့် trabecular meshwork လို့ခေါ်တဲ့အရည်စိမ့်ထွက်တဲ့ တစ်သျူးတစ်စိတ်တစ်ပိုင်းပိတ်နေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးဖိအား ဖြည်းဖြည်းချင်းများလာပြီးတော့ အမြင်အာရုံကြောကိုပျက်စီးစေပါတယ်။ ရောဂါ ကဖြည်းဖြည်းချင်းပိုဆိုးလာတာဖြစ်တဲ့အတွက် သတိမထားမိခင်မှာပဲ အမြင်အာရုံဆုံးရှုံးသွားစေနိုင်ပါတယ်။
2. Angle-closure glaucoma (ထောင့်ပိတ်ရေတိမ်)
မျက်နက်ဝန်းကဖောင်းကြွလာပြီးတော့ မျက်ကြည်လွှာနဲ့မျက်နက်ဝန်းကြားမှာရှိတဲ့ အရည်စီးထွက်တဲ့ထောင့်နေရာလေးကိုပိတ်မိပြီး အရည်တွေမစီးဆင်းနိုင်ဘဲ မျက်လုံးတွင်းဖိအားများလာခြင်းကို angle-closure glaucoma လို့ခေါ်ပါတယ်။ အချို့လူတွေမှာ ဒီထောင့်နေရာလေးကျဉ်းနေတဲ့အတွက် ထောင့်ပိတ်တဲ့ရေတိမ်ဖြစ်နိုင်ချေများပါတယ်။
ရုတ်တရက်ပိတ်ခြင်းကြောင့်ဖြစ်သော ချက်ချင်းဖြစ်တဲ့ရေတိမ်နဲ့ ဖြည်းဖြည်းချင်းပိတ်ခြင်းကြောင့်ဖြစ်သော နာတာရှည်ရေတိမ်ဆိုပြီး 2 မျိုးရှိပါတယ်။ ရုတ်တရက်ဖြစ်တဲ့ရေတိမ်ကတော့ အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ဒါက သူငယ်အိမ်ရုတ်တရက်ကျယ်သွားခြင်းကြောင့် ပိုဆိုးစေနိုင်ပါတယ်။
3. ပုံမှန်ဖိအားရှိသောရေတိမ် (normal tension glaucoma)
မျက်လုံးတွင်းဖိအားကပုံမှန်ဖြစ်နေပြီး အမြင်အာရုံကြောပျက်စီးခြင်းကြောင့်ဖြစ်တဲ့ရေတိမ် အမျိုးအစားဖြစ်ပါတယ်။ ဒါဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ သေချာမသိကြပါဘူး။ ဖြစ်နိုင်တာကတော့ အမြင်အာရုံကြောထိရှလွယ်ခြင်းကြောင့် (သို့) အာရုံကြောကို သွေးထောက်ပံ့မှုနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သွေးကြောတွေမာသွားခြင်း (သို့) သွေးလှည့်ပတ်မှုကိုပျက်စီးစေတဲ့အခြေအနေတစ်ခုခုကြောင့် သွေးထောက်ပံ့မှုနည်းနိုင်ပါတယ်။
4. ကလေးများတွင်ဖြစ်သောရေတိမ်
ကလေးတွေမှာ မွေးရာပါ (သို့) မွေးပြီးနှစ်အနည်းငယ်အကြာမှာ ရေတိမ်ဖြစ်တတ်ကြပါတယ်။ အရည်စီးဆင်းမှုပိတ်ဆို့ခြင်း (သို့) အခြားရောဂါတစ်မျိုးမျိုးကြောင့် အမြင်အာရုံကြော ပျက်စီးသွားလို့ ရေတိမ်ဖြစ်ခြင်းဖြစ်ပါတယ်။
5. ရောင်ခြယ်ပစ္စည်းများကြောင့်ဖြစ်သောရေတိမ်
မျက်နက်ဝန်းမှာရှိတဲ့ ရောင်ခြယ်အလုံးလေးတွေအရည်စီးတဲ့လမ်းကြောင်းမှာပိတ်နေပြီး မျက်လုံးထဲကအရည်တွေအပြင်ကိုစီးမထွက်နိုင်ခြင်း (သို့) စီးဆင်းမှုနှေးသွားခြင်းကြောင့် ရေတိမ်ဖြစ်စေပါတယ်။ တစ်ခါတစ်ရံမှာအနှေးလျှောက်ခြင်းကဲ့သို့သောအပြုအမူများကြောင့် ဒီလိုဖြစ်တတ်ပါတယ်။
♦ ဖြစ်နိုင်ချေများသောအချက်များ
နာတာရှည်ရေတိမ်ရောဂါတွေမှာ ဘာရောဂါလက္ခဏာမှမပြဘဲ အမြင်အာရုံဆုံးရှုံးခြင်းဖြစ်စေနိုင်တဲ့အတွက် ဒီအချက်တွေကို သတိထားရပါမယ်။
- မျက်လုံးတွင်းဖိအားများခြင်း
- အသက် 60 အထက်
- မျိုးရိုးထဲတွင် ရေတိမ်ရောဂါရှိခြင်း
- ဆီးချို၊ နှလုံးရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ စသည့်ရောဂါများရှိခြင်း
- အနီးမှုန်ကဲ့သို့သော မျက်လုံးအခြေအနေများရှိခြင်း
- မျက်လုံးကို ထိခိုက်ဒဏ်ရာရဖူးခြင်း (သို့) မျက်လုံးခွဲစိတ်ဖူးခြင်း
- အသက် 43 နှစ်မတိုင်မီ သားဥအိမ်နှစ်ဖက်လုံးခွဲထုတ်လိုက်ရခြင်းကြောင့် အီစရိုဂျင် (မိန်းမ)ဟော်မုန်းစောစီးစွာချို့တဲ့ခြင်း
- Corticosteroid ဆေး ကြာရှည်စွဲပြီးသုံးနေခြင်း (အထူးသဖြင့် မျက်စဉ်းများ)
♦ စစ်ဆေးမှုများနှင့် ရောဂါဖော်ထုတ်ခြင်း
ဆရာဝန်က ကျန်းမာရေးရာဇဝင်ကိုသေချာမေးပြီး ပြည့်စုံတဲ့မျက်စိစမ်းသပ်မှုပြုလုပ်ပါလိမ့်မယ်။ စမ်းသပ်မှုများကတော့-
- မျက်လုံးတွင်းဖိအားတိုင်းတာခြင်း
- အမြင်အာရုံကြောပျက်စီးမှုရှိ/မရှိစစ်ဆေးခြင်း
- အမြင်အာရုံဆုံးရှုံးသောနေရာများကိုစစ်ဆေးခြင်း
- မျက်ကြည်လွှာအထူတိုင်းတာခြင်း
- အရည်စီးဆင်းသည့်ထောင့်နေရာကို ကြည့်ရှုစစ်ဆေးခြင်း
♦ ကုထုံးများနှင့်ဆေးဝါးများ
ရေတိမ်ကြောင့်ပျက်စီးသွားမှုများကို ပြန်လည်ကုသလို့ မရပါဘူး။ ဒါပေမယ့် မျက်စိပုံမှန်စစ်ဆေးခြင်းများပြုလုပ်ပြီးတော့ ကနဦးအဆင့်မှာကတည်းက ရောဂါကိုသိရှိမယ်ဆိုရင် ကုသမှုခံယူပြီး အမြင်အာရုံမဆုံးရှုံးအောင် (သို့) နှောင့်နှေးအောင် ကာကွယ်နိုင်ပါတယ်။ ရေတိမ်ကုထုံးရဲ့ရည်ရွယ်ချက်ကတော့ မျက်လုံးတွင်းဖိအားကိုလျှော့ချဖို့ဖြစ်ပါတယ်။ ရောဂါအခြေအနေအပေါ်မူတည်ပြီး မျက်စဉ်း၊ လေဆာကုထုံး၊ ခွဲစိတ်ခြင်း စသည်ဖြင့်ကုထုံးတွေကွဲပြားနိုင်ပါတယ်။
1. မျက်စဉ်းများ
ရေတိမ်ကုထုံးကိုတော့ မျက်စဉ်းစပေးပါတယ်။ မျက်စဉ်းက မျက်လုံးတွင်းမှ အရည်စီးဆင်းမှုပိုကောင်းစေခြင်း (သို့) အရည်ထုတ်လုပ်မှုနည်းစေခြင်းဖြင့် မျက်လုံးတွင်းဖိအားကိုလျော့ကျစေပါတယ်။ ဆရာဝန်တွေညွှန်ကြားတဲ့မျက်စဉ်းတွေကတော့ -
Prostaglandins (lantonoprost, bimatoprost) - မျက်လုံးတွင်းကအရည်တွေကို အပြင်စီးထွက်မှုအားကောင်းစေပြီး မျက်လုံးတွင်းဖိအားကိုလျှော့ချပေးပါတယ်။ ဆိုးကျိုးများမှာ မျက်လုံးအနည်းငယ်နီခြင်း၊ စူးခြင်း၊ မျက်နက်ဝန်းပိုမည်းလာခြင်း၊ မျက်ခမ်းနှင့်မျက်ခွံအရောင်ပြောင်းလာခြင်း၊ အမြင်ဝါးခြင်းတို့ ဖြစ်ကြပါတယ်။
Beta blockers (timolol, betaxolol) - မျက်လုံးမှအရည်ထုတ်လုပ်မှုနည်းစေခြင်းဖြင့် မျက်လုံးတွင်းဖိအားကိုလျော့ကျစေပါတယ်။ ဆိုးကျိုးများမှာ အသက်ရှူရခက်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ သွေးကျခြင်း၊ မျိုးသုန်းခြင်း၊ မောပန်းခြင်းတို့ဖြစ်ကြပါတယ်။
Alpha-adrenergic agonists (apraclonidine, brimonidine) - အရည်ထုတ်လုပ်မှုနှင့် မျက်လုံးထဲမှအရည်များအပြင်စီးထွက်မှုများစေပါတယ်။ ဆိုးကျိုးများမှာ နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးခြင်း၊ မောပန်းခြင်း၊ မျက်လုံးရောင်ခြင်း၊ နီခြင်း၊ ယားခြင်း၊ အာခေါင်ခြောက်ခြင်းတို့ဖြစ်ကြပါတယ်။
Carbonic anhydrase inhibitors (dorzolamide, brinzolamide) - အရည်ထုတ်လုပ်မှုနည်းစေပါတယ်။ ရေတိမ်ရောဂါမှာ သုံးခဲပါတယ်။ ဆိုးကျိုးများမှာ သံဓာတ်ရခြင်း၊ ဆီးခဏခဏသွားခြင်း၊ ခြေချောင်းလက်ချောင်းများထုံကြဉ်ခြင်းတို့ဖြစ်ကြပါတယ်။
Miotic or cholinergic agents (pilocarpine) - မျက်လုံးမှအရည်တွေအပြင်ကိုများများစီးထွက်စေပါတယ်။ ဆိုးကျိုးများမှာ သူငယ်အိမ်သေးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝါးခြင်း၊ အနီးမှုန်ခြင်းတို့ဖြစ်ကြပါတယ်။
2. သောက်ဆေးများ
မျက်စဉ်းတစ်မျိုးတည်းနဲ့ မျက်လုံးတွင်းဖိအားမကျဘူးဆိုရင် ဆရာဝန်က carbonic anhydrase inhibitor သောက်ဆေးညွှန်ကြားပါလိမ့်မယ်။ ဆိုးကျိုးတွေကတော့ ဆီးမကြာခဏသွားခြင်း၊ လက်ချောင်းခြေချောင်းများထုံကြဉ်ခြင်း၊ စိတ်ကျခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်းတို့ဖြစ်ကြပါတယ်။
3. ခွဲစိတ်ခြင်းနှင့် အခြားကုထုံးများ
အခြားကုထုံးတွေကတော့ လေဆာနဲ့ကုသခြင်းနဲ့ ခွဲစိတ်မှုအမျိုးမျိုးဖြစ်ပါတယ်။ ဆိုးကျိုးတွေကတော့ နာခြင်း၊ နီခြင်း၊ ပိုးဝင်ပြီးရောင်ခြင်း၊ သွေးထွက်ခြင်း၊ မျက်လုံးဖိအားပုံမှန်မဟုတ်ဘဲများခြင်း၊ နည်းခြင်း၊ မျက်စိကွယ်ခြင်းတို့ဖြစ်တတ်ပါတယ်။ အချို့သောခွဲစိတ်မှုတွေက အတွင်းတိမ်ပိုဆိုးခြင်းကိုမြန်စေပါတယ်။ ဆရာဝန်နဲ့ပုံမှန်ပြန်ပြနေဖို့လိုတဲ့အပြင် မျက်လုံးတွင်းဖိအားတက်လာရင်တော့ အခြားကုထုံးတစ်မျိုးထပ်လုပ်ဖို့လိုပါလိမ့်မယ်။
4. မျက်လုံးတွင်းမှာအရည်စီးဆင်းမှုကိုကောင်းစေပြီး မျက်လုံးတွင်းဖိအားကိုလျှော့ချပေးနိုင်တဲ့အခြားကုထုံးများ
(1) လေဆာကုထုံး - open-angle glaucoma မှာသုံးပါတယ်။ လေဆာရောင်ခြည်ကိုသုံးပြီး trabecular meshwork မှာရှိတဲ့ သွေးခဲတွေကိုဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။
(2) စစ်ထုတ်သောခွဲစိတ်မှု - မျက်ဖြူသားမှာ အပေါက်ဖောက်ပြီးတော့ အရည်ထွက်တဲ့ တစ်သျှူးအချို့ (trabecular meshwork) ကိုဖယ်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
(3) အရည်စီးထွက်ရန်ပြွန်များထည့်ခြင်း - မျက်လုံးထဲမှာ ပြွန်သေးသေးလေးထည့်ထားခြင်းဖြစ်ပါတယ်။
(4) လျှပ်စစ်ဖြင့်လောင်ကျွမ်းစေခြင်း (electrocautery)
♦ ရုတ်တရက်ဖြစ်သော ရေတိမ် (acute angle glaucoma) ကိုကုသခြင်း
ဒါက အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး မျက်လုံးထဲမှာရှိတဲ့ဖိအားကို လျှော့ချဖို့အတွက်ဆေးကုသမှု ချက်ချင်းခံယူဖို့လိုအပ်ပါတယ်။ သောက်ဆေး၊ လေဆာ (သို့) အခြားခွဲစိတ်မှုတွေပါပေါင်းပြီးတော့ ကုသရပါမယ်။ လေဆာသုံးပြီးတော့မျက်နက်ဝန်းမှာ အပေါက်သေးသေးလေးဖောက်ခြင်းဖြင့် အရည်တွေဒီအပေါက်ကနေစီးထွက်သွားပြီးတော့ ဖိအားလျော့ကျစေပါတယ်။
♦ လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ
ဒီအချက်တွေက မျက်လုံးတွင်းဖိအားကိုထိန်းချုပ်ပြီး မျက်လုံးကျန်းမာစေဖို့အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။
1. ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားသုံးပါ
ကျန်းမာရေးကိုကောင်းမွန်စေသော်လည်း ရေတိမ်ပိုဆိုးခြင်းကိုတော့ မကာကွယ်နိုင်ပါဘူး။ အစိိမ်းရင့်ရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ omega-3 fatty acids ကြွယ်ဝသော ငါးများအပါအဝင် ဗီတာမင်နဲ့သတ္တုဓာတ်အမျိုးမျိုးက မျက်လုံးကျန်းမာရေးအတွက်အရေးကြီးပါတယ်။
2. လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက open-angle glaucoma မှာ မျက်လုံးတွင်းဖိအားကိုကျစေပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့လေ့ကျင့်ခန်းပြုလုပ်ပါ။
3. ကဖင်းဓာတ်ကို ကန့်သတ်ထားပါ
ကဖင်းဓာတ်များတဲ့ အချိုရည်တွေကိုသောက်သုံးခြင်းက မျက်လုံးတွင်းဖိအားတက်စေပါတယ်။
4. အရည်နည်းနည်းနဲ့မကြာခဏသောက်ပါ
အရည်တစ်ခါသောက်လျှင်အတော်အသင့်ပဲသောက်ပါ။ အချိန်တိုအတွင်းမှာ အရည်အများကြီး တစ်ခါတည်းသောက်ခြင်းက မျက်လုံးဖိအားကိုများစေပါတယ်။
5. ခေါင်းကိုမြှင့်ပြီးအိပ်ပါ
အိပ်လျှင်ခေါင်းအောက်မှာ ခေါင်းအုံးခံပြီးတော့ 20 ဒီဂရီလောက်မြှင့်အိပ်ခြင်းဖြင့် အိပ်နေစဉ် မျက်လုံးတွင်းဖိအားကိုလျော့ကျစေပါတယ်။
6. ညွှန်ကြားထားသောဆေးများကိုသောက်ပါ
ဆေးတွေနဲ့မျက်စဉ်းတွေကိုညွှန်ကြားတဲ့အတိုင်းသေချာမသောက်ဘူး၊ မခပ်ဘူးဆိုရင် အမြင်အာရုံကြောပျက်စီးမှုပိုဆိုးစေပါလိမ့်မယ်။
အချို့သောမျက်စဉ်းတွေက သွေးစီးကြောင်းထဲကိုရောက်သွားတဲ့အတွက် မျက်လုံးနဲ့မဆိုင်ဘဲ အခြားဆိုးကျိုးတွေကို ကြုံတွေ့ရစေနိုင်ပါတယ်။ ဒီလိုစုပ်ယူမှုနည်းစေဖို့အတွက် မျက်စဉ်းခပ်ပြီးရင်မျက်လုံးကို တစ်မိနစ်၊ နှစ်မိနစ်ခန့်ပိတ်ထားပါ။ (သို့) မျက်ရည်ပြွန်ကိုပိတ်စေဖို့အတွက် နှာခေါင်းနားကမျက်လုံးထောင့်လေးကို တစ်မိနစ်၊ နှစ်မိနစ်ခန့် ဖွဖွလေးဖိထားပေးပါ။ မျက်ခွံပေါ်မှာတင်နေတဲ့ မျက်စဉ်းစက်တွေကိုသုတ်ပစ်ပါ။
♦ ကာကွယ်ခြင်း
ရေတိမ်ကိုမကာကွယ်နိုင်ပေမယ့် အောက်ပါနည်းလမ်းများက စောစောသိစေပြီး ပိုမဆိုးအောင်ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
1. မျက်လုံးပုံမှန်စစ်ဆေးပါ
ပုံမှန်စစ်ဆေးခြင်းဖြင့် ကုသလို့မရနိုင်တော့တဲ့အဆင့်မရောက်မီ စောစောသိစေနိုင်ပါတယ်။ အသက် 40 အရွယ်မှစပြီး လေးနှစ်တစ်ကြိမ်၊ အသက် 65 နှစ်မှစပြီး နှစ်နှစ်တစ်ကြိမ် မျက်လုံးပုံမှန်စစ်သင့်ပါတယ်။ ဖြစ်နိုင်ချေများရင်တော့ မကြာခဏစစ်ဆေးသင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ်စစ်သင့်တယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပါ။
2. မိသားစုမျိုးရိုးမှာမျက်လုံးရောဂါတွေအကြောင်းသိအောင်လုပ်ပါ
ရေတိမ်က မျိုးရိုးလိုက်တတ်တဲ့အတွက် ဖြစ်နိုင်ချေများရင် မကြာခဏ မျက်လုံးစစ်ဆေးမှုပြုလုပ်ဖို့ လိုပါတယ်။
3. လေ့ကျင့်ခန်းလုပ်ပါ။
4. ဆရာဝန်ညွှန်ကြားတဲ့မျက်စဉ်းပုံမှန်ခပ်ပါ
5. မျက်လုံးအကာအကွယ်များတပ်ဆင်ပါ
မျက်လုံးကိုပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရင် ရေတိမ်ဖြစ်စေနိုင်တဲ့အတွက် မျက်လုံးကို ထိခိုက်နိုင်လောက်တဲ့ ကစားနည်းတွေကစားရင် မျက်လုံးအကာများဝတ်ဆင်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























